DVB Logo
Home
နိုင်ငံတကာ
ဂျပန်တွင် အသက်ရာကျော်ပုဂ္ဂိုလ် ၁၀၀,၀၀၀ နီးပါးထိ စံချိန်တင်မြင့်တက်
DVB
·
September 16, 2025
ဂျပန်တွင် အသက်ရာကျော်ပုဂ္ဂိုလ် ၁၀၀,၀၀၀ နီးပါးထိ စံချိန်တင်မြင့်တက်
Donate to DVB

ဂျပန်နိုင်ငံမှာ အသက် ၁၀၀ နဲ့အထက် လူပုဂ္ဂိုလ် ၁၀၀,၀၀၀ နီးပါးအထိ စံချိန်တင် မြင့်တက်လာခဲ့ပြီး အဲဒီထဲက ၈၈ ရာခိုင်နှုန်းဟာ အမျိုးသမီးတွေ ဖြစ်တယ်လို့ ဂျပန်အစိုးရက ထုတ်ပြန်ပါတယ်။

၅၅ နှစ်ဆက်တိုက် တနှစ်ထက်တနှစ် စံချိန်တင်ခဲ့အပြီး အခုနှစ် စက်တင်ဘာလအထိ အသက် ရာကျော် ပုဂ္ဂိုလ် ၉၉,၇၆၃ ယောက်အထိ ရှိလာခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ကမ္ဘာမှာ လူ့သက်တမ်းအရှည်ဆုံးနိုင်ငံဖြစ်တဲ့ ဂျပန်နိုင်ငံမှာ မကြာခဏဆိုသလို ကမ္ဘာ့အသက်အကြီးဆုံးပုဂ္ဂိုလ်အဖြစ် စံချိန်တင်သူတွေလည်း ပေါ်ထွက်လေ့ရှိပါတယ်။

သက်ကြီးရွယ်အို တိုးပွားမှု အမြန်ဆုံး ဒီနိုင်ငံဟာ ကျန်းမာရေးနဲ့လျော်ညီတဲ့ နေထိုင်မှုစနစ်ကြောင့် ထင်ရှားသလို တဖက်မှာလည်း မွေးဖွားနှုန်းနည်းပါးတဲ့ ပြဿနာကို ရင်ဆိုင်နေရပါတယ်။

ဂျပန်မှာ လက်ရှိ အသက်အကြီးဆုံးပုဂ္ဂိုလ်ဟာ အသက် ၁၁၄ နှစ်အရွယ် အဘွားအို ရှီဂေကို ကာဂါဝါ ဖြစ်ပြီး အသက်အကြီးဆုံး အမျိုးသားကတော့ အသက် ၁၁၁ နှစ်အရွယ် ကီယိုတာကာမီဇူနို ဖြစ်ပါတယ်။

အရေအတွက် အတိအကျအားဖြင့် အမျိုးသမီး ၈၇,၇၈၄ ယောက်၊ အမျိုးသား ၁၁,၉၇၉ ယောက် ဖြစ်ပါတယ်။

ဒီစာရင်းတွေကို စက်တင်ဘာ ၁၅ ရက်နေ့မှာ ကျရောက်တဲ့ ဂျပန်သက်ကြီးဝါကြီးနေ့ မတိုင်မီ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

တနှစ်တာကာလအတွင်းမှာ အသက်ရာကျော်ပုဂ္ဂိုလ် လူ ၅၀,၀၀၀ လောက် ထပ်တိုးလာခဲ့ပြီး  ရာပြည့်စာရင်းထဲ ထပ်တိုး ဝင်ရောက်လာသူတွေကို ဝန်ကြီးချုပ်ထံက ဂုဏ်ပြုစာလွှာနဲ့ ငွေခွက် ပေးပို့မှာ ဖြစ်ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013