
အင်ဒိုနီးရှားနိုင်ငံ ဆွန်ဒါရေလက်ကြားထဲရှိ အာနက် ကရာကတော မီးတောင်ပေါက်ကွဲမှုကို သတင်းသွားယူရင်း ပြီးခဲ့တဲ့ စက်တင်ဘာ ၇ ရက် ကတည်းက ပျောက်ဆုံးနေတဲ့ သတင်းထောက် ငါးယောက်နဲ့ အမြန်ရေယာဉ်ဝန်ထမ်း သုံးယောက်ကို ကယ်ဆယ်ရေးအဖွဲ့တွေက အပူတပြင်း လိုက်လံရှာဖွေနေပါတယ်။
ဂျာဗားကျွန်းနဲ့ ဆူမားတြားကျွန်းကို ပိုင်းခြားထားတဲ့ ဆွန်ဒါရေလက်ကြား ရေပြင်အလယ်ထဲမှာ တည်ရှိနေတဲ့ မီးတောင်ဟာ စက်တင်ဘာ ၄ ရက်က စတင်ပေါက်ကွဲခဲ့တာပါ။
သတင်းထောက်တွေဟာ စပိဘုတ် အဖွဲ့ဝင် သုံးယောက်နဲ့အတူ လိုက်ပါသွားခဲ့ပြီး မီးတောင် ပေါက်ကွဲမှုကို သတင်းသွားယူကြတာ ဖြစ်ပါတယ်။
ဒီခရီးစဉ်ဟာ ဘာပြင်ဆင်မှုမှ မရှိဘဲ မွန်းလွဲ ၁ နာရီမှာ ဖုန်းဆက်ပြီး ၂ နာရီမှာ ရုတ်တရက် ထွက်သွား ကြတာဖြစ်သလို အဲဒီနေ့ ညနေ ၅ နာရီ ဒါမှမဟုတ် ၆ နာရီဝန်းကျင်မှာ ပြန်လာဖို့ ပြင်ဆင် ထားခဲ့တာဖြစ်ကြောင်း ပျောက်ဆုံးနေသူ စပိဘုတ်အဖွဲ့ဝင်တယောက်ရဲ့ ဇနီးဖြစ်သူက ပြောပါတယ်။
သူတို့ကို ဘာသာပေါင်းစုံ ဆုတောင်းပေးကြဖို့နဲ့ ရှာဖွေရေးအတွက် ရေကြောင်းနဲ့ လေကြောင်း ရဲတပ်ဖွဲ့၊ ပန်ဒီဂလန် ရဲတပ်ဖွဲ့၊ အမျိုးသား ရှာဖွေကယ်ဆယ်ရေး အေဂျင်စီနဲ့ ဒေသဆိုင်ရာ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးအေဂျင်စီ (BPBD) စတဲ့ ပူးပေါင်းအဖွဲ့တွေဟာ ရှာဖွေရေး ဧရိယာကို ဒီနေ့မှာပဲ ထွက်ခွာသွားပြီလို့ ရဲတပ်ဖွဲ့တာဝန်ရှိသူက ဆိုပါတယ်။
အာနက် ကရာကတော မီးတောင်က မီးတောင်ပြာတွေဟာ ဂျာကာတာမြို့နဲ့ အနီးဝန်းကျင် ဒေသတချို့အထိ ဖုံးလွှမ်းသွားခဲ့သလို အင်္ဂါနေ့ မနက်ပိုင်းကလည်း မီးတောင် သုံးကြိမ်အထိ ထပ်မံပေါက်ကွဲခဲ့ကြောင်း မီးတောင်စောင့်ကြည့်ရေး အေဂျင်စီက ဆိုပါတယ်။
Source: Reuters











