
တမူးမြို့နယ် အပါအဝင် စစ်ကိုင်းတိုင်းက စစ်ဘေးသင့်ဒေသတွေမှာ အမျိုးသမီးလစဥ်သုံးပစ္စည်းတွေ ၄ ဆကျော် ဈေးမြင့်တက်နေလို့ စစ်ရှောင်အမျိုးသမီးအများစု ဝယ်မသုံးနိုင်ဘဲ ဖြစ်နေကြပါတယ်။
ဩဂုတ်လ ပထမအပတ်ကစပြီး စစ်ကိုင်းတိုင်းထဲကို ဆေးဝါးနဲ့ အခြေခံလူသုံးကုန်ပစ္စည်း ၈ မျိုး သယ်ယူခွင့်ကို စစ်တပ်က ကန့်သတ်ခဲ့ပါတယ်။
အဲဒါအပြင် အမျိုးသမီးလစဥ်သုံးပစ္စည်းနဲ့ ကလေးသေးခံဒိုက်ဘာတွေကိုပါ တင်သွင်းခွင့်မပြုဘဲ စစ်ကိုင်းတံတားမှာတင် ဖမ်းဆီး သိမ်းဆည်းတာတွေ လုပ်ဆောင်နေတာပါ။
အဲဒီလို ကန့်သတ်ပြီး တလကျော်အကြာမှာ စစ်ကိုင်းတိုင်းထဲက တမူးမြို့နယ်မှာ အမျိုးသမီး လစဥ်သုံးပစ္စည်းတွေ ပြတ်လပ်နေပြီး ကလေး-တမူး လမ်းမကြီးနားက ရွာတွေကနေ စစ်ရှောင်နေရတဲ့ အမျိုးသမီးတွေအနေနဲ့ လစဉ်သုံးပစ္စည်း ဝယ်မသုံးနိုင်တဲ့အတွက် ကျန်းမာရေး ထိခိုက်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တမူးမြို့နယ် အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာ ဝန်ကြီးဌာန တာဝန်ခံက ပြောပါတယ်။
အရင်က အမျိုးသမီး လစဉ်သုံးပစ္စည်း တထုပ်ကိုကျပ် ၈၀၀ ဝန်းကျင်လောက် ရှိရာကနေ လက်ရှိမှာ ကျပ် ၃,၆၀၀ လောက်အထိ ဈေးတက်သွားတာ ဖြစ်ပါတယ်။
NUG အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာဝန်ကြီးဌာန၊ တမူးမြို့နယ်တာဝန်ခံ ဒေါ်ခိုင်လေးက “ကလေးတွေမှာက မိုးရာသီ ဝမ်းပျက်ဝမ်းလျှော ဖြစ်နေလို့ ကျန်းမာရေးအဖွဲ့တွေ သွားကုပေးနေရတာတော့ ရှိတယ်။ ကုန်ကျစရိတ် ကြီးတာတွေ၊ အခွန်တွေနဲ့က ပုံမှန်ဆေးကုသဖို့ မလုပ်နိုင်ကြဘူးလေ။ အဲ့ကြောင့် အသက်တွေ ဆုံးရှုံးနေရတာ၊ အမျိုးသမီးတွေမှာဆိုလည်း ဈေးကြီးလို့ လစဥ်သုံးကိုတောင် မသုံးနိုင်တဲ့ အမျိုးသမီးတွေ ရှိတယ်။ ကျန်းမာရေးပိုင်းကတော့ တော်တော်အားနည်းနေတယ်။ ကာကွယ်ဆေးထိုးမှုဆိုလည်း စိုးမိုးနယ်မြေအတွင်း မရှိသလောက်ပါပဲ” လို့ ပြောပါတယ်။
