DVB Logo
Home
မြန်မာသတင်း
ပိုးသတ်ဆေးအကြွင်းအကျန် တွေ့သည့်အတွက် မြန်မာ့ပဲတီစိမ်းများကို တရုတ်က တင်သွင်းခွင့်ပိတ်
DVB
·
September 17, 2025
ပိုးသတ်ဆေးအကြွင်းအကျန် တွေ့သည့်အတွက် မြန်မာ့ပဲတီစိမ်းများကို တရုတ်က တင်သွင်းခွင့်ပိတ်
Donate to DVB

တရုတ်နိုင်ငံကို မြန်မာကုမ္ပဏီတွေကနေ တင်ပို့တဲ့ ပဲတီစိမ်း တန်ချိန် ၁၀,၀၀၀ ကျော်မှာ ပိုးသတ်ဆေး အကြွင်းအကျန်တွေ တွေ့ရှိရတဲ့အတွက် တရုတ်ဘက်ကနေ ပဲတင်သွင်းခွင့်ကို ယာယီရပ်ဆိုင်းလိုက်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ နှစ်ဆန်းပိုင်းမှာ ပေါ်လာတဲ့ ပဲတီစိမ်းတွေမှာ သိုင်ရာမီသိုဇမ် (Thiamethoxam) လို့ အမည်ရတဲ့ ပင်လုံးပြန့် ပိုးသတ်ဆေးဓာတ်ကြွင်းတွေ ပါလာလို့ မြန်မာ့ပဲတီစိမ်း တန်ချိန် ၁၀,၀၀၀ ကို တရုတ်အစိုးရက နိုင်ငံအတွင်း အသုံးပြုခွင့်မပေးဘဲ ယာယီပိတ်လိုက်ပါတယ်။

အဲဒါကြောင့် ဓာတ်ကြွင်းကို ထိန်းကျောင်းနိုင်ပေမဲ့ အမည်ခံလောက်သာဖြစ်နေတဲ့ မြန်မာ့ GAP စနစ်ကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ဖို့ လိုအပ်တယ်လို့ ပဲတီစိမ်း ပြည်ပတင်ပို့သူ တယောက်က ပြောပါတယ်။

“လောလောဆယ်တော့ အမည်ခံ GAP ပဲဖြစ်နေတယ်။ အမည်ခံ GAP ပဲ လောလောဆယ်က ဖြစ်နေတယ်။ ဘာဖြစ်လို့လဲဆိုတော့ Inspection လည်း မလိုက်နိုင်ဘူး။ အပြည့်အဝ မလိုက်နိုင်ဘူးပေါ့။ တောင်သူတွေ အကုန်လုံးက အနည်းအကျဥ်းလောက်လေးပဲ လုပ်သလောက် ရှိတာကိုး။ လုပ်တဲ့သူက နည်းတာပေါ့။ အမှန်ပေါ့။ လိုက်နာတဲ့သူက နည်းတယ်။ အဲဒါကြောင့်မို့ ပဲစိုက်တဲ့ တောင်သူတိုင်း၊ ငါတော့ ပြောပြလိုက်တယ်။ အဲ့စာအုပ်ကို ပြနိုင်မှ ပဲရောင်းလို့ရမယ်ဆိုတဲ့ ပုံစံမျိုး ဖြစ်အောင်တော့ ပြောတော့ပြောလိုက်တာပဲ၊ လုပ်လား မလုပ်လား မသိသေးဘူး။”

GAP စနစ်ဆိုတာ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းတွေ (Good Agricultural Practices) ကို ဆိုလိုတာဖြစ်ပါတယ်။

စိုက်ပျိုးရေးထုတ်ကုန်တွေကို စားသုံးသူတွေ စိတ်ချယုံကြည်စွာ စားသုံးနိုင်ဖို့ စျေးကွက်မှာ အာမခံနဲ့ ရောင်းချနိုင်ဖို့ ရည်ရွယ်ပြီး လုပ်ဆောင်တာပါ။

မြန်မာ GAP စနစ်ကို ၂၀၁၆ ခုနှစ်မှာ ပြဋ္ဌာန်းခဲ့တာဖြစ်ပြီး GAP စနစ်မှာ အဓိကကျတဲ့ လုပ်ငန်းကတော့ ဈေးကွက်ခိုင်မာဖို့အတွက် သီးနှံဝယ်ယူသူ Exporter က ယုံကြည်ရလောက်တဲ့ စစ်ဆေးရေးလုပ်ငန်းတွေနဲ့ အသိအမှတ်ပြုလက်မှတ် ထုတ်ပေးရေးလုပ်ငန်းတွေ ဖြစ်ပါတယ်။

