DVB Logo
Home
မြန်မာသတင်း
ဗန်းမောက်မြို့အနီး တိုက်ပွဲဖြစ်၊ KIA ပူးပေါင်းတပ်က စစ်တပ်ကာကင်းစခန်းများ သိမ်းပိုက်
DVB
·
September 17, 2025
ဗန်းမောက်မြို့အနီး တိုက်ပွဲဖြစ်၊ KIA ပူးပေါင်းတပ်က စစ်တပ်ကာကင်းစခန်းများ သိမ်းပိုက်
Donate to DVB

စစ်ကိုင်းနဲ့ ကချင်အစပ်က ဗန်းမောက်မြို့ဝန်းကျင်မှာ တိုက်ပွဲတွေဖြစ်ပွားနေပြီး ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ ပူးပေါင်း တော်လှန်ရေးတပ်တွေက စစ်ကောင်စီတပ်ရဲ့ ကာကင်းတချို့ကို သိမ်းပိုက်ထားနိုင်ကြောင်း ဒေသခံနဲ့ ရှေ့တန်း သတင်းရင်းမြစ်တွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နဲ့ ၂၈ မိုင်အကွာမှာရှိပြီး ရှမ်းနီတပ်-SNA စစ်ရေးလှုပ်ရှားတဲ့ ဗန်းမောက်မြို့ဝန်းကျင်မှာ တိုက်ပွဲတွေပြင်းထန်နေတာ ၃ ရက်ရှိပြီလို့ ဒေသခံတွေနဲ့ ရှေ့တန်းရင်းမြစ်တွေက ပြောပါတယ်။

ကချင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ဗန်းမောက်မြို့ကို စက်တင်ဘာ ၁၅ ရက်မှာ မြို့သိမ်းတိုက်ပွဲအနေနဲ့ စတင်တိုက်ခိုက်ခဲ့ပြီး မြို့နဲ့ တမိုင်ဝန်းကျင်အကွာမှာရှိတဲ့ ကာကင်းတချို့ကို သိမ်းပိုက်ရရှိထားကြောင်း နီးစပ်သူတွေက ပြောပါတယ်။

ကသာခရိုင် PDF နဲ့ နီးစပ်သူတယောက်က “ ဗန်းမောက်ကတော့ ဟုတ်တယ်၊ ကာကင်းစခန်းတချို့ ရတာ မှန်တယ်ဗျ။ မြို့ပြင်ပေါ့နော် ကာကင်းစခန်းတချို့ရတာ မှန်တယ်။ နောက်တခု မြို့ထဲထိ ရောက်လား၊ မရောက်လားကတော့ အခုလက်ရှိအနေအထားက ပြောလို့မရသေးဘူးပေါ့နော်။ ဒီနေ့မနက်လည်း စပြီးတော့ တိုက်ပွဲတွေ ပြင်းထန်နေတယ်။ တိုက်ပွဲတွေ စဖြစ်နေတယ်လို့ ကျနော်တို့ သိရပါတယ်ဗျ။ ဗန်းမောက်မှာတော့ စစ်ကောင်စီနဲ့ SNA ဆိုရင် SNA ကတော့ ပိုများတယ်။ ဟုတ်တယ်။ စစ်ကောင်စီကတော့ နည်းတာပေါ့လေ။ SNA က အများဆုံး ဖြစ်နေတာပေါ့၊ ဗန်းမောက်မှာကျတော့” လို့ ပြောပါတယ်။

DVB က ဆက်သွယ်ခွင့်ရခဲ့တဲ့ ရှေ့တန်းသတင်းရင်းမြစ်ကလည်း ကာကင်းတချို့ သိမ်းပိုက်ရရှိတာ မှန်ကန်ကြောင်းပြောပေမဲ့ အသေးစိတ်ကို မပြောလိုကြောင်း ဆိုပါတယ်။

