
ရခိုင်ပြည်နယ်မြို့တော် စစ်တွေအခြေစိုက် ဒေသကွပ်ကွဲမှု စစ်ဌာနချုပ်(ဒကစ)အနီးအထိ အာရက္ခ တပ်တော် (AA) ထိုးစစ်တွေရောက်ရှိလာပြီးနောက် စစ်တွေမြို့မှာ အခြေစိုက်ထားတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေ (INGO၊ NGO)တွေဟာ မြို့ကနေ ထွက်ခွာဖို့ အသင့်ပြင်ထားကြပြီလို့ နိုင်ငံတကာ အဖွဲ့အစည်းမှာ လုပ်ကိုင်နေသူတွေက ပြောပါတယ်။
စစ်တပ်ထိန်းချုပ်ထားဆဲဖြစ်တဲ့ စစ်တွေမြို့နယ်ကို အာရက္ခတပ်တော်က အောက်တိုဘာ ဒုတိယ အပတ်ကစပြီး တန်ပြန်ထိုးစစ်ဆင်ရာကနေ တိုက်ပွဲတွေဟာ ဆက်လက်ပြင်းထန်လာပြီး ဒေသကွပ်ကဲမှုစစ်ဌာနချုပ်အထိ စစ်ရေးအရ ခြိမ်းခြောက်လာနေသလို၊ စစ်တွေမြို့တွင်းမှာလည်း အောက်တိုဘာ ၂၃ ရက် မနက်ပိုင်းက လေကြောင်း ဗုံးကြဲတိုက်ခိုက်ခံရလို့ အရပ်သားတွေ ထိခိုက် သေဆုံးခဲ့ရပါတယ်။
ဒီအခြေအနေမှာ စစ်တွေအခြေစိုက် နိုင်ငံတကာအဖွဲ့အစည်းတွေဟာလည်း စစ်ပွဲအခြေအနေအပေါ် မူတည်ပြီး ထွက်ခွာဖို့အသင့်ပြင်ထားကြပြီလို့ စစ်တွေမြို့ရှိ INGO၊ NGO တာဝန်ရှိသူတွေက ပြောကြပါတယ်။
INGO အဖွဲ့အစည်းတခုရဲ့ တာဝန်ရှိသူတယောက်က “လက်ရှိစစ်ရေးအပေါ်မူတည်ပြီး စစ်တွေမြို့ရှိ နိုင်ငံတကာအဖွဲ့အစည်းတွေက ထွက်ခွာဖို့ အသင့်ပြင်ထားတယ်။ အဓိက စစ်ရေးအခြေအနေတွေ ဒီထက် ဆိုးရွားမှုတွေ ဖြစ်လာရင် တဆင့်ချင်းဆီ နည်းနည်းချင်းလျော့ချသွားမဲ့ အစီအစဉ်တွေရှိ ထားပြီးသားပါ။ စစ်ပွဲက မြို့ထဲကို ရောက်လာရင်တော့ အကုန်လုံး ထွက်သွားကြရတော့မှာပေါ့။ အခုလည်း တချို့ရုံးတွေက ဝန်ထမ်းတွေဆို ရန်ကုန်ဘက်ကနေ အလုပ်လုပ်ကိုင် နေကြတာတွေ လည်း ရှိနေကြပြီ” လို့ပြောပါတယ်။
အောက်တိုဘာ ၂၃ ရက်က စစ်တွေမြို့ မောလိပ်ရပ်ကွက်ပေါ်ကို Y-12 လေယာဉ်က ဗုံး ၂ လုံး ကျရောက်ပေါက်ကွဲခဲ့လို့ အရပ်သား ၉ ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၅ ယောက် ထက်မနည်း ရှိခဲ့ပါတယ်။
စစ်အာဏာရှင်တပ်ဟာ အောက်တိုဘာ ၇ ရက်က ပေါက်တောမြို့နယ်၊ ငပြီကျွန်းကို ကမ်းတက် တိုက်ပွဲဆင်နွဲပြီးနောက် အာရက္ခတပ်တော်က စစ်တွေမြို့နယ်ထဲကို တန်ပြန်ထိုးစစ်ဆင်ခဲ့ရာကနေ စစ်တွေစစ်မျက်နှာမှာ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။
