DVB Logo
Home
မြန်မာသတင်း
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့် မောင်တောက မွတ်ဆလင်ခေါင်းဆောင်များ တွေ့ဆုံ
DVB
·
September 16, 2025
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့် မောင်တောက မွတ်ဆလင်ခေါင်းဆောင်များ တွေ့ဆုံ
Donate to DVB

အာရက္ခတပ်တော် (AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့ မောင်တောခရိုင်က မွတ်ဆလင်ခေါင်းဆောင်တွေ ဩဂုတ် ၃၀ ရက်က တွေ့ဆုံခဲ့ကြပြီး ဒေသ တည်ဆောက်ရေးနဲ့ ဘာသာရေးလွတ်လပ်ခွင့်တွေကို တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ မောင်တောဒေသခံ မွတ်ဆလင်တွေထံက သိရပါတယ်။

ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့ မွတ်ဆလင်ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးပြီးနောက် နှစ်ပတ်ခန့်အကြာမှာ မောင်တောမြို့မဗလီကို ဖွင့်ပေးပြီး ဝတ်ပြုခွင့် ရရှိခဲ့ကြတယ်လို့ မောင်တောမြို့က မွတ်ဆလင် အမျိုးသားတယောက်က ပြောပါတယ်။

“ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့ မွတ်ဆလင်လူကြီးတွေ၊ ဂျူလီအဖွဲ့တွေ တွေ့ဆုံကြရမှာ ဘာသာရေး လွတ်လပ်ခွင့်၊ လွတ်လပ်စွာသွားလာရေးနဲ့ အနာဂတ် ရခိုင်ပြည်တည်ဆောက်ရေး ကိစ္စတွေ ဆွေးနွေးခဲ့ကြတာရှိတယ်။ နှစ်ဖက်လုံးက အပြုသဘောဆောင်တဲ့ ရလဒ်တွေ ရရှိခဲ့ကြတယ်လို့ ပြောရမယ်။ မွတ်ဆလင်တွေဘက်က မြို့မဗလီကြီးကို ဖွင့်ပေးဖို့ တောင်းဆိုခဲ့သလို ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကလည်း ခွင့်ပြုခဲ့ပြီးတော့ ဒေသတည်ဆောက်ရေးမှာ မွတ်ဆလင်တွေ ပါဝင်ခွင့်အတွက် ဆွေးနွေးခဲ့ကြတာရှိတယ်။”

ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့ မွတ်ဆလင်ခေါင်းဆောင်တွေ အကြား တွေ့ဆုံပြီးနောက် စက်တင်ဘာ ၁၂ ရက်နေ့မှာ ၁၃ နှစ်ကြာ ဝတ်ပြုခွင့်ပိတ်ထားတဲ့ မောင်တောမြို့မ ဗလီကြီးကို ဝတ်ပြုခွင့် ပြုလိုက်တာ ဖြစ်ပါတယ်။

ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့ မွတ်ဆလင်ခေါင်းဆောင်တွေ တွေ့ဆုံမှုက ရခိုင်ပြည် တည်ဆောက်ရေးအတွက် အများကြီး အကျိုးပြုနိုင်သလို ပြည်ပရောက် မွတ်ဆလင်အုပ်စုတွေ ဝါဒဖြန့်မှုတွေကို ချေမှုန်းရာရောက်တယ်လို့ ရခိုင်ဝါရင့်နိုင်ငံရေးသမားတယောက်က မှတ်ချက်ပြု ပြောပါတယ်။

“ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့ မွတ်ဆလင်ခေါင်းဆောင်တွေ တွေ့ဆုံတာဟာ ဘာသာရေး၊ လူမျိုးရေး ခွဲခြားဆက်ဆံမှု မရှိဘူးဆိုတာကို ပြသတာဖြစ်ပြီး အတူယှဉ်တွဲရေးကိုလည်း အများကြီး အထောက်အပံ့တွေ ဖြစ်စေနိုင်တယ်။ ဒါ့အပြင် ရခိုင်ပြည်တည်ဆောက်ရေးမှာလည်း အများကြီး အကျိုးပြုနိုင်ခဲ့ပြီးတော့ ပြည်ပမှာရောက်နေတဲ့ မွတ်ဆလင်အုပ်စုတွေက သတင်းမှားတွေ ဖြန့်နေပေမဲ့လည်း ပြည်တွင်းမှာရှိတဲ့ မွတ်ဆလင်တွေဟာ အမှန်တရားဘက်က ရပ်တည်လိုက်တယ်ဆိုတာ ပြသတာဖြစ်တယ်။”

အာရက္ခတပ်တော်က ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ နေထိုင်ကြတဲ့ မွတ်ဆလင်တွေဟာ အရင်ကထက် ဘာသာရေးလွတ်လပ်ခွင့်နဲ့ လွတ်လပ်စွာ သွားလာခွင့်တွေ ရရှိလာကြပြီး အစိုးရအဖွဲ့တွေမှာလည်း နေရာရလာကြတယ်လို့ မွတ်ဆလင် အသိုက်အဝန်းက သိရပါတယ်။

အာရက္ခတပ်တော်ဟာ ရခိုင်က မြို့နယ် ၁၄ ခုနဲ့ ပလက်ဝမြို့နယ်တို့ကို ထိန်းချုပ်ထားပြီး အဲဒီအထဲမှာ မွတ်ဆလင်တွေ အများဆုံးနေထိုင်ကြတဲ့ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်နဲ့ ကျောက်တော်၊ မြောက်ဦးတို့လည်း ပါဝင်ကြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013