DVB Logo
Home
မြန်မာသတင်း
ကရင်နီဒေသတွင် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ မြင့်တက်နေ
DVB
·
September 17, 2025
ကရင်နီဒေသတွင် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ မြင့်တက်နေ
Donate to DVB

တိုက်ပွဲတွေနဲ့ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြားမှာ ၅ နှစ်နီးပါးကြာမြင့်လာတဲ့ ကရင်နီပြည်နယ်အတွင်းက စစ်ရှောင်အမျိုးသမီးတွေရဲ့ ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေအပြင် လိင်ပိုင်းဆိုင်ရာ ထိပါးမှုတွေလည်း ပိုခံစားလာကြရတယ်လို့ စစ်ရှောင်တွေနဲ့ စစ်ရှောင်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။

၂၀၂၅ ခုနှစ် ဇန်နဝါရီလကနေ ဇွန်လအထိ ၆ လတာကာလအတွင်း ကရင်နီပြည်နယ် အတွင်းမှာ နေရပ်စွန့်ခွာနေကြရတဲ့ စစ်ရှောင်အမျိုးသမီးတွေရဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားနေရတဲ့ ဖြစ်စဉ်အပြင် လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံနေရတဲ့ ဖြစ်စဉ်ပေါင်း ၅၆ မှုအထိ ရှိခဲ့တယ်လို့ ကရင်နီအမျိုးသမီးအစည်းအရုံးရဲ့ အချက်အလက်တွေအရ သိရပါတယ်။

ဒီလို အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေ မြင့်တက်လာပေမဲ့ အရေးယူမှု အပိုင်းတွေကတော့ အားနည်းနေသေးတယ်လို့ ကရင်နီအမျိုးသမီးအစည်းအရုံး ဥက္ကဋ္ဌ မော်ဖရေးမြာက ပြောပါတယ်။

“ပဋိပက္ခနောက်ပိုင်း အထူးသဖြင့် ၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းဖက်မှုတွေက ပိုပြီး မြင့်တက်လာတယ်။ ခုနောက်ပိုင်း ပြစ်ဒဏ်ကင်းလွတ်ခွင့် ပိုများလာတာရယ် ဒီလို အကြမ်းဖက်မှုတွေက စစ်ရေးလောက် အရေးမကြီးဘူးဆိုတဲ့ ကျမတို့ရဲ့ အသိုက်အဝန်းက လက်ခံထားတဲ့ တချို့တွေ ရှိသေးတယ်။ အထူးသဖြင့် ဖိုဝါဒလွှမ်းမိုးနေဆဲ ဖြစ်တာကြောင့်မို့ အကြမ်းဖက်မှုတွေကို မဖြေလျှော့နိုင်သေးတာပါ။ အများဆုံးက ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေက တော်တော်လေး မြင့်တက်နေတယ်၊ စိတ်ပိုင်းဆိုင်ရာလည်း ပါသေးတယ်။ အထူးသဖြင့် မုဒိမ်းမှုပေါ့နော်၊ အဲဒီထဲမှာ တော်တော်များများက အသက်မပြည့်သေးတဲ့ ကလေးငယ်တွေက ပိုများတယ်ပေါ့။ အများစု ကျူးလွန်တဲ့သူတွေက စစ်ကောင်စီရဲ့ အုပ်စုလိုက် မုဒိမ်းကျင့်တာရှိမယ်၊ တော်လှန်ရေးဘက်က PDF တချို့၊ တိုင်းရင်းသားလက်နက်ကိုင် အစုအဖွဲ့ထဲက ကျူးလွန်တဲ့ Case တွေရှိမယ်၊ အရပ်သားအောက်က ပါဝါရှိတဲ့၊ ကျေးရွာမှာ လုပ်ပိုင်ခွင့် လွှမ်းမိုးမှုရှိတဲ့ သူတွေကလည်း ပိုများပါတယ်။”

တဖက်မှာလည်း စစ်ဘေးကြားမှာ စစ်ရှောင်အမျိုးသမီးတွေထဲက ကိုယ်ဝန်ဆောင် အမျိုးသမီးတွေနဲ့ မွေးကင်းစကလေးငယ်တွေရဲ့ ဆေးဝါးလိုအပ်ချက်တွေ ပိုမိုများပြားလာနေပြီး ကာကွယ်ဆေးတွေ မထိုးနိုင်တဲ့အတွက် ကလေးပျက်ကျမှုနှုန်း ပိုများလာကာ မွေးကင်းစ ကလေးငယ် သေဆုံးမှုနှုန်းကလည်း ဆက်လက်မြင့်တက်နေဆဲဖြစ်တယ်လို့ ကရင်နီအမျိုးသမီးအစည်းအရုံး ဥက္ကဋ္ဌ မော်ဖရေးမြက ပြောပါတယ်။

လက်ရှိမှာလည်း အာဏာသိမ်းစစ်တပ်က ‌ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့အတွက် စစ်ကြောင်းထိုးလာတာတွေ၊ လေကြောင်းရန် အန္တရာယ်တွေအပြင် လူနေရပ်ကွက်တွေကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေကြောင့် ကရင်နီဒေသက ပြည်သူတွေဟာ ဘေးလွတ်ရာကို ထပ်မံရွှေ့ပြောင်းနေကြရပါတယ်။

တိုက်ပွဲတွေကြောင့် ပြီးခဲ့တဲ့ ဇူလိုင်လနဲ့ သြဂုတ်လအတွင်းမှာ ထပ်မံရွှေ့ပြောင်းနေထိုင်နေရသူ ၂၀၀,၀၀၀ လောက်အထိ တိုးလာနေပြီး စစ်ဘေးရှောင်တွေအတွက် အခြေခံလိုအပ်တဲ့ စားနပ်ရိက္ခာတွေ၊ အမိုးအကာလိုအပ်မှုတွေကလည်း အမြင့်မားဆုံးအခြေအနေထိ ဖြစ်ခဲ့ပါတယ်။

