
မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့ (နေတိုး) ရဲ့ တပ်ဖွဲ့တွေဟာ ပိုလန်နိုင်ငံမှာ တင့်ကားတွေ၊ ရဟတ်ယာဉ်တွေ၊ ဂျက်လေယာဉ်တွေနဲ့ စက်တင်ဘာ ၁၇ ရက်မှာ ပစ်ခတ်လေ့ကျင့်ခဲ့ပါတယ်။
သံမဏိတံခါးလို့ နာမည်ပေးထားတဲ့ ဒီစစ်ရေးလေ့ကျင့်ခန်းဟာ နယ်စပ်ဖြတ်ကျော် ရုရှား-ဘီလာရုစ် နှစ်နိုင်ငံ ပူးတွဲလေ့ကျင့်နေတဲ့ ဇာပဒ် စစ်ရေးလေ့ကျင့်မှုနဲ့ တိုက်ဆိုင်နေပါတယ်။
ဒါဟာ ပိုလန်စစ်တပ်ရဲ့ Iron Defender လို့ခေါ်တဲ့ ကျယ်ပြန့်တဲ့ စစ်ရေးလေ့ကျင့်မှုရဲ့ တစိတ်တပိုင်းဖြစ်ပြီး အရှေ့ဘက်ကနေ တိုက်ခိုက်ခံရချိန်မှာ ပိုလန်ကို ကာကွယ်နိုင်ဖို့ အာရုံစိုက်ထားတယ်လို့ ပိုလန်စစ်တပ်က ပြောခဲ့ပါတယ်။
သံမဏိတံခါး စစ်ရေးလေ့ကျင့်မှုကို ပိုလန်ရဲ့ ရှေ့တန်းဌာနချုပ်မှာ လေ့ကျင့်နေပြီး အမေရိကန်စစ်တပ် အမှတ် ၅ စစ်တပ်ကြီး အပါအဝင် ပိုလန်နဲ့ မဟာမိတ်တပ်တွေ ပါဝင်လေ့ကျင့်နေပါတယ်။
ခရိုအေးရှားစစ်တပ်ကလည်း နေတိုးရဲ့ လက်နက်ကိရိယာတွေပါတဲ့ ပေါင်းစပ်စစ်ရေးလေ့ကျင့်မှုမှာ တင့်ကားတွေ၊ ဂျက်လေယာဉ်တွေ ရဟတ်ယာဉ်တွေကို စက်တင်ဘာ ၁၇ ရက်မှာ ပြသခဲ့ပါတယ်။ ဒီစစ်ရေးလေ့ကျင့်မှုမှာ ယူဂိုဆလပ်ခေတ် M84 တင့်ကားတွေကနေ ခေတ်မီ ရာဖယ် တိုက်လေယာဉ်တွေနဲ့ အမေရိကန်လုပ် ခိုင်အာဝါ ရဟတ်ယာဉ်တွေအထိ ပါဝင်ခဲ့ပါတယ်။
ဒီစစ်ရေးလေ့ကျင့်မှုမှာ ယူကရိန်း-ရုရှားစစ်ပွဲ နှစ်ဖက်စလုံးမှာ အဓိကကျတဲ့ (FPV) မောင်းသူမဲ့လေယာဉ်တွေလည်း ပါပါတယ်။
ခရိုအေးရှားရဲ့ နေတိုးမဟာမိတ် ပိုလန်နိုင်ငံရဲ့ လေပိုင်နက်ထဲကို ရုရှားဒရုန်းတွေဝင်လာလို့ ပထမဆုံးအကြိမ် ပစ်ချပြီးတဲ့နောက် တပတ်အကြာမှာ ခုလို စစ်ရေးလေ့ကျင့်နေတာပါ။
နေတိုးဟာ ရန်စမှုတွေကို ခံနိုင်ရည်ရှိပြီး အားကောင်းဖို့လိုတယ်လို့ ခရိုအေးရှား ကာကွယ်ရေးဝန်ကြီး အီဗန် အာနုရှိက ပြောခဲ့ပါတယ်။
Source: Reuters











