DVB Logo
Home
မြန်မာသတင်း
ဒုက္ခသည်များ နေရပ်ပြန်နိုင်ရေးနည်းလမ်းရှာရန် မြန်မာပြည်သွားရောက်ခဲ့သည့် UNHCR အကြီးအကဲပြော
DVB
·
September 16, 2025
ဒုက္ခသည်များ နေရပ်ပြန်နိုင်ရေးနည်းလမ်းရှာရန် မြန်မာပြည်သွားရောက်ခဲ့သည့် UNHCR အကြီးအကဲပြော
Donate to DVB

ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီး ဖိလစ်ပိုဂရန်ဒီက ထွက်ပြေး တိမ်းရှောင်နေကြရတဲ့ ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေး ကိစ္စအပါအဝင် မြန်မာနိုင်ငံရဲ့ မေ့လျော့ခံ အကျပ်အတည်းအတွက် ရန်ပုံငွေနဲ့ အကူအညီ​တွေ တိုးမြှင့်ရရှိဖို့ တောင်းဆို လိုက်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ သွားရောက်ခဲ့တဲ့ ၃ ရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း  ဖိလစ်ပိုဂရန်ဒီက ခုလိုပြောလိုက်တာဖြစ်ပြီး လူပေါင်း သန်းနဲ့ချီ နေရပ်စွန့်ခွာခဲ့ရပြီး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတဲ့ အကြမ်းဖက်မှုနဲ့ ပဋိပက္ခ​တွေရဲ့ ဆိုးရွားတဲ့ အကျိုးဆက်​တွေကို မျက်မြင်ကိုယ်တွေ့ သိရှိခဲ့ရတဲ့အကြောင်းလည်း စက်တင်ဘာ ၁၁ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

“မြန်မာနိုင်ငံတဝန်း သန်းနဲ့ချီတဲ့ ပြည်သူတွေရဲ့ ဒုက္ခဆင်းရဲက အလွန်ကြီးမားပါတယ်။ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ၊ ပစ္စည်းဥစ္စာတွေ ပျက်စီးဆုံးရှုံးတာ၊ အတင်းအကျပ် တပ်သားသစ် စုဆောင်းတာတွေကြောင့် သူတို့အနေနဲ့ နေ့စဉ် အသက်အန္တရာယ် စိုးရိမ်နေကြရပါတယ်။ လူမှုအသိုက်အဝန်းတွေ ဘေးကင်းရေးအတွက် အဖန်ဖန် တိမ်းရှောင်နေကြရပါတယ်။ အရပ်သားပြည်သူတွေဖြစ်တဲ့ အမျိုးသား၊ အမျိုးသမီးတွေ၊ ကလေးသူငယ်တွေကို အကြမ်းဖက်ခံရခြင်းကနေ အကာအကွယ်ပေးရပါမယ်။ ဒါ့အပြင်  သူတို့ ဘေးကင်းလုံခြုံစွာနဲ့ ဂုဏ်သိက္ခာရှိစွာ နေရပ်ပြန်နိုင်စေဖို့အတွက် နည်းလမ်း​တွေကို ရှာဖွေကြရပါမယ်။”

ဒါ့အပြင် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးဟာ ပြီးခဲ့တဲ့ မတ်လအတွင်းက ငလျင်လှုပ်ခတ်မှုဒဏ်ခံခဲ့ရသူတွေဆီလည်း သွားရောက်ခဲ့သလို ပြည်တွင်းရွှေ့ပြောင်းနေထိုင်သူတွေ၊ နိုင်ငံမဲ့ပြည်သူတွေနဲ့လည်း တွေ့ဆုံစကားပြောဆိုခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

စစ်ကောင်စီ အာဘော်သတင်းစာတွေမှာတော့ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ရာပြည့်၊ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ၊ လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ဝန်ကြီး ဦးမြင့်ကြိုင်၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာစိုးဝင်းတို့နဲ့  တွေ့ဆုံခဲ့တယ်လို့  ဖော်ပြပါတယ်။

ခုလိုတွေ့ဆုံဆွေးနွေးကြရာမှာ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူတွေ ပြန်လည်လက်ခံရေးအတွက် UNDP-UNHCR တို့နဲ့ သုံးပွင့်ဆိုင်နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးဆောင်ရွက်နေမှု၊ အဆိုပါလုပ်ငန်းစဉ်တွေ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အစိုးရအချင်းချင်း ညှိနှိုင်း ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေတွေကို ဆွေးနွေးခဲ့ကြတယ်လို့ ဖော်ပြပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်အတွင်းက အကြမ်းဖက်သောင်းကျန်းသူတွေ နှောင့်ယှက်ဟန့် တားမှုကြောင့် ပြန်လည်လက်ခံရေးလုပ်ငန်းစဉ် နှောင့်နှေးကြန့်ကြာနေမှု အခြေအနေနဲ့ ရခိုင်ပြည်နယ်က နေရပ်စွန့်ခွာသူတွေ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်ကို ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ စစ်ကောင်စီခန့် ဝန်ကြီးတွေက ပြောဆိုခဲ့ကြပါတယ်။

ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) အနေနဲ့ အခုနှစ်အတွင်း မြန်မာနိုင်ငံမှာ ကူညီတုံ့ပြန်မှုလုပ်ငန်းတွေအတွက် ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၈၈ ဒသမ ၃ သန်း လိုအပ်နေသလို အခုအချိန်အထိ အဲဒီလိုအပ်ချက်ရဲ့ ၃၃ ရာခိုင်နှုန်းသာ ရရှိသေးတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ငလျင်နောက်ဆက်တွဲ အပါအဝင် ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံတဝန်း လူသားချင်းစာနာထောက်ထားမှု လိုအပ်ချက်နဲ့  တုံ့ပြန်ရေးစီမံချက် ၂၀၂၅ က လိုအပ်တဲ့ ရန်ပုံငွေ ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံရဲ့ ၂၂ ရာခိုင်နှုန်းသာ ကူညီထောက်ပံ့ထားနိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

Source:  UNHCR

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013