DVB Logo
Home
မြန်မာသတင်း
ကျောက်တော် စာသင်ကျောင်းတိုက်ခိုက်မှု အချက်အလက်များမျှဝေရန် IIMM တောင်းခံ
DVB
·
September 16, 2025
ကျောက်တော် စာသင်ကျောင်းတိုက်ခိုက်မှု အချက်အလက်များမျှဝေရန် IIMM တောင်းခံ
Donate to DVB

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ထဲက စာသင်ကျောင်း လေကြောင်းတိုက်ခိုက်ခံရမှုနဲ့ ပတ်သက်ပြီးတော့ မျက်မြင်ကြုံတွေ့ခဲ့သူ၊ တိုက်ရိုက်သိရှိသူတွေအနေနဲ့ အထောက်အထားတွေ မျှဝေကြဖို့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) က စက်တင်ဘာ ၁၆ ရက်မှာ တောင်းဆိုလိုက်ပါတယ်။

စက်တင်ဘာ ၁၂ ရက်မှာ ဖြစ်ပွားခဲ့တဲ့ ကျောက်တော်မြို့နယ်၊ သရက်တစ်ပင်ကျေးရွာက ကျောင်းဆောင် လေကြောင်းတိုက်ခိုက်ခံရမှုမှာ ကျောင်းသားအများစုအပါအဝင် အနည်းဆုံး သေဆုံးသူ ၂၂ ယောက်ရှိပြီး အယောက် ၂၀ ထက်မနည်း ဒဏ်ရာရခဲ့တာပါ။

ဒီလိုဝမ်းနည်းဖွယ်ရာဖြစ်စဥ်ဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးနောက်ပိုင်း စာသင်ကျောင်းတွေကို ဆိုးဝါးစွာ တိုက်ခိုက်မှုတွေထဲက တခုအပါအဝင်ဖြစ်နေပြီး ဒါက တိုက်ခိုက်မှုတွေ၊ သတ်ဖြတ်မှုတွေ၊ အတင်းအကျပ်နေရပ်ရွှေ့ ပြောင်းခံရတာတွေ၊ ငတ်မွတ်ခေါင်းပါးမှုတွေနဲ့ ကြုံနေကြရတဲ့ ရခိုင်ပြည်နယ်က အရပ်သားလူမျိုးစုတွေအားလုံးရဲ့ ခံစားရတဲ့ ဒုက္ခတွေကို ပိုမိုဆိုးရွားစေတယ်လို့လည်း IIMM ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

IIMM အနေနဲ့ အထက်ပါဖြစ်ရပ်တွေအပါအဝင် တခြားလေကြောင်းတိုက်ခိုက်မှုတွေနဲ့ ဆက်စပ်တဲ့ အချက်အလက်တွေကို စုဆောင်းနေပြီး အဲဒီထဲမှာ ဒဏ်ရာရရှိမှု၊ အပျက်အစီးတွေ၊ လေယာဥ်နဲ့ လက်နက်ခဲယမ်းတွေရဲ့ ဓာတ်ပုံ၊ ဒါမှမဟုတ် ဗီဒီယိုတွေ၊ ထိခိုက်သူတွေရဲ့ အချက်အလက်တွေ၊ လေကြောင်းတိုက်ခိုက်ရာမှာ အသုံးပြုတဲ့ လေယာဥ်နဲ့ လက်နက်အမျိုးအစား အချက်အလက်တွေ၊ ပါဝင်သူ လေယာဥ်မှူးတွေနဲ့ သူတို့ကို ပေးအပ်တဲ့အမိန့် အချက်အလက်တွေကို ပေးပို့ကြဖို့ တိုက်တွန်းထားသလို အချက်အလက်တွေ လက်ဝယ်ရရှိထားပါက ယန္တရားရဲ့ Signal နံပါတ် +41 76 691 12 08 ကို ဆက်သွယ်နိုင်မယ်လို့ ဆိုပါတယ်။

အရပ်သားတွေကို မခွဲခြားဘဲ လေကြောင်းကနေ တိုက်ခိုက်ခြင်းက စစ်ရာဇဝတ်မှု၊ ဒါမှမဟုတ် လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ရာဇဝတ်မှု မြောက်နိုင်သလို ကလေးသူငယ်တွေကို တိုက်ခိုက်တာက အလွန်ထိတ်လန့်စက်ဆုပ်ဖွယ်ကောင်းတာကြောင့် IIMM အနေနဲ့ ကလေးတွေကို ထိခိုက်ကျူးလွန်တဲ့ အမှုတွေကို ဦးစားပေး စုံစမ်းနေတယ်လို့လည်း ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ကိန်းဂဏန်း အချက်အလက်တွေအရ အခုနှစ် ဩဂုတ်လကုန်အထိ အကြမ်းဖက်စစ်အုပ်စုရဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်တဲ့ ဖြစ်စဉ်တွေကြားမှာ အသက် ၁၈ နှစ်အောက် ကလေးငယ် ၅၀၇ ယောက်အထိ သေဆုံးခဲ့ပါတယ်။

အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်တွေကို ပြန်ကြည့်ရင် ၂၀၂၅၊ ဩဂုတ်လထဲမှာ အကြမ်းဖက် စစ်အုပ်စုဟာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုပေါင်း ၂၂ ကြိမ်အထိ ပြုလုပ်ခဲ့ပြီး လူပေါင်း ၂၂၅ ယောက်အထိ သေဆုံးခဲ့သလို အဲဒီထဲမှာ အသက် ၁၈ နှစ် အောက် ကလေးသူငယ် ၃၉ ယောက် ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM သို့မဟုတ် ယန္တရား) ကို ၂၀၁၁ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံမှာ ကျူးလွန်နေတဲ့ အကြီးလေးဆုံးသော နိုင်ငံတကာရာဇဝတ်မှုနဲ့ တခြားသော နိုင်ငံတကာ ဥပဒေတွေ ချိုးဖောက်မှုတွေးအတွက် အထောက်အထားတွေ စုဆောင်းဖို့နဲ့ စိစစ်သုံးသပ်နိုင်ဖို့ ၂၀၁၈ ခုနှစ်မှာ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကနေ ဖွဲ့စည်းခဲ့တာပါ။

နိုင်ငံတွင်း၊ ဒေသတွင်းနဲ့ နိုင်ငံတကာ တရားရုံးတွေမှာ လူပုဂ္ဂိုလ်တွေကို တရားစွဲဆိုရာမှာ အသုံးပြုနိုင်မယ့် အထောက်အထားတွေကို ထိန်းသိမ်းစုစည်းပြီးတော့ အမှုနဲ့သက်ဆိုင်တဲ့ ဖိုင်တွဲတွေကို ပြင်ဆင်ခြင်းဖြင့် တရားမျှတမှုနဲ့ တာဝန်ခံမှုတွေ ဖြစ်ထွန်းလာရေးအတွက် ကူညီဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013