DVB Logo
Home
မြန်မာသတင်း
လားရှိုး နမ့်စလပ်ဈေးဟောင်းတွင် MNDAA က ရောင်းချခွင့်မပြုသဖြင့် ဒေသခံများ အခက်ကြုံ
DVB
·
September 17, 2025
လားရှိုး နမ့်စလပ်ဈေးဟောင်းတွင် MNDAA က ရောင်းချခွင့်မပြုသဖြင့် ဒေသခံများ အခက်ကြုံ
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်၊ နမ့်စလပ်ရွာရှိ ဈေးဟောင်းမှာ စက်တင်ဘာ ၁၆ ရက်ကစပြီး ကိုးကန့်တပ် MNDAA ဘက်က ဈေးရောင်းခွင့်မပြုတော့ဘဲ ဈေးသစ်ကို ရွှေ့ပြောင်းရောင်းချခိုင်းလို့ နေရာငှားဖို့ မတတ်နိုင်သူတွေ အခက်ကြုံနေကြရကြောင်း ဒေသခံတွေဆီက သိရပါတယ်။

ဒေသခံ အမျိုးသားတယောက်က “သိန္နီ၊ ကွတ်ခိုင်ဘက်က အသီးအရွက် ဟင်းသီးဟင်းရွက်တွေ လာရောင်းဖို့ လာတာဆိုတော့ လာခဲ့တဲ့ ဈေးပတ် ဈေးသည်တွေ ဘယ်မှာရောင်းရမှန်းမသိ ဖြစ်နေကြတယ်။ ပြန်လှည့်ပြန်သွားဖို့လည်း အဆင်မပြေ၊ လမ်းဘေးမှာ ဖြစ်သလို ချရောင်းနေကြရလို့ ဒုက္ခရောက်နေကြတယ်” လို့ ပြောပါတယ်။

စက်တင်ဘာ ၁၆ ရက် မနက်ကစပြီး နမ့်စလပ်ဈေးကို MNDAA တပ်ဖွဲ့က ဈေးရောင်းခွင့်မပြုဘဲ ပိတ်သိမ်းလိုက်ကာ ဈေးသစ်ဘက် ပြောင်းရွှေ့ရောင်းချခိုင်းနေတယ်လို့ သူက ပြောပါတယ်။

ဈေးဟောင်းအစား MNDAA ဘက်က အစားထိုးဆိုပြီးတော့ ၅၆၇ စစ်တပ် စခန်းဝင်းနေရာ တနေရာမှာ မြေညှိပြီး လုပ်ထားပေးတာ ဖြစ်တယ်လို့ သူကပြောပါတယ်။

ဆိုင်ခန်းခနဲ့ ဈေးရောင်းခုံ ငှားရမ်းခ ဈေးကြီးတဲ့အပြင် ၆ လစာ တခါတည်း ပေးဆောင်ရတာကြောင့် တချို့ ဈေးလာရောင်းသူတွေ အခက်အခဲ ဖြစ်နေရတယ်လို့ ဆိုပါတယ်။

နောက်ထပ် ဒေသခံတယောက်က “ဘာမှမရှိ၊ နေ့တိုင်းလည်း လာမရောင်း၊ အားတဲ့အချိန် ဟင်းသီးဟင်းရွက်ရှာပြီး လာရောင်းတဲ့ သူတွေက နေရာပျောက်သွားပြီ။ အရင်းအနှီးမရှိတဲ့သူတွေက နေရာမရနိုင်တော့ဘူးလေ” လို့ ပြောပါတယ်။

ဈေးဟောင်းမှာတော့ ရောင်းကုန်ပေါ်မူတည်ပြီး ဈေးကောက် ဈေးနေ့ တရက် ၁,၀၀၀ ကနေ ၃,၀၀၀ အထိသာ ကောက်ခံပေမဲ့ ဈေးသစ်မှာတော့ ဆိုင်ခန်းတခန်းကို တလ ယွမ် ၁,၀၀၀၊ ကျပ် ၆၀၀,၀၀၀ ဝန်းကျင်နဲ့ ၆ ပေ၊ ၈ ပေ ခန့်ရှိ ဈေးရောင်းခုံတခုံကို တလ ကျပ် ၁၀၀,၀၀၀ ပေးရတဲ့အပြင် ၆ လစာ တခါတည်း ပေး‌ရတာကြောင့် တရက်စာ တရက်သာ ရောင်းကြရတဲ့ ဒေသခံတွေ အခက်အခဲ ဖြစ်ရတယ်လို့ သူကပြောပါတယ်။

ဈေးသစ် ‌ရွှေ့ပြောင်းတည်ဆောက်ဖို့ ဒေသခံတွေကို ကြိုတင်အသိပေးတာမျိုး မရှိသလို ညှိနှိုင်း သဘောတူညီမှု ရယူခဲ့တာမျိုးလည်း မရှိဘူးလို့ ဆိုပါတယ်။

နမ့်စလပ် ဈေးဟောင်းနေရာမှာ ဆေးရုံတည်ဆောက်ပြီး ဆေးရုံနေရာက ကားလမ်းမဘေး ဖြစ်တာကြောင့် ဟိုတယ် ဒါမှမဟုတ် လောင်းကစားရုံ တည်ဆောက်မယ်လို့ သတင်းထွက်နေပေမဲ့ သေသေချာ‌ချာတော့ မသိရဘူးလို့ ဒေသခံတွေက ပြောပါတယ်။

သိန္နီဈေးကိုလည်း MNDAA က မြို့ပြင် တိုးဂိတ်အကျော်ဘက် ရွှေ့ပြောင်းတည်ဆောက်ခဲ့ပြီး ဈေးဟောင်းနေရာကို ပုဂ္ဂလိကဆေးရုံကြီး တည်ဆောက်နေတယ်လို့ ဆိုပါတယ်။

နမ့်စလပ်ကို ပြီးခဲ့တဲ့ ၂၀၂၃ နိုဝင်ဘာ ၂၅ ရက် မနက်ပိုင်းက MNDAA နဲ့ ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက် သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013