
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်ကို စက်တင်ဘာ ၁၇ ရက်က စစ်ကောင်စီရေတပ်က စစ်သင်္ဘောကနေ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ပေါက်တောဒေသခံ အမျိုးသမီးတယောက် ဒဏ်ရာ ရရှိသွားတယ်လို့ ပေါက်တောဒေသခံတွေက ပြောပါတယ်။
ပေါက်တောမြို့နယ်၊ မြေငူကျွန်း၊ မင်းတဲကျေးရွာက အသက် ၂၇ နှစ်အရွယ် အမျိုးသမီးတယောက် မြစ်ကမ်းဘေးမှာ ငါးရှာနေတဲ့အချိန် စစ်သင်္ဘောကပစ်တဲ့ လက်နက်ကြီးကျည်စ ထိမှန်ပြီး ခုလိုဒဏ်ရာရရှိသွားတာပါလို့ ဆိုပါတယ်။
ပေါက်တောဒေသခံတယောက်က “မနေ့က နေ့လယ် ၁ နာရီလောက်ကစပြီး စစ်တပ်က လက်နက်ကြီးတွေနဲ့ ရမ်းသန်း ပစ်ခတ်နေတာပါ။ မင်းတဲကျေးရွာက အမျိုးသမီးတယောက် လက်နက်ကြီးကျည်စ ထိမှန်ပြီး ဒဏ်ရာရရှိသွားပါတယ်။ မြစ်ကမ်းနားမှာ ငါးရှာနေတဲ့အချိန် ခုလိုထိမှန်သွားတာပေါ့နော်။ လက်ရှိမှာတော့ ဆေးရုံမှာ ဆေးကုသမှု ခံယူနေရပါတယ်” လို့ ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ စစ်သင်္ဘောတွေက လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်တာတွေ လုပ်သလို ငါးဖမ်းစက်လှေတွေကိုလည်း စက်သေနတ်တွေနဲ့ လိုက်လံပစ်ခတ်မှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။
ဒါကြောင့် ဒေသခံငါးဖမ်းသမားတွေဟာ အသက်အန္တရာယ် စိုးရိမ်ပြီး ငါးရှာမထွက်ရဲဘဲ ဖြစ်နေတယ်လို့ ဆိုပါတယ်။
ကေခိုင်










