
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်ထဲမှာရှိတဲ့ကျေးရွာတွေကို စစ်ကောင်စီတပ်က မကြာခဏစစ် ကြောင်းထိုးဝင်ရောက်နေလို့ ထောင်ချီတဲ့ရွာသားတွေ နေရပ်စွန့်ခွာထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
စစ်ဘေးရှောင်အရေးကူညီဆောင်ရွက်ပေးနေသူတယောက်က “ဘုတလင်မြို့နဲ့အနီးဆုံးဖြစ်တဲ့ ကျေးရွာ ၃ ရွာကို စစ်တပ်ဘက်က မကြာခဏစစ်ကြောင်းထိုးနေလို့ အဲ့ဒိရွာတွေက ပြည်သူ ၁၅၀၀ လောက်က တောတောင်တွေလို ဘေးလွတ်ရာနေရာတွေကို တိမ်းရှောင်နေကြရတာ”လို့ ပြောပါတယ်။
အဆိုပါကျေးရွာတွေဟာ ဘုတလင်မြို့အနီးက သပြေပင်ကျေးရွာ၊ ရှမ်းတဲကျေးရွာနဲ့ မြောက်ချည်ကျေးရွာတွေဖြစ်ပါတယ်။
ဘုတလင်မြို့နယ် လူသားစာနာတာဝန်ခံက “အဲ့ဒိ သပြေပင်၊ ရှမ်းတဲနဲ့ မြောက်ချည်ရွာတွေက ဘုတလင်နဲ့ကပ်နေတာဆိုတော့ မြို့စောင့်တပ်က မကြာခဏဝင်တယ်။ အဲလိုဝင်တိုင်းလည်း ရွာခံတွေထွက်ပြေးနေကြရတာဆိုတော့ တောထဲမှာပဲ တဲတိုက်တွေထိုးပြီး ဖြစ်သလိုနေနေကြတာ။ ပြီးခဲ့တဲ့ သြဂုတ်လဆန်းပိုင်းကတည်းကဆိုတော့ ၁ လခွဲလောက်ရှိနေပြီပေါ့။ အိမ်ထောင်စုပေါင်း ၅၀၀ ဝန်းကျင်ရှိပြီးတော့ လူဦးရေကတော့ ၁၅၀၀ ဝန်းကျင်ရှိပါတယ်ဗျ” လို့ ပြောပါတယ်။
သြဂုတ် ၃၁ ရက်နဲ့ စက်တင်ဘာ ၁ ရက်တွေကလည်း စစ်တပ်ကစစ်ကြောင်းထိုးပြီး လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့လို့ ဘုတလင်မြို့နယ်ထဲမှာရှိတဲ့ ရွှေတောင်ကျေးရွာက လူနေအိမ် ၃ လုံး၊ ပေါက်ဆိန်ပေါက်ကျေးရွာက လူနေအိမ် ၁၁ လုံး၊ ကံသာကျေးရွာက စျေးဆိုင်ခန်းတွေ အပါအဝင် ပြည်သူနေအိမ် ၂၈ လုံး၊ ထိုးကြီးကျေးရွာကလူနေအိမ် ၉ လုံးနဲ့ ဆေးခန်း ၁ ခန်းတို့ မီးလောင်ပျက်စီးသွားခဲ့ပါတယ်။
အဆိုပါ စစ်ဘေးရှောင်ပြည်သူတွေနဲ့ မီးဘေးသင့်ပြည်သူတွေအတွက် နေထိုင်စရာအဆောက်အအုံတွေ၊ စားနပ်ရိက္ခာတွေအပြင် သောက်ရေသန့်၊ ဆေးဝါးနဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ အရေးပေါ်လိုအပ်နေတယ်လို့ ကူညီဆောင်ရွက်ပေးနေသူတွေဆီကနေ သိရပါတယ်။