ဒီလို စစ်ဆေးရေးနဲ့ GAP အသိအမှတ်ပြုလက်မှတ် ထုတ်ပေးတဲ့လုပ်ငန်းတွေကို စစ်ကော်မရှင် လက်အောက်ခံ စိုက်ပျိုးရေးဦးစီးဌာနက လုပ်ဆောင်နေပြီး အခုလို ဓာတ်ကြွင်းတွေကြောင့် သီးနှံတင်ပို့တာကို တားမြစ်ခံရတာတွေက ငွေကြေးရယူပြီး GAP အသိအမှတ်ပြုလက်မှတ် ထုတ်ပေးလိုက်တာတွေက အဓိကအကြောင်းရင်းတခု ဖြစ်တယ်လို့ စိုက်ပျိုးရေးပညာရှင် တယောက်က ထောက်ပြပါတယ်။

“ကျနော်တို့က So Call GAP ဖြစ်နေတာ။ ၈.၅၄.၃၈ GAP အခေါ်ဝေါ်ပဲဖြစ်တာ။ Certificate ပဲ ပေးတဲ့ပုံ ဖြစ်နေတာ။ Inspector တွေက အရည်အချင်းရှိလို့လား။ Inspector တွေက အရည်အချင်း ရှိလို့လားလို့၊ မရှိဘူးလေ။ စော်ကားတာမဟုတ်ဘူး။ ကိုယ့်ဌာန ကိုယ်သိက္ခာချတာ၊ ကိုယ့်ပေါင် ကိုယ်လှန်ထောင်းတာ။ ပြောချင်တာက စစ်တယ်ဆိုတာ မြေစစ်တယ်၊ ရေစစ်တယ်၊ GAP Guideline အတိုင်း။ လိုက် မလိုက်ဆိုတာ၊ တကယ်လိုက်လား၊ စိုက်တဲ့သူက။ ကျနော်တို့ တကယ်ပဲ စစ်နိုင်လား။”

လတ်တလောဖြစ်ပွားနေတဲ့ ပဲတီစိမ်းဓာတ်ကြွင်းပြဿနာက ဖြစ်လေ့ဖြစ်ထရှိတဲ့ Exporter တွေရဲ့ သိုလှောင်ရုံမှာ အသုံးပြုတဲ့ ပိုးသတ်ဆေးမဟုတ်ဘဲ သီးနှံစိုက်ပျိုးထုတ်လုပ်ချိန်မှာ ပါလာတဲ့ အင်းဆက်သတ်ဆေးကြောင့်ဖြစ်တဲ့ ဓာတ်ကြွင်းအမျိုးအစား ဖြစ်ပါတယ်။

စစ်အာဏာမသိမ်းခင် ၂၀၁၇ ခုနှစ်ကစလို့ ပဲတီစိမ်း စိုက်ပျိုးထုတ်လုပ်မှု လုပ်ငန်းတွေအတွက် ဓာတ်ကြွင်းမကျန်ရှိရေး အသိပညာပေးရေးနဲ့ စစ်ဆေးရေးလုပ်ငန်းတွေ အားကောင်းခဲ့ပေမဲ့ အာဏာသိမ်းပြီး နောက်ပိုင်းမှာတော့ ဒီလုပ်ငန်းတွေဟာ မရှိသလောက် ဖြစ်လာပါတယ်။

ဒါကြောင့် ဓာတ်ကြွင်းတွေ့ရှိတဲ့ သီးနှံအမျိုးအမည်တွေ များပြားလာသလို တွေ့ရှိတဲ့ ပမာဏ တန်ချိန်တွေကလည်း အရင်ကထက်ပိုပြီး များပြားလာခဲ့တာ ဖြစ်ပါတယ်။ ဒီအခြေအနေကို ရန်ကုန်တောင်ပိုင်းခရိုင်မှ ပဲစိုက်တောင်သူတယောက်က အခုလိုသုံးသပ်ပါတယ်။

“ပညာပေးလုပ်ငန်းက ၂၀၂၀ ဟိုဘက်မှာကတော့ ထိထိမိမိ တော်တော်များများ ပညာပေး လုပ်ငန်းတွေက ကုမ္ပဏီတွေကလည်း ပံ့ပိုးတယ်။ စရိတ်စကတွေနဲ့ Supporting လုပ်တယ်။ ၂၀၂၁ ဒီဘက်နောက်ပိုင်းမှာ အဲလိုလုပ်တာ မတွေ့ဘူး။ အဲလိုလုပ်တာ မတွေ့တဲ့အခါကျ တောင်သူကလည်း နည်းနည်းလျော့ရဲလာတဲ့အပိုင်း ရှိတာပေါ့။ နှစ်တိုင်း စဥ်ဆက်မပြတ် ဒီတိုင်းလုပ်နေတာ၊ ကျနော်တို့ ၂၀၁၇ နှစ်တုန်းက အဆီဖိတ်နဲ့ ဘာလဲမသိဘူး၊ ဓာတ်ကြွင်းကျန်တာ။ အဲ့ဟာကို တောင်သူ GAP တွေ ဘာညာနဲ့ ဆေးကုမ္ပဏီတွေ အဲဒီလိုလုပ်လိုက်တာ ၂ နှစ်၊ ၃ နှစ်က အကုန်လုံးရှင်းတယ်။ ဘယ်ဟာပဲဖြစ်ဖြစ် Clear ချည်းပဲ။ အဲဟာကနေ ၂၀၂၁ ဒီဘက်ကျတော့ အဲဟာတွေ မလုပ်နိုင်ဘူး။ ဌာနဘက်ကပဲ အားနည်းတာလား၊ တောင်သူပညာပေးက ဒီဘက်နှစ်တွေမှာ အဲလိုလုပ်တဲ့ ပွဲကြီးကြီး ဘာညာမတွေ့ဘူး။ အဲဒီအတွက် တောင်သူက လျော့ရဲလာတယ်။”

