
ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် စင်းခန်းတံတားအနီးမှာ စစ်အာဏာရှင်ဘက်ကနေ အလံဖြူထောင် အလင်းဝင်ရောက်လာတာ ဗိုလ်ကြီး ၂ ယောက် အပါအဝင် လက်နက်ကိုင် ၁၁၈ ယောက် ရှိတယ်လို့ KIA နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ကချင်ပြည်နယ်၊ ရွှေကူကနေ ဗန်းမော်မြို့ဆီကိုဆန်တက်လာတဲ့ စစ်အာဏာရှင်တပ်တွေရဲ့ စစ်သင်္ဘောရေယာဉ်အုပ်စုကို စင်းခန်းတံတားနားမှာ KIA ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ပြီးနောက် စစ်သင်္ဘောတချို့ ထိခိုက်ပျက်စီးခဲ့ပြီး စက်တင်ဘာ ၂ ရက်နေ့က လက်နက်ကိုင်တွေအပါအဝင် စစ်သုံ့ပန်း ၁၅၁ ယောက် ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
အဲဒီစစ်သုံ့ပန်းတွေကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က လုံခြုံတဲ့နေရာမှာ ထိန်းသိမ်းထားပြီး စစ်ဆေးမေးမြန်းနေတယ်လို့ KIA နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
“ဖမ်းမိတဲ့ စစ်သုံ့ပန်းက ၁၅၁ ဦး ဖမ်းမိတယ်။ အဲဒီထဲမှာ ဗိုလ်ကြီးက ၂ ယောက်၊ အရာခံဗိုလ်က ၅ ယောက်၊ တပ်ကြပ်ကြီး ၁၄ ယောက်၊ တပ်ကြပ် ၁၂ ယောက်၊ ဒုတပ်ကြပ် ၁၆ ယောက်နဲ့ စစ်သား ၃၅ ယောက်။ အဲလိုဆိုတော့ ဖမ်းမိတဲ့ စစ်အာဏာရှင်တပ်ဖွဲ့ဝင် ၈၄ ယောက် ရှိတယ်။ လက်ရှိ စစ်ဆေးမေးမြန်းထားတဲ့ အခြေအနေ သိရသလောက်။ စစ်မှုထမ်းဥပဒေနဲ့ အဓမ္မစုဆောင်းခံထားရတဲ့ အသက် ၁၆-၃၀ ကြား လူငယ် ၃၄ ယောက်လည်း ပါတယ်။ အဲဒီလိုဆိုတော့ အားလုံးဖမ်းမိတာ လက်နက်ကိုင်တာက ၁၁၈ ဦးကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးပြီး သေချာထိန်းသိမ်း စောင့်ရှောက်ထားပါတယ်”
ဗန်းမော်မြို့ကို တက်လာတဲ့ စစ်အာဏာရှင်တပ်ရေယာဉ်တွေကို စင်းခန်းတံတားအနီး တိုက်ခိုက်ခဲ့ရာမှာ အလံဖြူထောင် အလင်းဝင်ရောက်လာသူတွေထဲမှာ ဗိုလ်ကြီးအဆင့် ၂ ယောက် အပါအဝင် လက်နက်ကိုင်အင်အား ၁၁၈ ယောက်အထိ ပါဝင်တယ်လို့ KIA ကလည်း သတင်းထုတ်ပြန်ထားပါတယ်။
ဖမ်းဆီးရမိသူတွေထဲမှာ အမျိုးသမီးရဲမေအဖြစ် တာဝန်ထမ်းဆောင်တဲ့ အိမ်ထောင်သည် တပ်မိသားစုဝင် အမျိုးသမီး ၁၇ ယောက် ပါဝင်ပြီးတော့ အဲဒီအမျိုးသမီးတွေရဲ့ အသက် ၄ လ အရွယ်ကနေ ၄ နှစ်အရွယ်အထိ ကလေးတွေ ပါဝင်တယ်လို့လည်း ဆိုပါတယ်။
KIA နဲ့ နီးစပ်သူတယောက်က “အမျိုးသမီးနဲ့ ကလေးငယ်တွေ ပါတယ်။ ဒီအမျိုးသမီးတွေရဲ့ ကလေးတွေက ၄ လကနေ ၄ နှစ်အရွယ်အထိက ကလေးတွေအမေတွေနဲ့အတူ ထိန်းသိမ်းထားတယ်။ နောက်ပြီး သင်္ဘောလမ်းကြုံစီးတာပေါ့။ အဲဒီလိုလမ်းကြုံစီးတဲ့ အရပ်သား ၈ ယောက်ကိုလည်း ထိန်းသိမ်းထားပါတယ်။ အားလုံးကို နိုင်ငံတကာစစ်သုံ့ပန်းဥပဒေနဲ့အညီ စောင့်ရှောက်ထားပါတယ်” လို့ ပြောပါတယ်။
ဖမ်းဆီးရမိတဲ့ လက်နက်ကိုင်အပါအဝင် စစ်သုံ့ပန်း စုစုပေါင်း ၁၅၁ ယောက်ကို လုံခြုံတဲ့နေရာမှာ ရွှေ့ပြောင်းထားပြီး နိုင်ငံတကာ စစ်သုံ့ပန်းဥပဒေနဲ့ အညီ စောင့်ရှောက်ထားတယ်လို့ သိရပါတယ်။
စစ်အာဏာရှင်တပ်တွေဟာ စက်တင်ဘာလဆန်းပိုင်းမှာ ဗန်းမော်ကို စစ်ကူဖို့ လူအင်အား၊ လက်နက်အင်အားနဲ့ ရိက္ခာတွေ တင်ဆောင်ထားတဲ့ စစ်သင်္ဘောတွေ အပါအဝင် သင်္ဘောအစင်းရေ ၃၀ ကျော်ကို နှစ်သုတ်ခွဲ စေလွှတ်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီစစ်သင်္ဘောအုပ်စုဟာ ဧရာဝတီမြစ်ကြောင်းတလျှောက် KIA ပူးပေါင်းတပ်တွေရဲ့ တိုက်ခိုက်ခံရပြီး သင်္ဘောတချို့ ပျက်စီးနစ်မြုပ်ခဲ့ရပါတယ်။
စစ်တပ်ဟာ ဗန်းမော်နဲ့ ရွှေကူမြို့နယ်ထဲက ဧရာဝတီမြစ်ကြောင်းတလျှောက် လေကြောင်းကနေ ပစ်ခတ်တာအပြင် ဒရုန်းတွေသုံးပြီးလည်း တိုက်ခိုက်နေပြီး လက်ရှိမှာ စင်းခန်းတံတားအနီးနဲ့ ရွှေကူမြို့နယ်ထဲက ဇင်းဘုံရွာအနီးမှာ စစ်တပ်နဲ့ KIA ပူးပေါင်းတပ်တွေ တိုက်ပွဲတွေဆက်ပြီး ပြင်းထန်နေတယ်လို့ ရှေ့တန်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။











