DVB Logo
Home
မြန်မာသတင်း
စစ်ခေါင်းဆောင် လိုလားနေသည့် တရုတ်ရင်းနှီးမြှုပ်နှံမှုများ အမြန်ဝင်မလာနိုင်သေး 
DVB
·
September 16, 2025
စစ်ခေါင်းဆောင် လိုလားနေသည့် တရုတ်ရင်းနှီးမြှုပ်နှံမှုများ အမြန်ဝင်မလာနိုင်သေး 
Donate to DVB

စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံခဲ့တဲ့ စစ်ခေါင်းဆောင်ရဲ့ တရုတ်ခရီးစဉ်ကနေ တရုတ်နဲ့ ကုန်သွယ်ရေးကို မြှင့်တင်ဖို့နဲ့ တရုတ်ရင်းနှံမြှုပ်နှံမှုကို တရုတ်ယွမ်ငွေနဲ့ တိုက်ရိုက်ပေးချေနိုင်ရေး စစ်ခေါင်းဆောင်အမိန့်နဲ့ အမြန်ဆုံး လုပ်ဆောင်နေပေမဲ့ ကာလတခုထိ ကြာနိုင်ကြောင်း တရုတ်အရေးကျွမ်းကျင်သူတွေက မှတ်ချက်ပြုပါတယ်။

စစ်ခေါင်းဆောင်က ပြီးခဲ့တဲ့ဩဂုတ်လကုန်က တရုတ်ခရီးစဉ်မှာ တီယန်ကျင်းမြို့၊ စီချွမ်ပြည်နယ်နဲ့ ချန်ဒူးမြို့တို့က တရုတ်စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံခဲ့တာဖြစ်ပြီး တရုတ်စီးပွားရေးလုပ်ငန်းရှင်တွေဟာ မြန်မာမှာ ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားနေတယ်လို့ ဆိုပါတယ်။

ဒီအတွက် ရင်းနှီးမြှုပ်နှံမှုတွေကို တရုတ်ယွမ်ငွေနဲ့ တိုက်ရိုက်လုပ်လိုပါက အမြန်ဆုံး စီမံဆောင်ရွက်ပေးဖို့နဲ့ တရုတ်နဲ့ ကုန်သွယ်ရေးတို့ကို တိုးမြှင့်လုပ်ဆောင်ဖို့ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၂ ရက်မှာ ပြုလုပ်ခဲ့တဲ့ စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးမှာ စစ်ခေါင်းဆောင်က ပြောကြားခဲ့တာပါ။

လက်တွေ့မှာတော့ တိုင်းပြည်အခြေအနေ မတည်ငြိမ်သေးချိန်မှာတော့ တရုတ်ရင်းနှီးမြှုပ်နှံမှုတွေ ကြာနိုင်ခြေရှိတယ်လို့ တရုတ်အရေးကျွမ်းကျင်သူတယောက်က မှတ်ချက်ပြုပါတယ်။

“investment ကတော့ လတ်တလောမှာ မလွယ်လောက်သေးဘူး ထင်တာပဲ။ ရွေးကောက်ပွဲအပြီး အခြေအနေ တည်ငြိမ်မှပဲ ရင်းနှီးမြှုပ်နှံမှုတွေ အခြေအနေ သေချာစောင့်ကြည့်ပြီးမှ ဝင်လာနိုင်ခြေ ရှိပါတယ်။ ဒါကလည်း ကာလတခုအထိ ကြာဦးမယ် ထင်တယ်။ တရုတ်နဲ့ ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုကို အလေးပေးပြောလည်း ပြောရင် ရှင်းပါတယ်။ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုန်သွယ်ရေးမှာ အစကတည်းက တရုတ်ကို အားထားနေရတော့ ၁၀၂၇ နောက်ပိုင်းမှာ နယ်စပ် ကုန်သွယ်ရေးက လုံးဝရပ်သလို ဖြစ်သွားတော့ စစ်ကော်မရှင် ဝင်ငွေတွေ တော်တော်ထိခိုက်မှာပါပဲ။ သူ့အနေနဲ့ အဓိကဝင်ငွေက တရုတ်ရဲ့ ကုန်သွယ်ရေး ရင်းနှီးမြှုပ်နှံမှုကိုပဲ အားထားရမှာမို့လို့ပါ။ နောက်တခုကတော့ ကုန်သွယ်ရေးပြန်ပြီး ချောချောမွေ့မွေ့စနိုင်ဖို့၊ ကုန်သွယ်ရေးအခြေအနေ တည်ငြိမ်ဖို့ဆိုတာက မြောက်ပိုင်းက အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး၊ နှစ်ဖက်အပစ်ရပ်ရေး သဘောတူညီချက် အာမခံချက်တွေ လိုပါတယ်။”

