DVB Logo
Home
ဆောင်းပါး
မြေရှားသတ္တုနှင့် မဲခေါင်မြစ် ပျက်စီးမည့်အန္တရာယ်
DVB
·
September 19, 2025
မြေရှားသတ္တုနှင့် မဲခေါင်မြစ် ပျက်စီးမည့်အန္တရာယ်
Donate to DVB

ရှမ်းလူ့အခွင့်အရေးဖောင်ဒေးရှင်း (SHRF) ရဲ့ မကြာသေးမီက ထုတ်ပြန်ချက်မှာ ကိုးကားထားတဲ့ ဂြိုဟ်တုဓာတ်ပုံတွေနဲ့ အမေရိကန်အခြေစိုက် Stimson Center ရဲ့ ဇူလိုင်လမှာ ထုတ်ပြန်ခဲ့တဲ့ တွေ့ရှိချက်တွေဟာ စိုးရိမ်ဖွယ်ရာ အမှန်တရားတခုကို အတည်ပြုနေပါတယ်။ အဲဒါကတော့ အရှေ့တောင်အာရှဒေသ အထူးသဖြင့် မြန်မာနဲ့ လာအိုနိုင်ငံတွေမှာ မြေရှားသတ္တုတူးဖော်ရေး လုပ်ကွက်တွေ အစုလိုက်အပြုံလိုက် ပေါ်ပေါက်လာနေတယ် ဆိုတာပါပဲ။

မြန်မာပြည်မြောက်ပိုင်း ကချင်ပြည်နယ်မှာဆိုရင် အရေးကြီးတဲ့ ရေဝေရေလဲ တောင်တန်းတွေပေါ်မှာ မြေရှားသတ္တုတွင်း ၃၀၀ ကျော်ဟာ အမာရွတ်တွေလို ဖြစ်နေပါပြီ။ ကချင်ပြည်နယ်က သဘာဝပတ်ဝန်းကျင်ပျက်စီးမှုဟာ ဆိုးရွားတဲ့အဆင့်ကို ရောက်ရှိနေပါပြီ။ ဒီသတ္တုတွင်းအများစုကို မြန်မာစစ်အာဏာရှင်တွေကို တော်လှန်နေတဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ထိန်းချုပ်ထားပေမဲ့ တူးဖော်ရေးလုပ်ငန်းတွေကတော့ မရပ်မနား ဆက်လက်လုပ်ဆောင်နေပါတယ်။

KIA အတွက် မြေရှားသတ္တုကရတဲ့ ဝင်ငွေဟာ သူတို့ရဲ့ လက်နက်ကိုင်တော်လှန်ရေးကို ဆက်လက်ရှင်သန်စေဖို့ အသက်သွေးကြောတခု ဖြစ်နေပါတယ်။ ဒါပေမဲ့ စစ်ကောင်စီနဲ့ မတူတာက KIA ဟာ ဒေသခံတွေရဲ့အသံကို အတိုင်းအတာတခုအထိ နားထောင်မှုရှိပါတယ်။ ဥပမာအားဖြင့် ထိခိုက်နစ်နာတဲ့ ရွာသားတွေကို လျော်ကြေးပေးတာ၊ သုတေသနပညာရှင်တွေကို သတ္တုတွင်းဧရိယာတွေထဲ ဝင်ခွင့်ပြုတာမျိုးတွေပါ။ ကချင်ပြည်နယ်က မြေရှားသတ္တုကုန်ကြမ်း အားလုံးဟာ တရုတ်နိုင်ငံထဲကို တိုက်ရိုက်စီးဝင်သွားပါတယ်။

ဒါပေမဲ့ မဲခေါင်ဒေသအတွက် ထိတ်လန့်စရာ အကောင်းဆုံးကိစ္စကတော့ မြစ်ရဲ့ မြစ်ဖျားပိုင်းနားမှာ မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းတွေ အများအပြား တွေ့ရှိလာရတာပါပဲ။ ရှမ်းပြည်နယ်အရှေ့ပိုင်း တရုတ်နယ်စပ်အနီးက မိုင်းပေါက်မြို့မှာဆိုရင် သတ္တုတွင်းနေရာ ၂၅ ခုကနေ ၃၀ အထိ တွေ့ရှိထားပါတယ်။ ဒီလုပ်ငန်းတွေဟာ မဲခေါင်မြစ်ထဲကို စီးဝင်တဲ့ လွေမြစ်နဲ့ သံလွင်မြစ်ထဲကို စီးဝင်တဲ့ ခါမြစ်ကြားမှာ တည်ရှိနေတာပါ။ ဒါကြောင့် နိုင်ငံတကာမြစ်ကြီး နှစ်စင်းထဲကို သတ္တုအကြီးစား အဆိပ်အတောက်တွေ ပျံ့နှံ့သွားနိုင်တဲ့ အန္တရာယ်ဟာ အလွန်ကြီးမားနေပါတယ်။

