DVB Logo
Home
Lead Story
ချောက်ကမ်းပါးပေါ်က အင်ဒိုနီးရှား ဒီမိုကရေစီ
DVB
·
September 17, 2025
ချောက်ကမ်းပါးပေါ်က အင်ဒိုနီးရှား ဒီမိုကရေစီ
Donate to DVB

အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆူဘီယန်တိုဟာ သူ့ရဲ့သမ္မတသက်တမ်း ၁၁ လ မပြည့်ခင်မှာပဲ လမ်းဆုံလမ်းခွကို ရောက်နေပါပြီ။ သူဟာ ပြည်သူလူထုရဲ့ အမျက်ဒေါသနဲ့ မကျေနပ်မှုတွေကြားမှာ သမ္မတဖြစ်ခဲ့သူအဖြစ် မှတ်တမ်းတင်ခံမလား၊ ဒါမှမဟုတ် တိုင်းပြည်ရဲ့ စိန်ခေါ်မှုတွေကို နားလည်ပြီး နိုင်ငံအကျိုးအတွက် လုပ်ဆောင်ခဲ့သူအဖြစ် ကမ္ပည်းရေးထိုးသွားမလား ဆိုတာပါပဲ။

ပြီးခဲ့တဲ့နှစ်ပတ်အတွင်း အင်ဒိုနီးရှားတဝန်းမှာ ဖြစ်ပွားနေတဲ့ အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲတွေဟာ ယာယီပေါက်ကွဲမှုတွေလို့ မဆိုနိုင်ပါဘူး။ အာဏာအလွဲသုံးစားလုပ်မှု၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ စံနှုန်းတွေ ယိုယွင်းလာမှုနဲ့ အခြေခံလူ့အခွင့်အရေးချိုးဖောက်မှုတွေအပေါ် ကြာရှည်စွာဖိနှိပ်ခံခဲ့ရတဲ့ မကျေနပ်မှုတွေရဲ့ စုစည်းပေါက်ကွဲမှု ရလဒ်တခုသာ ဖြစ်ပါတယ်။

ပရာဘိုဝိုအစိုးရဟာ ၂၀၄၅ ခုနှစ်မှာ နိုင်ငံကို ကမ္ဘာ့စတုတ္ထအကြီးဆုံးစီးပွားရေး ဖြစ်လာဖို့ ရည်မှန်းထားပါတယ်။ ဒီလိုဖြစ်ဖို့ဆိုရင် နှစ်စဉ် စီးပွားရေးတိုးတက်မှုနှုန်း ၈ ရာခိုင်နှုန်း ရှိဖို့ လိုအပ်ပါတယ်။ ဒါပေမဲ့ အင်ဒိုနီးရှားလူဦးရေရဲ့ ၆၈ ရာခိုင်နှုန်းဟာ ဆင်းရဲမွဲတေမှုနဲ့ ရုန်းကန်နေရချိန်မှာ ဒီလိုကြီးကျယ်တဲ့ ရည်မှန်းချက်တွေဟာ သန်းပေါင်းများစွာသော ပြည်သူတွေအတွက် ဘာအဓိပ္ပာယ်မှမရှိပါဘူး။

အင်ဒိုနီးရှားပြည်သူတွေဟာ အရင်ကလည်း ဒီလိုလျင်မြန်တဲ့ စီးပွားရေးတိုးတက်မှုကို ကြုံဖူးပါတယ်။ အထင်ရှားဆုံးကတော့ ပရာဘိုဝိုရဲ့ ယောက္ခမဟောင်းဖြစ်တဲ့ ဆူဟာတိုရဲ့ အာဏာရှင်လက်ထက် (၁၉၆၇-၉၈) မှာဖြစ်ပါတယ်။ ဒီသမိုင်းအတွေ့အကြုံကြောင့် သူတို့ဟာ ရေရှည်တည်တံ့ပြီး အားလုံးပါဝင်နိုင်တဲ့ ဖွံ့ဖြိုးတိုးတက်မှုဆိုတာ အာဏာရှင်ဆန်ဆန် အုပ်ချုပ်မှုကနေမဟုတ်ဘဲ နိုင်ငံရေးနဲ့ လူမှုရေးပြုပြင်ပြောင်းလဲမှုတွေပေါ်မှာ မူတည်တယ်ဆိုတာကို ကောင်းကောင်းသိကြပါတယ်။

