DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်မွေးနေ့နှင့် Proof of Life ကမ်ပိန်း ဝါရှင်တန်ဒီစီတွင် ပြုလုပ် 
သုတချမ်းသာ
·
June 21, 2026
ဒေါ်အောင်ဆန်းစုကြည်မွေးနေ့နှင့် Proof of Life ကမ်ပိန်း ဝါရှင်တန်ဒီစီတွင် ပြုလုပ် 
1 / 14
Photo: သုတချမ်းသာ/DVB
Donate to DVB

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၁ နှစ်ပြည့်မွေးနေ့နဲ့ အသက်ထင်ရှားရှိနေကြောင်း စစ်အာဏာရှင်က သက်သေပြဖို့ တိုက်တွန်းတဲ့ “Proof of Life” လှုပ်ရှားမှုကို ဒေသစံတော်ချိန် ဇွန် ၂၀ ရက်က အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမှာ ကျင်းပခဲ့ပါတယ်။

မတရားဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လွှတ်ပေးရေး နိုင်ငံတကာက ဝိုင်းဝန်းတိုက်တွန်းပေးဖို့၊ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေက မြန်မာ့အရေးကို အရေးကြီးကိစ္စအဖြစ် သတ်မှတ်ပြီး ထိရောက်တဲ့ နည်းလမ်းတွေနဲ့ အမြန်ဆုံး အကောင်အထည်ဖော်ကူညီပေးဖို့ ကမ္ဘာအနှံ့က မြန်မာ့အရေးဆောင်ရွက်သူတွေက တောင်းဆိုတိုက်တွန်းနေကြတာပါ။

ဝါရှင်တန်ဒီစီအခြေစိုက် မြန်မာ့အရေးဆောင်ရွက်သူ မမင်းမင်းက “ဒီနေ့ ကျမတို့ မယ်ရီလန်းပြည်နယ်မှာ ပြုလုပ်တဲ့ ကွန်မြူနတီပွဲမှာ စုစည်းဖြစ်တာက အမေဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အတွက် ဖြစ်ပါတယ်၊ အဲဒါထက် ပိုအရေးကြီးတာက ဒေါ်အောင်ဆန်းစုကြည် အသက်ထင်ရှားရှိနေတယ်ဆိုတာကို သက်သေပြဖို့ တောင်းဆိုတဲ့ ကမ္ဘာလုံးဆိုင်ရာကမ်ပိန်းကို ဖော်ဆောင်တာ ဖြစ်ပါတယ်။ နိုင်ငံတကာအသိုက်အဝန်းကို ကျမတို့ မေတ္တာရပ်ခံတောင်းဆိုချင်တာက မတရားဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ သောင်းနဲ့ချီတဲ့ ပြည်သူတွေ ပြန်လွတ်မြောက်ရေးအတွက် ဝိုင်းဝန်းတောင်းဆိုပေးကြဖို့ ဖြစ်ပါတယ်။ နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လွတ်မြောက်ရေးအတွက် ကျမတို့ နိုင်ငံတကာအသိုက်အဝန်းကို အကူအညီတောင်းခံနေတာလည်း ဖြစ်ပါတယ်” လို့ ပြောပါတယ်။ 

မြန်မာ့အရေးလှုပ်ရှားသူ ဒေါက်တာထွန်းဝေက “အိန္ဒိယနဲ့ တရုတ်ကလည်း သူတို့စီးပွားရေးအတွက် မင်းအောင်လှိုင်ကို ထောက်ခံပေးနေတဲ့အခါ ကျနော်တို့အမေ ဒေါ်အောင်ဆန်းစုကြည်အတွက် အရမ်းစိုးရိမ်ပါတယ်၊ ဒါကြောင့် အမေဒေါ်အောင်ဆန်းစုကြည် အမြန်လွတ်မြောက်ရေးအတွက် လာရောက်ပြီးတော့ ဆန္ဒထုတ်ဖော်တယ်၊ ဆုတောင်းတယ်၊ အမြန်လွတ်မြောက်ပါစေ၊ ကျန်းကျန်းမာမာ ရှိပါစေ၊ မိသားစု၊ သားငယ်ကင်မ်နဲ့လည်း အမြန်ပြန်ဆုံတွေ့နိုင်ပါစေလို့ ဆုတောင်းနေပါတယ်” လို့ ပြောပါတယ်။

စစ်အာဏာသိမ်း ၅ နှစ်ကျော်ကာလအတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ခေါင်းဆောင်တွေ အပါအဝင် ပြည်သူ ၃၀,၀၀၀ ကျော်ကို စစ်အာဏာရှင်က မတရားဖမ်းဆီးခဲ့ပြီး လက်ရှိအချိန်အထိ အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသား ၂၂,၀၀၀ ကျော် ကျန်ရှိနေတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ မှတ်တမ်းတွေက ဖော်ပြပါတယ်။ 

