DVB Logo
Home
မြန်မာသတင်း
ဖလူး၊ မင်းလက်ပံကို  ထိုးဖောက်ရန် ကြိုးစားသည့် ခမရ ၂၀၃ တိုက်ခိုက်ခံရပြီး ဖွဲ့စည်းပုံပျက်
အောင်ခန့်
·
August 4, 2026
Photo: CJ (ပုံဟောင်း)
Photo: CJ (ပုံဟောင်း)
Donate to DVB

၈ လကျော်ကြာတဲ့အထိ ဖလူး၊ မင်းလက်ပံကျေးရွာကို ထိုးဖောက်ဖို့ ကြိုးစားနေတဲ့ စစ်ကြောင်းတွေထဲက တပ်မ ၂၂ လက်အောက်ခံ ခမရ ၂၀၃ စစ်ကြောင်း တိုက်ခိုက်ခံရပြီး စစ်ကြောင်းတခုလုံး ဖွဲ့စည်းပုံပျက်ကာ ထိခိုက်သေဆုံးသူတွေ များခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၅ ရက်ကစပြီး ၈ လကျော်ကြာ စစ်အာဏာရှင် စစ်ကြောင်းတွေဟာ ဝေဟင်နဲ့ မြေပြင် ပစ်ကူရယူပြီး တပ်မ ၂၂၊ တပ်မ ၄၄၊ တပ်မ ၅၅ က စစ်မှုထမ်းတပ်သားသစ်တွေကို အင်အားဖြည့်ပြီး ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် ဝေါလေလမ်းပိုင်းနဲ့ တပ်စခန်းတွေကို ပြန်လည်ရယူဖို့နဲ့ ဝေါလေဗျူဟာမကျရေး ထိုးစစ်ဆင်နေတာပါ။

ဩဂုတ် ၃ ရက်နေ့က တပ်မ ၂၂ လက်အောက်ခံ ခမရ-၂၀၃၊ ခမရ-၂၁၀ စစ်ကြောင်းတွေ စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၂၈ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး စောဒါဘော ဦးဆောင်တဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေနဲ့  တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

တိုက်ပွဲအတွင်း ခမရ ၂၀၃ တပ်ရင်းက စစ်ကြောင်းမှူး အပါအဝင် စစ်ကြောင်းတခုလုံးနီးပါး ပျက်စီးခဲ့တယ်လို့ KNU က ထုတ်ပြန်ပါတယ်။

စစ်ရေးသတင်းရင်းမြစ်တယောက်က “(စစ်ကြောင်းတခုလုံး) နီးပါးဆိုတော့ တဝက်ကျော်တာပေါ့။ သူ ကတိပေးထားတာ နယ်စပ်စခန်းတွေ အကုန်လုံး ပြန်ရအောင်ယူမဲ့အပေါ်မှာ မရမကတော့ သူ လုပ်မှာပဲ။ ပွင့်လင်းရာသီရောက်လာရင် သူတို့ဘက်က ထိုးစစ်အပေါ်မှာ ဘယ်လောက် ပြင်ဆင်မှုတွေ ဘယ်လောက် အင်အားတွေရှိသလဲ ဆိုတဲ့အပေါ် မူတည်ပါလိမ့်မယ်။ ပြီးတော့ ပစတွေကလည်း လူတွေက ဝင်တာလည်း မရှိတော့ဘူး။ သူတို့ လိုက်ဖမ်းတာကလွဲလိုပေါ့။ အင်အားအပေါ်မှာ ဘယ်လောက်စုနိုင်မလဲ” လို့ ပြောပါတယ်။

စစ်တပ်ဘက်က တိုးတက်သော ဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော် (DKBA) ဗိုလ်ဘိအဖွဲ့၊ နယ်ခြားစောင့်တပ် (BGF) အကူအညီနဲ့ ထိုးစစ်ဆင်နေပေမဲ့ ဖလူး၊ မင်းလက်ပံ ကျေးရွာအနီးမှာ KNLA ပူးပေါင်းတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်ခံနေရပါတယ်။

ဒါ့အပြင် စစ်တပ်စစ်ကြောင်းတွေ ထိုးဖောက်နိုင်ဖို့ လေကြောင်းအပြင် မြေပြင်ကနေ လက်နက်ကြီးနဲ့ နေ့ည ပစ်ကူပေးနေရပါတယ်။

ကရင်စစ်ရေး‌လေ့လာသူတယောက်က “တပ်မ ၂၂ လက်‌အောက်ခံတပ်ရင်းတွေ သူတို့က ထုတ်နုတ်အင်အားတွေနဲ့ နယ်စုံက တပ်သားသစ်တွေ ပစတွေနဲ့ တက်တာဖြစ်တဲ့အတွက် လူသစ်တွေ နယ်မြေကျွမ်းကျင်မှု မရှိဘူး။ ပြီးလို့ရှိရင် စစ်ရေးပရိယာယ် ဗျူဟာ ကျွမ်းကျင်မှုမရှိဘူး။ နားမလည်ဘူး။ လက်ရှိ ရှိနေတဲ့ စကမထဲမှာရှိနေတဲ့ အရာရှိတွေဆိုရင်လည်း စစ်ရေးဗျူဟာအရက ဗိုလ်သင်တန်းဆင်းလို့သာ ပြောတာ သူတို့လည်း တကယ်လက်တွေ့ကျလို့ရှိရင် မြေပြင်ဂ‌ရောင်းမှာက နားမလည်ဘူး။ မကျွမ်းကျင်တဲ့အခါကျတော့ သူတို့ဘက်က စစ်ရေးအရ အောင်မြင်ဖို့ ရာခိုင်နှုန်း တော်တော်နည်းတယ်လို့ ကျနော်တို့ဘက်က သုံးသပ်ထားပြီးသား။ သူတို့ ဘယ်လိုပဲတက်တက် တက်လို့ရှိရင်လည်းပဲ  သေမှာပဲ။ သူတို့တွေက ပစတွေရဲ့ အသက်ကို နှမြောတာ မဟုတ်ဘူး။ လူသေလေ သူတို့တက်လေ သူ(စစ်ဗိုလ်ချုပ်တွေ)တို့ အကျိုးခံစားခွင့် ကောင်းကောင်းရဖို့အတွက်ပဲ သူတို့ဘဝအတွက် မိသားစုအတွက်ကိုပဲ ပစတွေကို အသေခံခိုင်းတယ် ဆိုတာက ကျနော်တို့ မြင်နေရတယ်” လို့ ပြောပါတယ်။

ဩဂုတ် ၂ ရက် မနက်ပိုင်းက ထိုင်းနယ်စပ် မယ့်ကိုကင်း​ကျေးရွာအတွင်းကို လက်နက်ကြီးကျည်တွေ ကျရောက်ခဲ့ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဇူလိုင်လ ဒုတိယပတ်က ရဲကုန်းစခန်းကို အင်အားဖြည့်တင်းဖို့ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်စစ်ကြောင်းကို KNLA ပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကြောင်းမှူး အပါအဝင် အယောက် ၂၀ ထက်မနည်း သေဆုံးပြီး ၄ ယောက် အရှင်ဖမ်းဆီးခံခဲ့ရပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013