အရင်အစိုးရတွေကို အပြစ်တင်တာ ဒါမှမဟုတ် အာဏာကို ပါတီကြီးတွေကြားမှာပဲ စုစည်းထားတာက ရေတိုတည်ငြိမ်မှုကို ပေးနိုင်ပေမဲ့ ဒီမိုကရေစီရဲ့ ကြံ့ခိုင်မှုကိုတော့ အားနည်းစေပါတယ်။ အင်ဒိုနီးရှားနိုင်ငံ လိုအပ်နေတာက ဆင်းရဲမွဲတေမှုကို လျှော့ချဖို့၊ အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးဖို့နဲ့ အစိုးရအပေါ် ယုံကြည်မှုကို ပြန်လည်တည်ဆောက်ဖို့ ခိုင်မာတဲ့ လုပ်ဆောင်ချက်တွေပါပဲ။

တိုင်းပြည်ရဲ့ နက်ရှိုင်းလာတဲ့ လူမှုရေး ကွဲပြားမှုတွေကို ပြန်လည်ကုစားဖို့ မူဝါဒချမှတ်သူတွေအနေနဲ့ အရေးတကြီး ဦးစားပေးလုပ်ဆောင်ရမယ့် အချက် ၄ ချက်ရှိပါတယ်။

ပထမတချက်ကတော့ အာဏာ ၃ ရပ်ခွဲဝေမှုကို အခိုင်အမာကျင့်သုံးပြီး အကျိုးစီးပွားပဋိပက္ခတွေကို ဖယ်ရှားပစ်ဖို့ပါပဲ။ အင်ဒိုနီးရှားမှာတော့ အာဏာဟာ တနေရာတည်းမှာ စုစည်းနေဆဲပါ။ နိုင်ငံရေးပါတီအများစုဟာ မိသားစုစီးပွားရေးလုပ်ငန်းတွေလို လည်ပတ်နေပါတယ်။ ခေါင်းဆောင်တွေကလည်း အစိုးရရာထူးတွေ ယူထားသလို တခြားအဖွဲ့အစည်းတွေအပေါ် သြဇာလွှမ်းမိုးထားကြပါတယ်။ နိုင်ငံ့ဝန်ထမ်းဆိုတာ ပါတီရာထူး၊ နိုင်ငံပိုင်လုပ်ငန်း (SOE) ရာထူးနဲ့ ပုဂ္ဂလိကလုပ်ငန်းရာထူးတွေကို တချိန်တည်း မကိုင်ထားသင့်ပါဘူး။

ဒုတိယတချက်ကတော့ ဘဏ္ဍာရေးဆိုင်ရာ ပွင့်လင်းမြင်သာမှုရှိဖို့ပါပဲ။ အစိုးရရဲ့ အခမဲ့ အာဟာရပြည့်ဝသော အစားအစာကျွေးမွေးရေးအစီအစဉ်ဟာ ရည်ရွယ်ချက်ကောင်းပေမဲ့ အလွန်အမင်း ကုန်ကျစရိတ်များပါတယ်။ ဒီအစီအစဉ်အတွက် ဘတ်ဂျက်ဟာ ၂၀၂၆ မှာ ရူပီယာ ၃၃၅ ထရီလီယံအထိ တိုးလာဖို့ရှိနေပါတယ်။ ပိုပြီးထိရောက်တဲ့နည်းလမ်းကတော့ ဒီအစီအစဉ်ကို မလိုအပ်တဲ့ ဒေသ ၅ ခုမှာပဲ ရူပီယာ ၅ ထရီလီယံထက်မပိုတဲ့ ကုန်ကျစရိတ်နဲ့ စမ်းသပ်လုပ်ဆောင်ဖို့ပါပဲ။ ကျန်တဲ့ရန်ပုံငွေတွေကို ဆရာ၊ ဆရာမတွေ၊ ကျန်းမာရေးဝန်ထမ်းတွေနဲ့ အမှိုက်သိမ်းဝန်ထမ်းတွေကို ထောက်ပံ့ဖို့ ဒါမှမဟုတ် ဝင်ငွေနည်းတဲ့သူ၊ ဝင်ငွေအလယ်အလတ်တန်းစားရှိတဲ့ မိသားစုတွေအတွက် တကယ်အကျိုးရှိမယ့် အစီအစဉ်တွေမှာ အသုံးပြုနိုင်ပါတယ်။