တမူးမြို့နယ်အပြင် စစ်ကိုင်းတိုင်းထဲမှာ လက်ရှိ တိုက်ပွဲတွေဖြစ်နေတဲ့ ပုလဲ၊ စလင်း၊ ယင်းမာပင်ဘက်အခြမ်းက စစ်ရှောင်စခန်းတွေမှာလည်း အလားတူ အမျိုးသမီးလစဉ်သုံးပစ္စည်း ပြတ်လပ်မှုတွေ ကြုံနေရတဲ့အတွက် ဓမ္မတာလာရင် မသန့်ရှင်းတဲ့ အဝတ်တွေနဲ့ ဖြေရှင်းနေရတယ်လို့ ပုလဲမြို့နယ်ဘက်ခြမ်းမှာ စစ်ရှောင်တွေကို ကူညီနေသူတယောက်ကလည်း DVB ကို ဆက်ရှင်းပြပါတယ်။
“ဆိုင်တွေမှာဝယ်တယ်၊ သူတို့(စစ်ရှောင်)ရှောင်တဲ့နေရာတွေက ဆိုင်တွေမှာ ဝယ်တယ်။ အဲဒီဆိုင်တွေမှာလည်း မရှိဘူး။ မရှိတော့ ဘယ်လိုလုပ်ရလဲဆိုတော့ ကျမတို့ ဟိုးရှေးတုန်းကလိုပေါ့ အမျိုးသမီးတွေ ခါးတောင်းကျိုက်ရတဲ့ပုံမျိုး၊ အဲလိုမျိုးတွေ သုံးခဲ့ရတယ်ပေါ့။ အခုထိလည်း သုံးနေရတုန်းပါပဲ။ ဒါ ဆရာမနဲ့တွေ့တုန်း ရင်ဖွင့်တာပါဆိုပြီး ကျမကို ပြောပြကြတယ်။”
စစ်ဘေးသင့်လို့ အိုးအိမ်စွန့်ခွာပြီး ထွက်ပြေးနေကြရတဲ့ သူတို့အတွက် ဓမ္မတာလာချိန်မှာ သုံးထားတဲ့ အဝတ်တွေကို လျှော်ဖွတ် အခြောက်လှန်းဖို့အတွက် အခက်အခဲ ရှိပါတယ်။
အဲဒီလိုအခြေအနေတွေကြောင့် စစ်ရှောင်စခန်းတွေက အမျိုးသမီးတွေဟာ ဆီးလမ်းကြောင်း ပိုးဝင်တာ၊ ယားယံတာ၊ အနာဖြစ်တာတွေနဲ့ မှိုရောဂါ စတဲ့ရောဂါတွေ ခံစားနေရတယ်လို့ စစ်ကိုင်းတိုင်းထဲမှာ ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ Mobile Medical Team တာဝန်ခံ CDM ဆရာမ ဒေါ်ရတီအုန်းက ပြောပါတယ်။
“ဒါကလည်း စစ်ကောင်စီဘက်က ကုန်ပစ္စည်း ဝင်ရောက်မှုကို တားဆီးပိတ်ပင်ထားလို့ အနာကပ် ပလာစတာလေးတွေ၊ ပြီးတော့ အမျိုးသမီးလစဥ်သုံးတွေ၊ ကလေးတွေ လူကြီးတွေ သုံးတဲ့ ဒိုက်ဗာ စလို့မှ အဲဒါတွေ အကုန်လုံးကို သယ်ခွင့်မပေးဘူး။ တွေ့တာနဲ့ တခါတည်းသိမ်း၊ အခန့်မသင့်ရင် ပစ္စည်းသယ်တဲ့သူကိုပါ ဖမ်းဆီးတယ်၊ ရိုက်နှက်တယ် ဖြစ်နေတော့ ဘယ်သူမှ မသယ်ရဲကြတာ။”
လက်ရှိ ကလေး-တမူးလမ်းကို စစ်တပ်က စစ်ကြောင်းထိုးလာတဲ့အတွက် ကားလမ်းပတ်ဝန်းကျင်မှာရှိတဲ့ ထန်းတပင်၊ ပန်းသာ၊ ရန်ငြိမ်းအောင်၊ နန်းမွန်းတား၊ ခမိတ်၊ ခွန်မွန်းနွံ၊ အလှော်၊ ပွတ်သာ၊ ရန်လင်းဖိုင် စတဲ့ ကျေးရွာ ၁၀ ရွာက ဒေသခံ ၂၀,၀၀၀ ကျော်လောက် စစ်ဘေးရှောင်နေရပြီး ပုလဲမြို့နယ်ဘက်ခြမ်းမှာလည်း စစ်ကြောင်းထပ်ထိုးလာတဲ့အတွက် တိုက်ပွဲတွေ ပြင်းထန်နေဆဲ ဖြစ်ပါတယ်။
မောရစ်










