
မကွေးတိုင်း၊ ငဖဲမြို့နယ်အခြေစိုက် ကပစ ၁၄ က တပ်သားသစ် ၄ ယောက်ဟာ စက်တင်ဘာ ၄ ရက်မှာ အလင်းဝင်ရောက်လာခဲ့တယ်လို့ မင်းဘူးခရိုင် အမှတ် ၆ တပ်ရင်းက စက်တင်ဘာ ၁၈ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
မင်းဘူးခရိုင် အမှတ် ၆ တပ်ရင်းရဲ့ ပြန်ကြားရေးတာဝန်ခံက “သူတို့ ၄ ယောက်မှာ ၂ ယောက်က စစ်ကိုင်းတိုင်းထဲက၊ တယောက်က နေပြည်တော်ဘက်က၊ နောက်တယောက်က ချင်းပြည်နယ်ထဲကပါ။ အလုပ်လုပ်သွားကြရင်း လမ်းမှာ ပေါ်တာဆွဲ ဖမ်းဆီးတာခံရပြီး စစ်မှုထမ်းနေရသူတွေ ဖြစ်ပါတယ်။ ကျနော်တို့ဆီကို အလင်းဝင်လာကြတဲ့အခါမှာတော့ လက်နက်ခဲယမ်းတွေ ပါမလာကြပါဘူးဗျ” လို့ ပြောပါတယ်။
အလင်းဝင်ရောက်လာကြသူတွေဟာ စစ်မှုထမ်းအပတ်စဥ် ၁၂ သင်တန်းဆင်းတွေ ဖြစ်ကြတယ်လို့လည်း ဆိုပါတယ်။
မင်းဘူးခရိုင် အမှတ် ၆ တပ်ရင်းရဲ့ တာဝန်ခံတယောက်က “သူတို့တွေက စစ်သင်တန်းဆင်းပြီးတော့ မိတ္ထီလာက တပ်မ ၉၉ လက်အောက်ခံ ခမရ ၁၁၃ ကို အပို့ခံရတယ်။ အဲဒီကနေမှ ကပစ ၁၄ ဆီ ရောက်လာကြတာ။ အခုထိ သူတို့ ၄ ယောက်လုံး ကျနော်တို့တပ်ရင်းထဲမှာပဲ လူ့ဂုဏ်သိက္ခာနဲ့အညီ ထိန်းသိမ်းထားပေးပါတယ်။ သူတို့ရဲ့ဆန္ဒတွေအရ မိသားစုတွေနဲ့ အတူပြန်နေထိုင်ချင်ကြလို့ အဲဒီကိစ္စအတွက် စီစဥ်ဆောင်ရွက်ပေးနေပါတယ်” လို့ ပြောပါတယ်။
စစ်တပ်လက်အောက်က တပ်ဖွဲ့ဝင်တွေနဲ့ ပေါ်တာဆွဲ ဖမ်းဆီးခံရပြီး စစ်မှုထမ်းနေရသူတွေ အနေနဲ့လည်း နီးစပ်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ အမြန်ဆုံးချိတ်ဆက်ပြီး အလင်းဝင်ရောက်ကြဖို့ တိုက်တွန်းလိုတယ်လို့ သူက ဆက်ပြောပါတယ်။
အဆိုပါ အာဏာသိမ်းစစ်တပ် လက်အောက်ခံ ကပစ ၁၄ ဟာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ မကြာခဏ တိုက်ခိုက်ခံနေရတာလည်း ဖြစ်ပါတယ်။