စစ်တွေမြို့ပေါ်မှာ နိုင်ငံတကာအဖွဲ့အစည်းကြီးတွေသာ ကျန်ရှိတော့တာဖြစ်ပြီး အဲဒီအဖွဲ့တွေရဲ့ ကူညီထောက်ပံ့မှုတွေနဲ့ ရခိုင်စစ်ဘေးရှောင်တွေနဲ့ မွတ်စလင် IDP စခန်းတွေက ဒုက္ခသည်တွေဟာ မှီခိုနေကြရတာပါ။
လက်ရှိအချိန်အထိ နိုင်ငံတကာအဖွဲ့အစည်းတွေက ကူညီထောက်ပံ့မှုတွေရှိနေသေးပြီး၊ ထွက်ခွာ ပါက စစ်တွေမြို့က စစ်ဘေးရှောင်တွေနဲ့ မွတ်စလင် ဒုက္ခသည်တွေရဲ့ စားဝတ်နေရေးနဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေအပေါ် ကြီးမားတဲ့ သက်ရောက်မှုတွေရှိလာနိုင်တယ်လို့ စစ်ရှောင်စခန်းတခုရဲ့ တာဝန်ရှိသူ အမျိုးသားတယောက်က ပြောပါတယ်။
“စစ်တွေမှာက အလုပ်အကိုင် အခွင့်အလမ်းက မရှိဘူးဗျာ။ စစ်ရှောင်တွေဆိုတာ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ကူညီထောက်ပံ့မှုတွေနဲ့ အများကြီးရပ်တည်နေကြရတာ။ အခုအထိတော့ ထောက်ပံ့မှုတွေက ရှိနေသေးတယ်။ တကယ်လို့ ထွက်သွားတယ်ဆိုရင်တော့ စစ်ရှောင်တွေ၊ ဒုက္ခသည်တွေအပေါ်မှာ စားနပ်ရိက္ခာရရှိမှုနဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေအပေါ် ကြီးမားတဲ့ ရိုက်ခတ်မှုတွေ ဖြစ်လာနိုင်တယ်။”
စစ်တွေမြို့ပေါ်မှာ စစ်အာဏာရှင်တပ်ကနှင်ထုတ်ထားတဲ့ စစ်တွေမြို့နယ်က ရခိုင်ကျေးရွာ ၂၀ နီးပါး က သောင်းနဲ့ချီတဲ့ ဒေသခံတွေ ခိုလှုံနေကြရသလို မွတ်စလင် IDP စခန်းတွေမှာလည်း သိန်းနဲ့ချီတဲ့ ဒုက္ခသည်တွေ ခိုလှုံနေကြရတာလည်းဖြစ်ပါတယ်။
လက်ရှိမှာ စစ်တွေမြို့နယ်အတွင်း တိုက်ပွဲတွေ ပြင်းထန်လာနေတာနဲ့အတူ စစ်အာဏာရှင်တပ်က မြို့တွင်း လုံခြုံရေးတိုးမြင့်တာ၊ ဧည့်စာရင်း စစ်ဆေးတာတွေကို တိုးမြင့်လုပ်ဆောင်လာနေတယ်လို့ မြို့ခံတွေကပြောပါတယ်။
စစ်တွေမြို့နယ်မှာ ၂၀၂၅ ခုနှစ် အစောပိုင်းကတည်းက တိုက်ပွဲစတင်ဖြစ်ပွားရာကနေ ၂၀၂၆ ခုနှစ် စက်တင်ဘာလမှာ စစ်အာဏာရှင်တပ်က ၄၉၂၆ စစ်ဆင်ရေး စတင်လိုက်ပြီးနောက် အာရက္ခ တပ်တော်ရဲ့ ခုခံစစ်နဲ့ တန်ပြန်ထိုးစစ်တွေကြောင့် ထိတွေတိုက်ပွဲတွေဟာ ဒကစ-ဌာနချုပ်အထိ ခြိမ်းခြောက်မှုတွေ ပြုလုပ်လာနေတာလည်းဖြစ်ပါတယ်။











