
အနောက်အာဖရိကရဲ့ ဒံပေါက်လို့ ဆိုရမယ့် ဂျိုလာ့ဖ်ထမင်းအိုးကြီးကို (Jollof Rice) ချက်ပြုတ်ပြင်ဆင်ပြီး ကမ္ဘာ့စံချိန်သစ် တင်နိုင်ဖို့အတွက် နိုင်ဂျီးရီးယား စားဖိုမှူး ဟေလ်ဒါ ဘာဆီက ကြိုးပမ်းခဲ့ပါတယ်။
အဲဒီနောက် အသက် ၂၈ နှစ်အရွယ် ကမ္ဘာ့စံချိန်ရှင်ဟောင်း ဘာဆီရဲ့ နောက်ဆုံကြိုးပမ်းမှုကို လာဂို့စ်မြို့မှာ လူထောင်ပေါင်းများစွာက လာရောက်ကြည့်ရှုခဲ့ကြပါတယ်။
အနောက်အာဖရိကနိုင်ငံတွေရဲ့ သည်းခြေကြိုက် ဂျိုလာ့ဖ်ထမင်း ချက်ပြုတ်ရာမှာ ဆန် ကီလိုဂရမ် ၄,၀၀၀၊ ဆိတ်သား ၁၆၈ ကီလိုဂရမ်၊ ကြက်သွန်နီ ၆၀၀ ကီလိုဂရမ်နဲ့အတူ ခရမ်းချဉ်သီး အနှစ်ဘူး ပေါင်း ၅၀၀ အထိ အသုံးပြုထားကြောင်း သိရပါတယ်။
အခုလိုမျိုး ကမ္ဘာ့စံချိန်တင်နိုင်ဖို့ရာ သီးသန့်တည်ဆောက်ထားတဲ့ ဧရာမအိုးကြီးဟာလည်း အကျယ်နဲ့ အမြင့် ၆ မီတာစီရှိပြီး လီတာပေါင်း ၂၃,၀၀၀ နဲ့အထက် ဆံ့ဝင်တဲ့အလျောက် ကရိန်းနဲ့ မ,ယူရလောက်အောင် ကြီးမားပါတယ်။
ဒီလိုမျိုး လူကြိုက်များတဲ့ ဟင်းလျာကို ချက်ပြုတ်ဖို့အတွက် ၉ နာရီကြာ အချိန်ယူခဲ့ရသလို အခြားလက်ထောက် စားဖိုမှူး ၁၀ ယောက်ကလည်း သစ်သားဇွန်းရှည်ကြီးတွေနဲ့ အဆက်မပြတ်မွှေနေခဲ့တာ တွေ့ရပါတယ်။
ဂျိုလာ့ဖ် ထမင်းက အနောက်အာဖရိကမှာ နေ့စဉ်စားသုံးလေ့ရှိတဲ့ စားစရာတခုဖြစ်ပြီး အသား (ဒါမှမဟုတ်) ပင်လယ်စာ၊ ခရမ်းချဉ်သီးဆော့စ်၊ ဟင်းခတ်အမွှေးအကြိုင်မျိုးစုံနဲ့ ထမင်းကို ရောချက်ထားတာမျိုး ဖြစ်တာကြောင့် ဒံပေါက်နဲ့ အနည်းငယ်ဆင်တူပါတယ်။
ဒါပေမဲ့လည်း ကမ္ဘာ့စံချိန်သစ်အဖြစ် အတည်ပြုနိုင်ဖို့ဆိုရင် ချက်ပြုတ်မှုနဲ့ပတ်သက်တဲ့ အထောက်အထားတွေကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက စစ်ဆေးသုံးသပ်ရဦးမှာ ဖြစ်ပါတယ်။
ဒါကြောင့် ဂင်းနစ်ကမ္ဘာ့စံချိန်အဖွဲ့က ဘာဆီရဲ့အားထုတ်မှုကို “ကံကောင်းပါစေ” ကြောင်း X လူမှုကွန်ရက်ပေါ်မှာ ဆုတောင်းပေးခဲ့ပါတယ်။
၂၀၂၃ တုန်းကလည်း ဘာဆီဟာ ၉၃ နာရီနဲ့ ၁၁ မိနစ်ကြာ ချက်ပြုတ်ပြင်ဆင်ရင်း ဂင်းနစ်ကမ္ဘာ့စံချိန်ကို ပိုင်ဆိုင်နိုင်ခဲ့ပြီးနောက် တိုင်းသိပြည်သိ ဖြစ်လာခဲ့ပါတယ်။
အဲဒီနောက်မှာတော့ အိုင်းရစ်ရှ် စားဖိုမှူး အယ်လန်ဖစ်ရှာက ဘာဆီရဲ့ ၄ ရက်နီးပါးကြာ စံချိန်ကို ကျော်တက်သွားပါတယ်။
လက်ရှိ အချိန်အကြာဆုံး ချက်ပြုတ်နိုင်သူဟာ ဩစတြေးလျက အဗတ် ကွိုင်းဘာဆိုတဲ့ အမျိုးသမီးစားဖိုမှူး ဖြစ်ပြီး နာရီ ၁၄၀ နဲ့ ၁၁ မိနစ် စံချိန် ရရှိထားကြောင်း ဂင်းနစ်မှတ်တမ်းအဖွဲ့အရ သိရပါတယ်။
Source: Reuters










