
Meta ကုမ္ပဏီဟာ မျက်မှန်ဖန်သားပြင်မှာ ဒစ်ဂျစ်တယ်မြင်ကွင်း ပါဝင်လာတဲ့ AI စမတ်မျက်မှန်သစ်တွေကို မိတ်ဆက်လိုက်ပါတယ်။
Meta Ray-Ban Display လို့ခေါ်တဲ့ မျက်မှန်အသစ်ရဲ့ ညာဘက်မှန်ဘီလူးမှာ ဒစ်ဂျစ်တယ်မြင်ကွင်းငယ်တခု ပါဝင်ပါတယ်။
ဒီ display ကနေ မက်ဆေ့ချ်တွေကြည့်တာ၊ ဗီဒီယိုခေါ်ဆိုတာတွေအပြင် လမ်းညွှန်ကြည့်တာ (navigation) နဲ့ စကားပြောဆိုမှုတွေကို တိုက်ရိုက်ဘာသာပြန်ပေးတာ (live translation) တွေကိုပါ ဖုန်းမသုံးဘဲ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။
မျက်မှန်ကို ထိန်းချုပ်ဖို့အတွက် အသံနဲ့စေခိုင်းနိုင်သလို လက်မှာ “neural” လို့ခေါ်တဲ့ လက်ပတ် ပတ်ပြီးတော့ လက်ချောင်းလေးတွေ လှုပ်ရှားလိုက်ရုံနဲ့ ထိန်းချုပ်နိုင်မှာပါ။
မျက်မှန်ဟာ တခါအားသွင်းထားရင် ၆ နာရီသုံးနိုင်ပြီး အားသွင်းဘူးနဲ့ဆို နာရီ ၃၀ အထိ အသုံးပြုနိုင်ပါတယ်။
ဒီမျက်မှန်ရဲ့ ဈေးနှုန်းက အမေရိကန်ဒေါ်လာ ၇၉၉ ကနေ စတင်မှာဖြစ်ပြီး စက်တင်ဘာ ၃၀ ရက်နေ့မှာ ရောင်းချသွားမှာပါ။
CEO မာ့ခ် ဇူကာဘတ်ကတော့ ဒီမျက်မှန်တွေဟာ လူတွေရဲ့ ဖုန်းအပေါ် မှီခိုမှုကို လျှော့ချပြီး AI နည်းပညာသုံး အသိဉာဏ်အထွတ်အထိပ် (superintelligence) အဆင့်ကို ရောက်ရှိဖို့အတွက် အကောင်းဆုံးပုံစံ ဖြစ်တယ်လို့ ပြောပါတယ်။
ဒါ့အပြင် အားကစားသမားတွေအတွက် ရေစိုခံပြီး ၉ နာရီအထိ သုံးနိုင်တဲ့ Oakley Vanguard မော်ဒယ်ကို ဒေါ်လာ ၄၉၉ နဲ့ ရောင်းချမှာဖြစ်သလို မူလက ထွက်ရှိထားတဲ့ display မပါဘဲ ကင်မရာပဲပါတဲ့ Ray-Ban မျက်မှန်ကိုတော့ အဆင့်မြှင့်ပြီး ၃၇၉ ဒေါ်လာအထိ စျေးထပ်တင်လိုက်ပါတယ်။
ဘက်ထရီသက်တမ်း ၈ နာရီအထိ ရအောင် မြှင့်ထားသလို ဆူညံတဲ့နေရာမှာတောင် လူတယောက်ရဲ့အသံကို ပိုပြီး ကွဲကွဲပြားပြားကြားရအောင် လုပ်ပေးနိုင်တဲ့ လုပ်ဆောင်ချက် ပါဝင်လာပါတယ်။
မျက်မှန်အားလုံးမှာ Meta ရဲ့ AI Assistant နဲ့ ကင်မရာပါဝင်ပြီး ဖေ့စ်ဘွတ်ခ်၊ အင်စတာဂရမ် တိုက်ရိုက် live လွှင့်နိုင်တဲ့ လုပ်ဆောင်ချက်တွေ ပါဝင်ပါတယ်။
ဒါပေမဲ့ မိတ်ဆက်ပွဲမှာ တိုက်ရိုက်သရုပ်ပြမှုတွေ ပြုလုပ်ချိန်မှာတော့ ဗီဒီယိုခေါ်ဆိုမှုကို လက်ခံမရတာလိုမျိုး နည်းပညာပိုင်းဆိုင်ရာ ချို့ယွင်းမှုတချို့ ရှိခဲ့ပါတယ်။
Meta ရဲ့ လုပ်ဖော်ကိုင်ဖက် Ray-Ban ကုမ္ပဏီကတော့ စမတ်မျက်မှန်ကရတဲ့ ဝင်ငွေဟာ အရင်နှစ်ကထက် ၃ ဆကျော် တိုးလာတယ်လို့ ပြောကြားထားပြီး Meta အနေနဲ့ ၂၀၂၆ ခုနှစ်ကစပြီး တနှစ်ကို မျက်မှန်အလက်ရေ ၁၀ သန်း ထုတ်လုပ်ဖို့ ရည်မှန်းထားပါတယ်။
Source: Reuters