စစ်အာဏာသိမ်းပြီးနောက်မှာ မတရားသတ်ဖြတ်ခံရတဲ့ ပြည်သူ ၈,၀၀၀ ကျော်ရှိခဲ့ပြီး တရုတ်နဲ့ အိန္ဒိယ အပါအဝင် အိမ်နီးချင်းနိုင်ငံတွေက စစ်ခေါင်းဆောင်ကို အသိအမှတ်ပြုတဲ့ အရိပ်အယောင်ပြလာတာဟာ ကျဆုံးခဲ့သူတွေနဲ့ မတရားဖမ်းဆီးခံရသူတွေ၊ မိသားစုတွေကို မျက်ကွယ်ပြုရာရောက်နေခဲ့တာပါ။

တေးရေး၊ တေးဆို လင်းထက် က “တိုင်းပြည်မှာရှိတဲ့လူငယ်တွေ Gen Z တွေအားလုံးဟာ ဒီနေ့ ဒီတော်လှန်ရေးမှာ ဘာကြောင့် ပါဝင်တာလဲဆိုတဲ့ကိစ္စက ဒေါ်အောင်ဆန်းစုကြည် အုပ်ချုပ်ခဲ့တဲ့ကာလမှာ လူလိုသူလို နေခဲ့ရလို့ ဖြစ်တယ်။ အဲဒီလို လူလိုသူလို နေခဲ့ရတဲ့ကာလကနေ အခုဆိုရင် စစ်ကောင်စီက လူထုကို ကျွန်သဖွယ်ပေါ့နော်၊ နောက်တခု သူတို့ရဲ့အာဏာသက်ကို ချုပ်ကိုင်ဖို့အတွက် လူငယ်တွေကို နေ့စဉ်နဲ့အမျှ ပေါ်တာတွေဆွဲပြီး ဖမ်းဆီးနေတယ်။ အဲဒီလိုလုပ်နေတဲ့ အခြေအနေမျိုးနဲ့ နှိုင်းယှဉ်ပြီးတဲ့အခါကျတော့ ကျနော်တို့လူထု၊ လူတန်းစားအလွှာအသီးသီးက လွတ်မြောက်ဖို့ရာအတွက် ကြိုးပမ်းနေတာဆိုတဲ့ကိစ္စကို ပြောချင်တယ်။ အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည်လို လူထုခေါင်းဆောင်တယောက်၊ ကျနော်တို့ကို မေတ္တာနဲ့အုပ်ချုပ်ခဲ့တဲ့ မေတ္တာနိုင်ငံတော်ကိုမက်လို့ ဒီနေ့တော်လှန်ရေးကို လုပ်တာဖြစ်တယ်ဆိုတဲ့ သတင်းစကားကို သေချာပေးချင်ပါတယ်။”

Founder Kachin Vision မှ M တူးခေါင် က “ထောင်ထဲမှာရောက်နေတဲ့ ကလေးတွေ အများကြီးရှိတယ်၊ လူငယ်လူရွယ်တွေ အများကြီးရှိတယ်၊ သူတို့ဘဝတွေ ပျောက်နေတယ်၊ ကျနော်တို့အတွက် အနာဂတ်ပျောက်နေတယ်။ ကျနော်တို့ရဲ့ ဆွေမျိုးတွေ သားသမီးတွေ အကုန်လုံးက အခက်အခဲဖြစ်နေတယ်ဆိုတော့ ဒီဥစ္စာကို ကျနော်တို့က ဘယ်နေရာပဲရောက်ရောက် ဆန့်ကျင်ဖို့ လိုအပ်တယ်။ အိမ်နီးနားချင်းကောင်းတွေ မဟုတ်ဘူး၊ အိန္ဒိယ သော်လည်းကောင်း၊ တရုတ် သော်လည်းကောင်း အားလုံးတော့ သိနေပြီးသားဖြစ်တယ်၊ ဒါပေမဲ့ ဒီဥစ္စာကို တတ်နိုင်တဲ့ဘက်ကနေပြီးတော့မှ ​တွန်းလှန်နေဖို့ တော်လှန်နေဖို့ အရှိန်အဟုန်မကျဖို့အတွက် လုပ်ဆောင်ဖို့ လိုအပ်ပါတယ်လို့ ကျနော့်အနေနဲ့ ပြောချင်ပါတယ်” လို့ ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်လို ကမ္ဘာသိပုဂ္ဂိုလ်မျိုးကိုတောင် စစ်ခေါင်းဆောင်က ပေါ်ပေါ်တင်တင် မတရားဖမ်းဆီးပြီး နိုင်ငံတကာရဲ့ တိုက်တွန်းချက်တွေကို မျက်ကွယ်ပြုနေတာကိုကြည့်ရင် အကျဉ်းထောင်တွေထဲက နိုင်ငံရေးအကျဉ်းသားတွေအပေါ်မှာလည်း  ထောက်ထားညှာတာမဲ့ အခြေအနေမရှိဘူးလို့ မြန်မာ့အရေးဆောင်ရွက်သူတွေက မှတ်ချက်ပေးပါတယ်။ 

အသက် ၈၁ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်အာဏာရှင်က  ဖမ်းဆီးထိန်းသိမ်းပြီးနောက် ၂၀၂၂ ဒီဇင်ဘာလကစပြီး လက်ရှိအချိန်အထိ ပြင်ပနဲ့ အဆက်အသွယ်ဖြတ်ထားခဲ့တာဖြစ်ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013