ခုလို အိုးအိမ်စွန့်ခွာလာရတဲ့ စစ်ဘေးရှောင်အမျိုးတွေဟာ ဝင်ငွေတွေ ရပ်တန့်လာကြတဲ့အတွက် မိသားစုစားဝတ်နေရေး ဖြေရှင်းနိုင်ဖို့ စိုးရိမ်ပူပန်စိတ်တွေလည်း ပိုများလာတယ်လို့ ဖရူဆိုမြို့နယ်က စစ်ဘေးရှောင် အမျိုးသမီးတယောက်က ပြောပါတယ်။

“ဒီပဋိပက္ခတွေကြားမှာ ကျမတို့ စစ်ရှောင်အမျိုးသမီးတွေရော ကလေးငယ်တွေပါ စိုးရိမ်ပူပန်စိတ်တွေနဲ့ပဲ နေကြရတယ်။ ကလေးတွေကိုလည်း ကျောင်းပို့ရမလား၊ မပို့ရဘူးလား၊ အဲလိုစိတ်တွေနဲ့ပဲ။ အလုပ်အကိုင် အခွင့်အလမ်းကလည်း မရှိဘူး၊ ရုန်းကန်မယ်ဆိုရင်တောင် ရုန်းကန်ဖို့ အခွင့်အလမ်းလည်း မရှိဘူး။ ဒါကြောင့် တချို့တွေဆိုရင် စိတ်ပိုင်းဆိုင်ရာ ကျဆင်းသွားကြတယ်။ ဒီ ကုန်ဈေးနှုန်းမြင့်တက်မှုတွေကြောင့် တချို့ဆိုရင် သားသမီးတွေကို ထားခဲ့ပြီးတော့မှ နိုင်ငံခြားသွားလိုက်ရတဲ့ အိမ်ထောင်ရှင် အမျိုးသမီးတွေကိုလည်း တွေ့လာရတယ်။”

ဒီအခြေအနေတွေဟာ စစ်ရေးပဋိပက္ခကာလအတွင်း လုံခြုံတဲ့ရပ်ဝန်းကို မဖန်တီးပေးနိုင်တဲ့အပြင် တရားဥပဒေစိုးမိုးမှု အားနည်းလာတာကြောင့် စစ်ဘေးရှောင် အမျိုးသမီးတွေအတွက် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားလာရမှုတွေက ပိုမိုများပြားလာနေတယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) အတွင်းရေးမှူး-၂ ကိုခွန်ဗညားအောင်က ပြောပါတယ်။

“အမျိုးသမီးအများစုက ပိုပြီးတော့မှ လူမှုဘဝ မလုံခြုံမှုတွေကို ခံစားနေကြရတယ်။ သူတို့တွေရဲ့ သားသမီးတွေအတွက် စိုးရိမ်ပူပန်နေကြရတယ်။ အလုပ်အကိုင် အခွင့်အလမ်း ငွေကြေးဆိုင်ရာ စိန်ခေါ်မှုတွေကို ပြင်းပြင်းထန်ထန် ခံစားရတယ်။ အိမ်တွင်းအကြမ်းဖက်မှုဖြစ်စဉ်၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုဖြစ်စဉ်တွေကို တွေ့ရှိလာရတယ်ပေါ့နော်။ ဒါကလည်း လက်ရှိဖြစ်ပျက်နေတဲ့ ပဋိပက္ခတွေကြောင့် သူတို့အတွက် လုံခြုံတဲ့ရပ်ဝန်းကို မဖန်တီးနိုင်ဘူးပေါ့နော်။ တခြားတဖက်မှာလည်း တရားဥပဒေစိုးမိုးမှုတွေ အားနည်းတဲ့အပေါ်မှာ ပိုပြီးတော့ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာရော ပိုခံစားရတယ်၊ ပိုကြုံတွေ့လာကြရတယ်။”

ကရင်နီပြည်နယ်မှာ စစ်ရှောင်စခန်းပေါင်း ၄၂၀ ကျော်ရှိပြီး စစ်ဘေးရှောင်ပြည်သူ ၂ သိန်းခွဲဝန်းကျင် ရှိပါတယ်။ အဲဒီထဲမှာ အမျိုးသမီး ၆၅ ရာခိုင်နှုန်းလောက် ပါဝင်နေတယ်လို့ ကရင်နီ အရပ်ဖက်အဖွဲ့အစည်းတွေက ထုတ်ပြန်တဲ့ အချက်အလက်တွေအရ သိရပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းကစပြီး အာဏာသိမ်းစစ်တပ်က ကရင်နီပြည်နယ်ကို လမ်းပန်းဆက်သွယ်ရေး ဖြတ်တောက်တာတွေ၊ ဆေးဝါးပိတ်ဆို့ထားမှုတွေအပြင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေကို ပေါ်ပေါ်ထင်ထင် ကျူးလွန်ခဲ့ပါတယ်။

အလားတူ ပဋိပက္ခတွေကြောင့် ကရင်နီပြည်ကနေ ထွက်ပြေးခိုလှုံနေကြရတဲ့ ထိုင်း-ကရင်နီ နယ်စပ်က နှစ်ရှည်ဒုက္ခသည်စခန်းတွေမှာလည်း စစ်ရှောင်အမျိုးသမီးတွေရဲ့ အိမ်တွင်း အကြမ်းဖက်ခံရမှုတွေ၊ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားမှုတွေ၊ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရမှု အပါအဝင် မုဒိမ်းမှုပေါင်း ၂၄ မှုအထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။

ကေခိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013