နောက်ထပ်နေရာတခုကတော့ ရှမ်းပြည်အရှေ့ပိုင်းက မိုင်းယော်မြို့နယ်ဖြစ်ပြီး မဲခေါင်မြစ်နဲ့ ကီလိုမီတာ ၄၀ အတွင်းမှာပဲ မြေရှားသတ္တုတွင်း အနည်းဆုံး ၁၉ ခု ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် မဲခေါင်မြစ်ရဲ့ မြစ်လက်တက်တွေဖြစ်တဲ့ ကော့မြစ် (နမ့်ခုတ်မြစ်) နဲ့ မယ်ဆိုင်မြစ်တွေရဲ့ မြစ်ဖျားပိုင်းတွေမှာလည်း သတ္တုတွင်းတွေ ထပ်မံတွေ့ရှိထားရပြီး လာအိုနိုင်ငံမြောက်ပိုင်းနဲ့ အလယ်ပိုင်းတွေမှာလည်း နေရာအနှံ့မှာ တွေ့နေရပါတယ်။

အရှေ့တောင်အာရှရဲ့ “မိခင်မြစ်ကြီး” ဖြစ်တဲ့ မဲခေါင်မြစ်ဟာ အခုဆိုရင် သူ့ရဲ့သမိုင်းတလျှောက်မှာ အဆိုးရွားဆုံး သဘာဝပတ်ဝန်းကျင် အကျပ်အတည်းနဲ့ ရင်ဆိုင်နေရပါပြီ။ ဒါဟာ ရေအားလျှပ်စစ်ဆည်တွေထက်တောင် ပိုပြီး ပျက်စီးစေနိုင်ပါတယ်။ ဆည်တွေက မြစ်ရဲ့စီးဆင်းမှုကို ပြောင်းလဲစေပေမဲ့ ရေကတော့ ဆက်စီးနေဦးမှာပါ။ ဒါပေမဲ့ သတ္တုအကြီးစားအဆိပ်သင့်မှုကတော့ မတူပါဘူး။ သူက သက်ရှိအားလုံးကို တဖြည်းဖြည်းချင်း သတ်ပစ်ပါတယ်။ မြစ်ကြီးကိုယ်တိုင်ကိုလည်း သတ်ပစ်ပါတယ်။ မဲခေါင်မြစ်ရေကို သောက်သုံးလို့ မရတော့တဲ့ တနေ့မှာ လူသန်းပေါင်းများစွာဟာ ကပ်ဘေးနဲ့ ရင်ဆိုင်ကြရမှာပါ။

သတိပေးလက္ခဏာတွေကတော့ မြင်သာနေပါပြီ။ ၂၀၂၅ ခုနှစ် ဇူလိုင်လမှာ မဲခေါင်မြစ်ကော်မရှင် (MRC) က ရွှေတြိဂံဒေသနဲ့ ထိုင်း-လာအိုနယ်စပ်ကြားမှာ အန္တရာယ်ရှိတဲ့ သတ္တုအကြီးစား ပမာဏတွေ တွေ့ရှိရကြောင်း အစီရင်ခံခဲ့ပါတယ်။ ထိုင်းနိုင်ငံရဲ့ ညစ်ညမ်းမှုထိန်းချုပ်ရေးဌာနကလည်း ချင်းဆန်ဒေသမှာ အာဆင်းနစ်အဆိပ်အတောက် အန္တရာယ်ရှိတဲ့အဆင့်ကို အတည်ပြုခဲ့ပါတယ်။ ဒီတွေ့ရှိချက်တွေဟာ မြစ်ညာပိုင်းက သတ္တုတွင်းတွေကနေထွက်တဲ့ အဆိပ်သင့်ရေတွေဟာ မဲခေါင်မြစ်အောက်ပိုင်းထဲကို စိမ့်ဝင်နေပြီ ဆိုတာကို ရှင်းရှင်းလင်းလင်း ပြသနေတဲ့ သတိပေးချက်တခုပါပဲ။

