
ဂျပန်နဲ့ အင်ဒိုနီးရှား အရာရှိတွေဟာ စက်တင်ဘာ ၁၀ ရက်မှာ အင်ဒိုနီးရှားနိုင်ငံအတွင်း တောမီး လောင်ကျွမ်းမှု တိုက်ဖျက်ရေးကို ပံ့ပိုးဖို့ တရက်အလိုမှာ အနောက်ကာလီမန်တန်ဆီ ရောက်လာတဲ့ ဂျပန်ရဲ့ CH-47 ချင်နွတ် ရဟတ်ယာဉ်သုံးစင်းအတွက် ကြိုဆိုပွဲအခမ်းအနားကို ကျင်းပခဲ့ပါတယ်။
ဂျပန်သင်္ဘော JS ခုနိဆာ့ခိနဲ့ သယ်လာတဲ့ ရဟတ်ယာဉ်တွေဟာ အင်ဒိုနီးရှားရဲ့ အဆိုးရွားဆုံး မီးလောင်တဲ့ နေရာတချို့ကို ပစ်မှတ်ထားပြီး စက်တင်ဘာ ၁၂ ရက်ကစလို့ ရေဗုံးကြဲ စစ်ဆင်ရေး တွေမှာ မပါဝင်မီ စမ်းသပ်ပျံသန်းတာတွေနဲ့ ပြင်ဆင်လည်ပတ်တာတွေလုပ်ဖို့ မျှော်လင့်ထား ပါတယ်။
သဘာဝဘေးအန္တရာယ် ကျရောက်လေ့ရှိသော ကျွန်းစုမှာ တောမီးလောင်ကျွမ်းမှု ပျံ့နှံ့တာတွေဟာ ဇွန်လက စပါတယ်။
ခြောက်သွေ့ရာသီဥတုကြောင့် ပိုဆိုးရွားလာပြီး အင်ဒိုနီးရှားဟာ ရေဗုံးကြဲခြင်းနဲ့ တိမ်မျိုးစေ့ကြဲပြီး မိုးအတုရွာခြင်း လုပ်ငန်းတွေအတွက် လေယာဉ် ၅၀ ကျော်ကို ဖြန့်ကြက်ထားပြီး စက်တင်ဘာလမှာ အကြီးမားဆုံးတိုက်ပွဲ ဖြစ်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။
မီးလောင်လို့ ထိခိုက်ခံရတဲ့ နေရာတွေမှာ မြူတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်ပြီး လေထု ညစ်ညမ်းမှုအဆင့်တွေ မြင့်တက်လာခဲ့ပါတယ်။
နိုင်ငံဖြတ်ကျော် မီးခိုးတွေကြောင့် အိမ်နီးချင်း စင်ကာပူနဲ့ မလေးရှားတို့မှာ စိုးရိမ်မှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။
Source: Reuters











