DVB Logo
Home
နိုင်ငံတကာ
ဂျာဗားပင်လယ်၌ ခရီးသည်တင်သင်္ဘော တိမ်းမှောက်၊ ၆ ဦးသေဆုံးပြီး ၁၃၀ ပျောက်ဆုံး
DVB
·
September 14, 2026
Photo: Reuters
Photo: Reuters
Donate to DVB

အင်ဒိုနီးရှားနိုင်ငံ ဂျာဗားပင်လယ်မှာ ခရီးသည်တင်သင်္ဘောတစင်း ရာသီဥတုဆိုးရွားချိန် တိမ်းမှောက်ခဲ့တာကြောင့် ၆ ယောက်သေဆုံး၊ ၁၃၀ ပျောက်ဆုံးနေပြီးတော့ ၁၀၇ ယောက်ကို ကယ်တင်ထားပါတယ်။

Virgo Transport 8 သင်္ဘောဟာ ဆူရာဘာယာကနေ တောင်ကာလီမန်တန်ပြည်နယ် ဘန်ဂျာမာဆင်မြို့ကို သွားနေချိန် ဆက်သွယ်မှု ပြတ်တောက်ခဲ့ပါတယ်။

စက်တင်ဘာ ၁၃ ရက် မနက်ပိုင်းမှာ ဘန်ဂျာမာဆင်တောင်ဘက် ကီလိုမီတာ ၁၅၀ လောက်အကွာမှာ သင်္ဘောကို နောက်ဆုံးဆက်သွယ်နိုင်ခဲ့ပါတယ်။

ပေ ၃၉၀ ရှည်တဲ့ သင်္ဘောပေါ်မှာ ခရီးသည် ၂၁၃ ယောက်နဲ့ သင်္ဘောဝန်ထမ်း ၃၀၊ စုစုပေါင်း ၂၄၃ ယောက် လိုက်ပါလာပါတယ်။

အာဏာပိုင်တွေက သင်္ဘောတွေနဲ့ ရဟတ်ယာဉ်တစင်းကို စေလွှတ်ထားပြီး ကယ်ဆယ်ရေးဝန်ထမ်း ၂၈၀ က ရှာဖွေကယ်ဆယ်နေပါတယ်။

အင်ဒိုနီးရှား ရှာဖွေကယ်ဆယ်ရေးအဖွဲ့၊ ရေတပ်နဲ့ ရေကြောင်းရဲတပ်ဖွဲ့တို့ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ကိုလည်း ဖွဲ့စည်းထားပါတယ်။

ပျောက်ဆုံးနေသူ ၈ ယောက်ရဲ့ ဆွေမျိုးတယောက်က သူတို့မိသားစု နောက်ဆုံးရရှိခဲ့တဲ့ WhatsApp စာမှာ “ဒီည လှိုင်းတွေက တကယ်ကြောက်စရာကောင်းတယ်၊ သင်္ဘောစီးရင် ဒီလိုပဲ လှုပ်ခတ်ပြီး လှိုင်းတွေနဲ့ ရိုက်ခတ်နေတာလား” လို့ ရေးထားကြောင်း ပြောပါတယ်။

ဒီမိသားစုဝင် ၈ ယောက်ဟာ ဂျာဗားကျွန်းမှာ အစ္စလာမ်ဘာသာရေးပညာရှင်တွေရဲ့ ဂူဗိမာန်တွေကို သွားရောက်ပြီး ဘန်ဂျာမာဆင်ကို ပြန်လာချိန် သင်္ဘောစီးခဲ့ကြတာပါ။

အသက်ရှင်လွတ်မြောက်သူတချို့ကို အနီးအနားက သင်္ဘောတွေက ကယ်တင်ခဲ့ပြီး ပျောက်ဆုံးနေသူတွေရဲ့ မိသားစုတွေက ဆိပ်ကမ်းတွေမှာ သတင်းစောင့်နေကြပါတယ်။

ကျွန်းပေါင်း ၁၇,၀၀၀ ကျော်ရှိတဲ့ အင်ဒိုနီးရှားမှာ သင်္ဘောဟာ အဓိက သယ်ယူပို့ဆောင်ရေးတခု ဖြစ်ပေမဲ့ ၂၀၂၀ ကနေ ၂၀၂၆ ခုနှစ်အထိ သင်္ဘောမတော်တဆမှု ၁၁၁ မှု မှတ်တမ်းတင်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013