DVB Logo
Home
မြန်မာသတင်း
ပေါ်တာဆွဲ ညှဉ်းပန်းနှိပ်စက်ခံခဲ့ရသည့် တပ်သားသစ် ၃ ဦး ကျောမြို့ ပကဖ ထံ အလင်းဝင်
DVB
·
April 4, 2026
Photo:ကျောမြို့ ပကဖ
Photo:ကျောမြို့ ပကဖ
Donate to DVB

မကွေးတိုင်း၊ ကျောမြို့ ပကဖဆီကို စစ်သင်တန်းတွင်း ညှဉ်းပန်းနှိပ်စက်ခံခဲ့ရတဲ့ တပ်သားသစ် ၃ ယောက်ဟာ မတ် ၃၀ ရက်မှာ အလင်းဝင်ရောက်လာကြတယ်လို့ သိရပါတယ်။

ကျောမြို့ ပကဖရဲ့ ပြန်ကြားရေးတာဝန်ခံက “သူတို့ ၃ ယောက်က မော်လမြိုင်မှာ အဓမ္မပေါ်တာ ဆွဲခံရပြီးတော့ စုဆောင်းရေးတပ်ထဲကနေတဆင့် စစ်မှုထမ်းအပတ်စဉ် ၁၈ သင်တန်းဆင်းခဲ့သူ တွေပါ။ အဲဒီကနေ မုံရွာမြို့နယ်ထဲက ၇၄၇ စစ်လက်နက်ပစ္စည်းတပ်မှာ မွမ်းမံသင်တန်း လာတက်ရင်းကျနော်တို့တပ်ဖွဲ့နဲ့ အရင်ချိတ်ဆက်ပြီးတော့မှ ထွက်ပြေးလာကြတာမို့လို့ လမ်းတဝက် ကနေ သွားခေါ်ခဲ့တာပါ။ လက်နက်ခဲယမ်းတွေတော့ ပါမလာကြပါဘူး။ စစ်တပ် ထဲမှာတုန်းက နှိပ်စက်ခံခဲ့ရတဲ့ ဒဏ်ရာတွေကို ဆေးကုသပေးနေပြီးတော့ ကောင်းကောင်းမွန်မွန် စောင့်ရှောက်ထားပါတယ်” လို့ ​DVB ကို ပြောပါတယ်။

ကျော ပကဖဆီကို လာရောက်ခိုလှုံအလင်းဝင်ရောက်လာကြသူတွေဟာ ကို​ဇွဲလင်းအောင်၊ ကိုစိုးသီဟနဲ့ ကိုသိန်းသန်း တို့ဖြစ်ကြပြီး စစ်တပ်အတွင်း​မှာ နေထိုင်စဥ်ကလည်း နှိပ်စက်ညှဉ်းပန်း တာတွေ ခံခဲ့ရတယ်လို့ ဆိုပါတယ်။

ကျော ပကဖဆီကို အလင်းဝင်ရောက်လာသူတယောက်က “စုဆောင်းရေးထဲမှာတုန်းက ဆိုးတယ်။ ကျနော်တို့ ရောက်သွားတုန်းက တော်တော်လေးခံစားခဲ့ရတယ်။ သူတို့က အစပိုင်းမှာ ကောင်း သလိုလိုနဲ့ နောက်ပိုင်းမှာ အနိုင်ကျင့်တယ်။ ပိုက်ဆံကအစ အစားအစာ အကုန်ဆိုးဝါးတယ်။ နေရထိုင်ရတာကအစ ကျနော်တို့ လုံးဝကျဉ်းကျပ်ခဲ့တယ်။ သူတို့ စိတ်မထင်ရင် မထင်သလို ရိုက်တယ်။ တခုခုဆိုရင် ခေါ်ပြီးတော့ ရိုက်တယ်၊ ထိုးတယ်၊ ကန်တယ်။ နောက်ဆုံးမှာဆိုရင် သူတို့ရိုက်လွန်းအားကြီးလို့ ရူးသလိုလိုနဲ့ ကြောင်သွားတဲ့ သူတွေ တောင်ရှိတယ်။ ရိုက်လွန်း၊ ကန်လွန်းလို့ လက်လွန်ပြီး သေသွားတဲ့ သူတွေလည်း အများကြီးပဲ။ အဲဒီလို သေသွားလို့လည်း အရေးယူအပြစ်ပေးတာတွေ မရှိဘူး။ မင်းတို့ကို သတ်လိုက်လို့ ဘာမှ မဖြစ်ဘူးလို့ ရှေ့တန်းမှာ မူးယစ်ဆေးသွားယူပြီး ပြန်လာလိုက်ရုံပဲလို့ ပြောပြောပြီးကို နှိပ်စက်တာ။ အဲဒီလို နှိပ်စက်တဲ့ကောင်တွေက စစ်တပ်ထဲက မဟုတ်ဘူး။ ထောင်ထဲက အကျဥ်းသားတွေ ခေါ်ပြီး လက်နက်တပ်ဆင်ပေးထားတာ။ စစ်တပ်အရာရှိတယောက်က ဘေးနားက ထိုင်ပြီးခိုင်း နေတာပေါ့။ ကျနော်တို့ရောက်ခဲ့တဲ့ စုဆောင်းရေး ၆ ထဲကို ရောက်လာတဲ့သူတိုင်း အနှိပ်စက်ခံ ရတာ။ စုဆောင်းရေး ၆ ထဲမှာ အဲလိုလုပ်နေတာကို တခြားစစ်တပ်က စစ်သားတွေတောင် ဝင်တားလို့ မရဘူး။ နှိပ်စက်ပိုင်ခွင့်၊ လူသတ်ပိုင်ခွင့်တွေကို လုပ်ပိုင်ခွင့်အပြည်ပေးထားတာ။ ပေါ်တာဆွဲခံရပြီး အဲဒီစုဆောင်းရေးတပ်ထဲကနေ ထွက်ပြေးတာ ပြန်မိတဲ့သူတယောက်ဆိုရင် ခြေထောက်ကို ဓားနဲ့မထိတထိ မွှန်းပြီးနှိပ်စက်တာ။ သေလုမျောပါးဖြစ်သွားလို့ ဆေးရုံပို့ရင်း လမ်းမှာတင် ဆုံးသွားတယ်။ အလောင်းပြန်သယ်လာပြီး မိသားစုကို အလောင်းပြန်ပေးတာတွေ၊ အသိပေးတာတွေ မလုပ်ဘဲ သူတို့ဘာသာ သင်္ဂြိုဟ်လိုက်ကြတယ်” လို့ ပြောပါတယ်။

စစ်တပ်ရဲ့ မတရားပေါ်တာဆွဲဖမ်းဆီးခံရပြီး စစ်မှုထမ်းနေရသူတွေအနေနဲ့လည်း နီးစပ်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ အမြန်ဆုံး ချိတ်ဆက်အလင်းဝင်ရောက်ကြဖို့ တိုက်တွန်းလိုတယ်လို့ ဆိုပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ကျောမြို့ ပကဖ (တောင်ညာမုန်တိုင်းတပ်ဖွဲ့) ဆီကို ချိတ်ဆက်အလင်းဝင်ရောက်လာသူ ၁၀ ယောက်အထိ ရှိလာပြီလို့ အဆိုပါတပ်ဖွဲ့ဆီကနေ သိရပါတယ်။

 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013