ဒီသတ္တုတွင်းအများစုဟာ စံချိန်မမီတဲ့ အခြေခံနည်းပညာတွေနဲ့ လုပ်ဆောင်နေတာပါ။ သတ္တုတွင်းဧရိယာတွေဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ အကာအကွယ်အောက်မှာ ရှိနေပြီး သူတို့က နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေ (အများစုက တရုတ်ကုမ္ပဏီတွေ) ကို လုပ်ပိုင်ခွင့်တွေ ချပေးထားတာပါ။ ရှမ်းပြည်နယ်က ကော့မြစ်နဲ့ မယ်ဆိုင်မြစ်ဖျားပိုင်းက မြေရှားသတ္တုနဲ့ ရွှေသတ္တုတွင်းတွေကနေ စီးဆင်းလာတဲ့ သတ္တုအကြီးစားတွေဟာ မြစ်အောက်ပိုင်းက ထိုင်းရွာသားတွေ အပါအဝင် ဒေသခံတွေကို ထိခိုက်စေပြီး ထိုင်းအစိုးရကို ဒီကိစ္စကို ကိုင်တွယ်ဖို့ ဖိအားပေးနေပါတယ်။

သတ္တုတွင်းတွေဟာ တရုတ်ပိုင် ဖြစ်တယ်ဆိုတဲ့ သက်သေအထောက်အထားတွေကြောင့် တရုတ်ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးမှုတွေတောင် ပြုလုပ်ခဲ့ပါတယ်။ ဒါပေမဲ့ တရုတ်အရာရှိတွေကတော့ ဒါတွေဟာ တရုတ်စီးပွားရေးလုပ်ငန်းတွေ မဟုတ်ဘူးလို့ အကြိမ်ကြိမ် ငြင်းဆိုခဲ့ပါတယ်။

ဒါပေမဲ့ ကော့မြစ်ဖျားပိုင်းနားမှာ နေထိုင်တဲ့ ရှမ်းရွာသားတွေကတော့ တခြားဇာတ်လမ်းတပုဒ်ကို ပြောပြပါတယ်။ သတ္တုတွင်းတွေကို တရုတ်လူမျိုးတွေက လုပ်ကိုင် လည်ပတ်နေပြီး ‘ဝ’ စစ်သားတွေက လုံခြုံရေး တင်းတင်းကျပ်ကျပ် ယူပေးထားတယ်လို့ သူတို့က စွပ်စွဲခဲ့ကြပါတယ်။ ဒီရွာသားတွေက သူတို့ကိုယ်တိုင် ကော့မြစ်တလျှောက် သတ္တုတွင်း နေရာအသစ်တွေ ရှာဖွေတဲ့ စူးစမ်းရေးအဖွဲ့တွေကို လိုက်ပို့ပေးခဲ့ရတယ်လို့ ဆိုပါတယ်။

လိုအပ်နေတာကတော့ ဒီပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းဖို့ ယုံကြည်စိတ်ချရတဲ့ စုံစမ်းစစ်ဆေးမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုပါပဲ။

ဘေဂျင်းအစိုးရ လုပ်သင့်တာကတော့ သူတို့ မြန်မာပြည်ကနေ တင်သွင်းနေတဲ့ မြေရှားသတ္တုတွေရဲ့ တကယ့်မူလရင်းမြစ်ကို ခြေရာခံဖို့ပါပဲ။ ဒါမှ သူတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ထုတ်ကုန်တွေမှာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စံနှုန်းတွေကို လိုက်နာကြောင်း ပြသနိုင်မှာဖြစ်ပါတယ်။

တရုတ်နိုင်ငံဟာ သူ့နိုင်ငံထဲမှာတော့ ကမ္ဘာ့အတင်းကျပ်ဆုံး ပတ်ဝန်းကျင်ဆိုင်ရာ စည်းမျဉ်းတွေကို ကျင့်သုံးနေပါတယ်။ တရုတ်ငွေတွေ ရင်းနှီးမြှုပ်နှံထားတဲ့ တခြားနိုင်ငံတွေမှာလည်း ဒီလို မြင့်မားတဲ့ စံနှုန်းတွေကို ကျင့်သုံးကြောင်း ပြသဖို့ အချိန်တန်ပါပြီ။ ဘယ်အသိုက်အဝန်း၊ ဘယ်နိုင်ငံကမှ ကျင့်ဝတ်မရှိတဲ့ ရင်းနှီးမြှုပ်နှံမှုကို လိုချင်ကြမှာ မဟုတ်ပါဘူး။

ပတ်စကွန် ဂျွန်လောင်ရတ်ခ်ျ

Ref: Bangkok Post 

(ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပို့စ် သတင်းစာတွင် ဆောင်းပါးရှင် Paskorn Jumlongrach ရေးသားထားသည့် “Rare earth and the risk of Mekong havoc” ဆောင်းပါးကို ဘာသာပြန်ဆို ဖော်ပြသည်။ Paskorn Jumlongrach သည် ထိုင်းနိုင်ငံအခြေစိုက် သီးခြားလွတ်လပ်သည့် သတင်းဌာနတခုဖြစ်သည့် Transborder News ၏ တည်ထောင်သူအယ်ဒီတာဖြစ်သည်။)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013