
စက်သုံးဆီအခက်အခဲ ကြုံတွေ့လာပြီးနောက်ပိုင်း ရန်ကုန်မြို့မှာ YBS ကားစီးတဲ့ ခရီးသည်အရေ အတွက် တိုးလာတယ်လို့ ရန်ကုန်တိုင်း ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC) ရဲ့ အချက်အလက်တွေအရ သိရပါတယ်။
စက်သုံးဆီပြဿနာတွေ မဖြစ်ခင် ဖေဖော်ဝါရီ ၂၈ ရက်မှာ YBS ကားစီးသူ ၁၄ သိန်းကျော်ရှိပြီး မတ် ၂၅ ရက်စာရင်းအရ ၁၇ သိန်းနီးပါးရှိတာကြောင့် ခရီးသည် ၃ သိန်းလောက် တိုးလာတာ တွေ့ရ ပါတယ်။
အဲဒီရက်ပိုင်းမှာ YBS ကားစီးရေ ၆၀ ကျော် ပိုပြေးဆွဲခဲ့တာကိုလည်း တွေ့ရပါတယ်။
YBS ယာဥ်ပိုင်ရှင် တယောက်က “ဆီအခက်အခဲပိုဖြစ်လာရင် ဘတ်စ်ကားပြောင်းစီးမဲ့ ခရီးသည် အရေအတွက် ထပ်တိုးလာဦးမှာပဲ” လို့ ပြောပါတယ်။
လက်ရှိမှာ ကန့်သတ်ချက်တွေကြောင့် စက်သုံးဆီဝယ်ယူရတာ အခက်တွေ့နေရသလို စုံ မ ရက် သတ်မှတ်ချက်နဲ့ ရည်ညွှန်းရောင်းစျေး ခုန်တက်သွားတာတွေကြောင့် ကိုယ်ပိုင်ကားပိုင်ရှင်တွေ အခက်တွေ့ နေပြီး တက္ကစီခလည်း ဈေးတက်နေပါတယ်။
အဲဒါကြောင့် ကိုယ်ကိုင်ကားစီး သူတချို့နဲ့ တက္ကစီ စီးသူတွေပါ ဘတ်စ်ကား ပြောင်းစီးလာကြတဲ့ အတွက် ခရီးသည်အရေအတွက် တိုးလာရတာလို့ YBS ယာဉ်မောင်း တယောက်က ပြောပါတယ်။
လက်ရှိ ပြည်တွင်းစက်သုံးဆီစျေးဟာ ဖေဖော်ဝါရီလကုန်ပိုင်းကထက် နှစ်ဆနီးပါး မြင့်တက် သွားသလို ဝယ်ယူခွင့်ကိုလည်း စစ်ကောင်စီက ထပ်ပြီး ကန့်သတ်လာပါတယ်။
စက်သုံးဆီအခက်အခဲကြောင့် ရန်ကုန်မြို့တွင်း YBS ကားစီးသူ တိုးလာပေမဲ့ အဝေးပြေးစီးတဲ့ ခရီးသည်နဲ့ ပြေးဆွဲတဲ့ကားစီးရေကတော့ ဖေဖော်ဝါရီလကုန်ပိုင်းကထက် ကျဆင်းခဲ့တာကိုလည်း YRTC ရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။










