ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိက တရုတ်ကို “အရေးပါတဲ့ အိမ်နီးချင်းနိုင်ငံ” လို့ သုံးနှုန်းခဲ့ပြီး ၂ နိုင်ငံကြား တည်ငြိမ်တဲ့ ဆက်ဆံရေး တည်ဆောက်သွားမယ်လို့ ပြောပါတယ်။
တာကာအိချိက အောက်တိုဘာ ၅ ရက် တိုကျိုမှာ ပါလီမန်ကို ပြောကြားတဲ့ မူဝါဒမိန့်ခွန်းမှာ ဒီလိုပြောခဲ့တာ ဖြစ်ပါတယ်။
“တရုတ်ဟာ အရေးပါတဲ့ အိမ်နီးချင်းနိုင်ငံဖြစ်ပြီး အခက်အခဲတွေရှိပေမဲ့ နှစ်ပေါင်းများစွာ ဆက်ဆံရေး တည်ဆောက်လာခဲ့ပါတယ်” လို့ သူက ပြောပါတယ်။
နှစ်နိုင်ငံကြား ဘုံပြဿနာတွေမှာ ဆက်သွယ်ညှိနှိုင်းပြီး ဂျပန်ရဲ့ အမျိုးသားအကျိုးစီးပွားကို ကာကွယ်ဖို့ ဆွေးနွေးမှုတွေ ဆက်လုပ်မယ်လို့လည်း ဆိုပါတယ်။
တချိန်တည်းမှာ ဂျပန်ရဲ့ ရပ်တည်ချက်ကို ပြတ်ပြတ်သားသား ဖော်ပြသွားမယ်လို့ တာကာအိချိက ပြောပါတယ်။
တရုတ်ဘက်ကိုလည်း တာဝန်ယူမှုရှိတဲ့ အပြုအမူတွေ လုပ်ဖို့ အခိုင်အမာ တောင်းဆိုသွားမယ်လို့ ဆိုပါတယ်။
တာကာအိချိက ထိုင်ဝမ်ကို တရုတ်တိုက်ခိုက်လာရင် ဂျပန်ပါဝင်နိုင်တယ်လို့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလမှာ ပြောခဲ့ပြီးနောက် တရုတ်နဲ့ ဆက်ဆံရေး ဆိုးရွားလာခဲ့ပါတယ်။
တရုတ်ကလည်း ဂျပန်ကို ခရီးမသွားဖို့ နိုင်ငံသားတွေကို သတိပေးခဲ့သလို မြေရှားသတ္တု တင်ပို့မှု အပါအဝင် ကုန်သွယ်ရေးကန့်သတ်ချက်တွေ ချမှတ်ခဲ့ပါတယ်။
တရုတ်နိုင်ငံခြားရေး ထိပ်တန်းအရာရှိကလည်း ပြီးခဲ့တဲ့သီတင်းပတ်မှာ ဂျပန်နဲ့ဆက်ဆံရေး “ပုံမှန်ပြန်ဖြစ်လာဖို့ စောင့်နေတယ်” လို့ ပြောထားပါတယ်။