တတိယတချက်ကတော့ စစ်တပ်ရဲ့ ဝင်ရောက်စွက်ဖက်မှုကို ထိန်းချုပ်နိုင်ဖို့ အရပ်ဘက်အာဏာကို အားကောင်းအောင် လုပ်ဖို့ပါပဲ။ အရပ်ဘက်ရေးရာတွေမှာ စစ်တပ် ဒါမှမဟုတ် ရဲတပ်ဖွဲ့ဝင်ရောက်စွက်ဖက်တာဟာ ဒီမိုကရေစီအဖွဲ့အစည်းတွေကို ယိုယွင်းစေတတ်ပါတယ်။ အင်ဒိုနီးရှားဟာ မြန်မာနိုင်ငံလို ဒါမှမဟုတ် လက်တင်အမေရိကနဲ့ အာဖရိကက နိုင်ငံတချို့လို မတည်ငြိမ်မှုတွေဆီကို ဦးမတည်သွားအောင် ဒီအကာအကွယ်တွေ လိုအပ်ပါတယ်။

နောက်ဆုံးတချက်ကတော့ ကာလရှည်ကြာ ရွှေ့ဆိုင်းထားတဲ့ ပိုင်ဆိုင်မှု ပြန်လည်သိမ်းဆည်းရေး ဥပဒေကြမ်းကို အတည်ပြုပြဋ္ဌာန်းဖို့ပါပဲ။ ဒီဥပဒေက ပြစ်မှုထင်ရှားစီရင်တဲ့အထိ မစောင့်ဘဲ မခန့်မှန်းနိုင်လောက်အောင် ကြွယ်ဝမှုတွေကို ပြန်လည်သိမ်းဆည်းဖို့ အစိုးရကို အာဏာအပ်နှင်းမှာ ဖြစ်ပါတယ်။ အဓိကရည်ရွယ်ချက်ကတော့ ခိုးယူထားတဲ့ ပြည်သူပိုင်ပစ္စည်းတွေကို သူ့ရဲ့ တကယ့်ပိုင်ရှင်တွေဖြစ်တဲ့ ပြည်သူလူထုဆီကို ပြန်လည်ရောက်ရှိစေဖို့ပါပဲ။

အင်ဒိုနီးရှားခေါင်းဆောင်တွေဟာ ဖိနှိပ်မှုကို ပိုမိုလုပ်ဆောင်မလား၊ ဒါမှမဟုတ် ဒီမိုကရေစီအုပ်ချုပ်ရေး အားကောင်းစေမယ့် တခြားလမ်းကြောင်းကို ရွေးမလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ ပရာဘိုဝိုရဲ့သမိုင်းကို ရွေးကောက်ပွဲမှာ သူ ဘယ်လောက် အနိုင်ရခဲ့သလဲဆိုတာနဲ့ တိုင်းတာမှာမဟုတ်ပါဘူး။ သူ့အစိုးရရဲ့ လူ့အခွင့်အရေး လေးစားလိုက်နာမှု၊ ကျန်းမာရေးနဲ့ ပညာရေးတိုးတက်အောင် လုပ်ဆောင်မှု၊ ကောင်းမွန်တဲ့ အလုပ်အကိုင်တွေ ပိုမိုဖန်တီးပေးနိုင်မှုတွေနဲ့ တိုင်းတာမှာ ဖြစ်ပါတယ်။

သူဟာ ဆူဟာတိုနောက်ပိုင်း အကြီးမားဆုံးဆန္ဒပြပွဲတွေကို ကြုံတွေ့ခဲ့ရတဲ့ သမ္မတအဖြစ် မှတ်တမ်းရေးမလား၊ ဒါမှမဟုတ် နိုင်ငံရေး၊ လူမှုရေးနဲ့ စီးပွားရေးဆိုင်ရာ တရားမျှတမှုကို ဖော်ဆောင်ပေးခဲ့တဲ့ ခေါင်းဆောင်အဖြစ် ဂုဏ်ပြုခံရမလား ဆိုတာကတော့ သူ့ရဲ့ရွေးချယ်မှုပါပဲ။

လီလီယန်အင်း

Ref: Bangkok Post 

(ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပို့စ်သတင်းစာတွင်  ဆောင်းပါးရှင် Lili Yan Ing ရေးသားထားသည့်  “Indonesian democracy on brink” ဆောင်းပါးကို ဘာသာပြန်ဆိုဖော်ပြသည်။  Lili Yan Ing သည် နိုင်ငံတကာစီးပွားရေးအသင်းကြီး၏ အထွေထွေအတွင်းရေးမှူးဖြစ်ပြီး အာဆီယံနှင့် အရှေ့အာရှဆိုင်ရာ စီးပွားရေးသုတေသနအင်စတီကျုတွင် အရှေ့တောင်အာရှဒေသဆိုင်ရာ ဦးဆောင်အကြံပေးတဦးလည်း ဖြစ်ပါသည်။)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013