တခြား ဒေသခံသတင်းရင်းမြစ်ကတော့ မြို့အရှေ့တောင်ဘက်မှာရှိတဲ့ အောင်သာကုန်းကို တော်လှန်ရေးတပ်တွေက ရရှိထားပြီး မြို့တွင်းကိုလည်း ဘယ်ဘက်ကပစ်မှန်းမသိတဲ့ လက်နက်ကြီးတချို့ ကျရောက်ခဲ့ကြောင်း ပြောပါတယ်။

ဒါ့အတူ တပ်မ ၇၇ တပ်တွေနဲ့ ရှမ်းနီတပ်တွေဘက်က မြို့အဝင်၊ အထွက် အားလုံးကို ပိတ်ဆို့ထားတာကြောင့် မြို့တွင်းမှာ ပြည်သူ ၂,၀၀၀ ဝန်းကျင်လောက် ပိတ်မိနေကြောင်း သိရပါတယ်။

ကသာခရိုင်-PDF ရှေ့တန်းရင်းမြစ်တယောက်က “ကျနော်တို့ဘက်က တော်လှန်ရေးတပ်တွေရဲ့ စိုးမိုးနယ်မြေကိုဖြတ်လို့ သူတို့ဘက်ဝင်တဲ့ လမ်းတွေပဲ ပိတ်တာပါဗျ။ အင်းတော်-ဗန်းမောက် လမ်းပိုင်းပေါ့။ SNA ရဲ့ စိုးမိုးနယ်မြေက ဗန်းမောက်မြို့နဲ့ မြို့ရဲ့အနောက်ခြမ်းကနေ ဟုမ္မလင်းထိ ပါတယ်။ သူတို့ (SNA စကစ) ဘက်က ပိတ်ထားတာတော့ အနောက်ဘက်ကို မထွက်စေချင်တဲ့ သဘောပေါ့။ ထွက်ပေါက်က ဟုမ္မလင်းဘက်ထိ ထွက်လို့ရပါတယ်။ တကယ်ထွက်ခိုင်းမယ်ဆို ထွက်လို့ရတယ်ဗျ။ တော်လှန်ရေးတပ်တွေ ထိုးစစ်ဆင်တဲ့ အပေါက်တွေဘက်တော့ မရတော့ဘူးပေါ့” လို့ ပြောပါတယ်။

လက်ရှိ ဗန်းမောက်မြို့ထဲမှာ ပြည်သူတွေ သွားလာ ဈေးဝယ်လို့ရပေမဲ့ အထုပ်အပိုးတွေနဲ့ မြို့ထဲကနေ ထွက်မယ်ဆိုရင် SNA နဲ့ စစ်ကောင်စီ တပ်သားတွေက တားဆီးနေတာလို့ သူကပြောပါတယ်။

ဗန်းမောက်မြို့တိုက်ပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ထီးချိုင့်၊ ကသာ၊ အင်းတော်နဲ့ ဗန်းမောက်အခြေစိုက် တပ်တွေက တိုက်ခိုက်နေပြီး KIA တပ်ဖွဲ့ဝင်တချို့လည်း ပါဝင်ကြောင်း သတင်းတွေ ထွက်နေပါတယ်။

ဒါပေမဲ့ KIA ပြောခွင့်ရသူ ဗိုလ်မှူးကြီးနော်ဘူက “ဗန်းမောက်မှာ မကြာခဏ တိုက်ပွဲဖြစ်ပွားလေ့ ရှိပေမဲ့ တိုက်ပွဲကြီးတွေ ဖြစ်ပွားတာ မရှိဘူး” လို့ ပြောပါတယ်။

ဗန်းမောက်မြို့ဟာ PDF တွေ သိမ်းပိုက်ထားတဲ့ အင်းတော်၊ မော်လူးနဲ့ ပင်လည်ဘူးမြို့တွေ အကြားမှာ တည်ရှိတာဖြစ်ပါတယ်။

စိုးသူအောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013