လတ်တလောမှာတော့ မိုးစပါးရိတ်သိမ်းချိန်ဖြစ်ပြီး ရိတ်သိမ်းပြီးတဲ့နောက် လာမယ့် နိုဝင်ဘာလကစပြီး သီးထပ်အဖြစ် ပဲတီစိမ်းကို စိုက်ပျိုးကြမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီက စိုက်ပျိုးခဲ့တဲ့ တရုတ်နိုင်ငံကို တင်ပို့ခဲ့တဲ့ ပဲတီစိမ်းတွေမှာ ဓာတ်ကြွင်းပြဿနာ ဖြစ်ပွားခဲ့တဲ့အတွက် လာမယ့်ရာသီမှာ ထွက်ပေါ်လာမယ့် ပဲတီစိမ်းတွေအတွက် တရုတ်နိုင်ငံကို တင်ပို့တဲ့ ဈေးကွက်အပေါ် ရိုက်ခတ်လာမှုရှိမှာ ဖြစ်ပါတယ်။

“တခြားနိုင်ငံတွေကတောင် ဒီလောက်ကြီးမဆိုးဘဲနဲ့ တရုတ်ပြည်က ဒီလိုချည်းဖြစ်သွားတယ် ဆိုတဲ့ဟာကြီးက ကိုယ်လည်း နည်းနည်း စိတ်ဝင်စားမှုနဲ့ တုန်လှုပ်မှုတော့ ရှိတယ်။ ဘာဖြစ်လို့လဲဆို‌တော့ အန္တရာယ်ကြီးတယ်။ အများဆုံးက ယူတာ တရုတ်လေ။ ရန်ကုန်မှာဆိုရင်လည်း တကယ့် အိတ်စ်ပို့တ်တာ အကြီးတွေက နည်းသွားပြီ။ နည်းလာတယ်။ နည်းလာတော့ တရုတ်ပြည်က တိုက်ရိုက်တွေက ကုမ္ပဏီတွေက ဒီမှာရှိတဲ့ကုမ္ပဏီတွေကို နာမည်ခံပြီးတော့ပို့တာ ရှိတယ်လေ။ အဲကုမ္ပဏီတွေပါ သွားထိနေတော့ ဒီမှာ အကုန်လုံး ဒုက္ခရောက်နေတယ်။”

ပဲတီစိမ်းသီးနှံဟာ ပဲမျိုးစုံသီးနှံတွေထဲမှာ အများဆုံးစိုက်ပျိုးထုတ်လုပ်တဲ့ သီးနှံဖြစ်ပြီး စုစုပေါင်း စိုက်ပျိုးထုတ်လုပ်တဲ့ ဧကပေါင်းက ၃ သန်းနီးပါး ရှိပါတယ်။

ပဲတီစိမ်းကို မကွေးတိုင်းမှာ အများဆုံးစိုက်ပျိုးပြီး စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်းနဲ့ ဧရာဝတီတိုင်းတို့မှာလည်း စိုက်ပျိုးထုတ်လုပ်ပါတယ်။

ပဲတီစိမ်း အပါအဝင် မြန်မာ့ပဲမျိုးစုံသီးနှံဟာ နိုင်ငံခြားငွေ အများဆုံးရရှိတဲ့ စိုက်ပျိုးရေးထွက်ကုန် ဖြစ်ပြီး ၂၀၁၁ ခုနှစ်ကနေ ၂၀၂၀ ပြည့်နှစ်အထိ ပျမ်းမျှ အမေရိကန်ဒေါ်လာ ၁,၁၆၈ သန်း ရရှိခဲ့ပြီး အမေရိကန်ဒေါ်လာ ၁ ဘီလီယံ ရရှိတဲ့ ပထမဆုံးနဲ့ တခုတည်းသော သီးနှံအုပ်စုလည်း ဖြစ်ပါတယ်။

လတ်တလောမှာလည်း မြန်မာ့ပဲတီစိမ်းတွေကို တရုတ်နိုင်ငံကို အဓိကတင်ပို့နေပြီး ဂျပန်နဲ့ အီးယူ ဈေးကွက်ကိုလည်း ဆက်လက်တင်ပို့နေတာ ဖြစ်ပါတယ်။

ဟန်န

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013