DVB Logo
Home
မြန်မာသတင်း
လန်ဒန်ရောက်မြန်မာများ ရွေးကောက်ပွဲကို ဆန့်ကျင်၊  ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန်  တောင်းဆို
DVB
·
September 19, 2025
လန်ဒန်ရောက်မြန်မာများ ရွေးကောက်ပွဲကို ဆန့်ကျင်၊  ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန်  တောင်းဆို
1 / 2
Donate to DVB

အာဏာသိမ်းစစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ယူကေနိုင်ငံ လန်ဒန်မြို့မှာရောက်ရှိနေကြတဲ့ မြန်မာနိုင်ငံသားတွေက ဆန့်ကျင်ကန့်ကွက်လိုက်ပြီး အကျဉ်းကျနေတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး အခြေအနေကို စိုးရိမ်နေတဲ့အတွက် အမြန်ဆုံး ပြန်လွှတ်ပေးဖို့ကို စုပေါင်း ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။

လာမယ့် ဒီဇင်ဘာလမှာ ပြုလုပ်မယ့် စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို လုံးဝ လက်မခံကြောင်းနဲ့ လူထုခေါင်းဆောင်ကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ လန်ဒန်ရောက် မြန်မာနိုင်ငံသားတယောက်ဖြစ်တဲ့   မစုစုမြတ်ဌေးက ပြောပါတယ်။

“မြန်မာပြည်သူတယောက်အနေနဲ့ အခုလက်ရှိ အာဏာရှင်အစိုးရ စစ်ကောင်စီကနေလုပ်မယ့် ရွေးကောက်ပွဲကို အပြင်းအထန် ရှုတ်ချပါတယ်၊ လုံးဝလက်သင့်မခံပါဘူးရှင်။ ရွေးကောက်ပွဲကို ဆန့်ကျင်ရတဲ့ အဓိက အကြောင်းအရင်းကတော့ မတရားသဖြင့် လုပ်ထားတဲ့ ရွေးကောက်ပွဲဖြစ်တယ်။ အဲဒါနံပါတ်တစ်။ နောက် မတရားသဖြင့် တိုင်းပြည်အာဏာကို သိမ်းပြီးတော့ စီစဉ်တဲ့ရွေးကောက်ပွဲ ဖြစ်တဲ့အတွက် လုံးဝမထောက်ခံတာပါ။ ကျမတို့ တိုင်းပြည် မိခင်ကြီးကို ဒီလိုမျိုး မတရားဖမ်းဆီးထား နှိပ်စက်ထားတာဟာ သေကာနီးမှ ပြန်လွှတ်ပေးဖို့ အကြံအစည်နဲ့လည်း ဖြစ်နိုင်သလို ထောင်ထဲမှာ သေစေချင်တဲ့ အစီအစဉ်နဲ့လည်း ဖြစ်နိုင်ပါတယ်။ အဲဒီအတွက် ဒါကိုလည်း ကျမတို့က ပြင်းပြင်းထန်ထန်ရှုတ်ချပြီးတော့ အမြန်ဆုံး လွှတ်ပေးဖို့အတွက် တောင်းဆိုနေရတာဖြစ်ပါတယ်။”

စစ်ကောင်စီဟာ နိုင်ငံခေါင်းဆောင်တွေကို မတရား ထောင်သွင်းအကျဉ်းချထားတာဖြစ်ပြီး ထောင်တွင်း ကျန်းမာရေး ဆိုးဝါးလာချိန်မှာမှ ပြန်လွှတ်ပေးတာမျိုး၊ ထောင်တွင်း ကျဆုံးချိန်မှ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးတာမျိုးတွေ လုပ်နေလို့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အတွက် စိုးရိမ်နေကြောင်းကို လန်ဒန်ရောက် ကိုအဏ္ဏဝါဝင်းကိုက ပြောပါတယ်။

“ကြိုတင်မဲတွေတောင်း၊ မတရားရွေးကောက်ပွဲကို ပါဝင်ခိုင်းတယ် ဆိုတာက ဂုဏ်ထူးနဲ့ အောင်ပြီးသား စာမေးပွဲကို မတရားအာဏာနဲ့ ပြန်ဖြေခိုင်းနေသလို ခံစားရပါတယ်။ ပြည်ပရောက် မြန်မာပြည်သူတွေက မတရားစစ်အာဏာရှင်ကလုပ်တဲ့ မတရားရွေးကောက်ပွဲကို ဘယ်လိုမှ လက်မခံသလို ဘယ်လိုမှလည်း အသိအမှတ်မပြုပါဘူးခင်ဗျ။ တိုင်းပြည်မိခင် အမေ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး တအားမဆိုးသွားခင်မှာ လွှတ်ပေးဖို့ကို တောင်းဆိုနေကြတာပါ။ အရှေ့က ဥပမာတွေဖြစ်တဲ့ ဆရာကြီးဇော်မြင့်မောင်တို့၊ ကိုဖေမောင်စိမ်းတို့ မတရားစွပ်စွဲခံရပြီး ဖမ်းဆီးနှိပ်စက်ခံရသလို သေကာနီးမှ ပြန်လွှတ်တာမျိုးကိုလည်း ကျနော်တို့ လက်မခံနိုင်ပါဘူး၊ အမေ ဒေါ်အောင်ဆန်းစုကြည်လို အဲဒီလိုပုံစံမျိုးဖြစ်အောင် သူတို့ ကြံစည်နေတယ်ဆိုတာလည်း သိသာပါတယ်။”

လန်ဒန်မြို့မှာရှိတဲ့ မြန်မာသံရုံးရှေ့မှာ မြန်မာနိုင်ငံသားတွေဟာ လူထုခေါင်းဆောင်လွှတ်ပေးရေး၊ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံကြောင်းနဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း အပတ်စဉ် တောင်းဆို ဆန္ဒပြနေကြပါတယ်။

မစုစုမြတ်ဌေးက “ကျမတို့ရဲ့ မြန်မာကိုယ်စားပြု သံအမတ်ကြီး ဦးကျော်မိုးထွန်းကိုလည်း လက်ရှိအချိန်ထိကို ၁၀၀ ရာခိုင်နှုန်းထိကို ကျမတို့တွေ ထောက်ခံပါတယ်။ ဘာကြောင့်လဲဆိုရင် သံအမတ်ကြီးဆီကနေ တဆင့် ကျမတို့ မြန်မာနိုင်ငံရဲ့ ပြည်သူ့အသံ မြန်မာနိုင်ငံရဲ့ မတရားခံနေရတဲ့ စစ်အာဏာရှင်တွေရဲ့ မတရားဆိုးဝါးမှုတွေကို နိုင်ငံတကာက သိအောင်၊ ကမ္ဘာက သိအောင် တဆင့် ပြောနိုင်မှာမို့လို့ပါ” လို့ ပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံ လန်ဒန်မြို့ မြန်မာသံရုံးကနေ လန်ဒန်ရောက် မြန်မာတွေ ကြိုတင်မဲပေးနိုင်ဖို့ ပုံစံ ၁၅ ကို စက်တင်ဘာ ၈ ရက် နောက်ဆုံးထားပေးပို့ဖို့ ကြေညာထားပေမဲ့ လာရောက်စာရင်းပေးသူ မရှိသလောက် နည်းပါးတဲ့အတွက် ပုံစံ ၁၅ ပြန်လည်ပေးပို့ရမယ့်ရက်ကို အောက်တိုဘာ ၆ ရက်ထိ တိုးမြှင့်ထားပါတယ်။

ဝေဝေ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013