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန (DICA) ရဲ့ တရားဝင်ထုတ်ပြန်ချက်တွေအရ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေဟာ စစ်တပ်အာဏာမသိမ်းခင် ၂၀၂၀-၂၁ ဘဏ္ဍာနှစ်မှာ အမေရိကန်ဒေါ်လာ သန်းပေါင်း ၃၇၉၁ ဒသမ ၃၈၉ ရှိခဲ့ပြီး ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်မှာတော့ အမေရိကန်ဒေါ်လာ သန်း ၆၉၀ ဒသမ ၁၈၉ သာ ရှိခဲ့တာဖြစ်ပြီး ဒါက ၅ နှစ်တာကာလမှာ ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း ၅ ဆကျော်လောက် ကျဆင်းသွားခဲ့တာလည်း ဖြစ်ပါတယ်။

တရုတ်ရင်းနှီးမြှုပ်နှံမှုတွေက တိုင်းပြည်တည်ငြိမ်အေးချမ်းမှုနဲ့ ကုန်သွယ်ရေးလမ်းတွေအပေါ် မူတည်နေတယ်လို့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒရေးရာ အင်စတီကျု (ISP) မြန်မာရဲ့ ပြင်ပ ဆက်ဆံဆက်သွယ်ရေး ဒါရိုက်တာ ဦးအောင်သူငြိမ်းကလည်း ပြောပါတယ်။

“ကျနော်နဲ့ သိသလောက်ကတော့ တရုတ်နဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ဖိတ်ခေါ်တာ၊ ဒါတွေ လုပ်ခဲ့တာတွေရှိတယ်။ ရွေးကောက်ပွဲပြီးတဲ့ ဟိုဘက်နောက်ပိုင်းမှာမှပဲ ရင်းနှီးမြှုပ်နှံမှုတွေက ပိုမြန်လာမယ် ထင်ပါတယ်။ သေချာတော့ ပြောလို့ မရဘူးပေါ့နော်။ တဖက်ကတော့ တည်ငြိမ်မှုကို ကြည့်ရမယ် ထင်ပါတယ်။ နောက်တခါ နယ်စပ်ကိုဖြတ်တဲ့ ကုန်သွယ်ရေးလမ်းမကြီးတွေကလည်း ပြန်မပွင့်သေးဘူးလေနော်။ ဒီအခြေအနေပေါ် မူတည်မယ်လို့ ထင်ပါတယ်။ အနောက်တိုင်းနိုင်ငံတွေနဲ့ ကျန်တဲ့နိုင်ငံတွေကြားထဲမှာ သူက ဆက်ဆံရေးလည်း သိပ်မကောင်းဘူး၊ နောက် တိုင်းပြည်စီးပွားရေး ပြန်မြှင့်ဖို့ဆိုတာ အခုကတော့ တရုတ်ကို ပိုပြီး အားထားရတဲ့ အနေအထားဖြစ်တယ် ထင်ပါတယ်။”

၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၄ ရက်တုန်းကတော့ တရုတ်ယွမ်နဲ့ မြန်မာကျပ်ငွေတို့ တိုက်ရိုက်ကုန်သွယ်နိုင်ကြောင်း စစ်ကောင်စီ ဗဟိုဘဏ်က ကြေညာခဲ့ပါတယ်။

အခုတခါမှာတော့ တရုတ်ယွမ်ငွေနဲ့ မြန်မာကျပ်ငွေတို့ တိုက်ရိုက် ကုန်သွယ်တာတွေအပြင် တရုတ်ယွမ်နဲ့ လာရောက်ရင်းနှီးမြှုပ်နှံမှုကိုပါ ခွင့်ပြုခဲ့မယ်ဆိုရင်တော့ တရုတ်ဩဇာ အခုထက်ပို လွှမ်းမိုးလာနိုင်ကြောင်း လေ့လာသူတယောက်ကလည်း သုံးသပ် မှတ်ချက်ပြုပါတယ်။

“တကယ့် International currency က ဒေါ်လာဖြစ်နေပြီးတော့ တရုတ်ယွမ်ကို သွားအားကိုးလိုက်မယ် ဆိုရင် တရုတ်ရဲ့ ငွေကြေးအာဏာကိုပဲ အပြည့်အဝ အားပေးလိုက်သလို ဖြစ်သွားမယ်။ ပြီးတော့ မြန်မာနိုင်ငံအတွင်းမှာ တရုတ်ရဲ့ ဩဇာအာဏာတွေက မလိုအပ်ဘဲ ကြီးလာမယ်။ အဓိကကတော့ တရုတ်ဘက်က ထိန်းချုပ်နိုင်တဲ့ အန္တရာယ် ပိုပြီး များသွားနိုင်တာပေါ့။”

လက်ရှိ မြန်မာနိုင်ငံမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ အခြေအနေရဲ့ ခွင့်ပြုချက်ကျပြီးသား ပရောဂျက်တွေမှာ ဩဂုတ် ၃၁ ရက် စာရင်းတွေအရ ၂၈ ဒသမ ၃၇ ရာခိုင်နှုန်းနဲ့ စင်ကာပူနိုင်ငံက အများဆုံးဖြစ်နေပြီး တရုတ်နိုင်ငံက ၂၃ ဒသမ ၅၂ နဲ့ ဒုတိယအများဆုံး ဖြစ်ပါတယ်။ တတိယနေရာမှာတော့ ထိုင်းနိုင်ငံက ၁၂ ဒသမ ၄၉ ရာခိုင်နှုန်း ရှိနေပါတယ်။

ဝေဝေ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013