DVB Logo
Home
မြန်မာသတင်း
တရားမဝင် ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမားများကို ထိရောက်စွာအရေးယူပေးရန် AA ကို တောင်းဆို
DVB
·
September 15, 2025
တရားမဝင် ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမားများကို ထိရောက်စွာအရေးယူပေးရန် AA ကို တောင်းဆို
Donate to DVB

ရခိုင်ပိုင်နက် ပင်လယ်ပြင်ထဲမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက တရားမဝင် ငါးခိုးဖမ်းနေတဲ့ ငါးဖမ်းသမားတွေထဲ အကြမ်းဖက်သမား လူသတ်၊ ဓားပြတိုက်သူတွေ ပါလာမှာကို ဒေသခံ ငါးဖမ်းသမားတွေ စိုးရိမ်နေကြပြီး ငါးမဖမ်းရဲတော့တာကြောင့် အာရက္ခတပ်တော် (AA) အနေနဲ့ ထိရောက်စွာ အရေးယူပေးဖို့ တောင်းဆိုနေကြပါတယ်။

AA ထိန်းချုပ်ထားတဲ့ ရခိုင်ရေပိုင်နက် ပင်လယ်ပြင်အတွင်းမှာ တရားမဝင် ငါးခိုးဖမ်းနေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ငါးဖမ်းသမားတွေကို AA က ဖမ်းဆီးတာတွေ၊ သတိပေးတာတွေ ဆက်တိုက်လုပ်ဆောင်နေပေမဲ့ ငါးခိုးဖမ်းမှုတွေက ဆက်လက်ရှိနေဆဲပါ။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၀ ရက်ကလည်း ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်အတွင်းရှိ ကိုးတန်ကောက်နဲ့ ချိန်ခါလီကျေးရွာရဲ့ အနောက်ဘက်မှာ ဘင်္ဂလားဒေ့ရှ် ငါးခိုးဖမ်းစက်လှေ အစင်း ၈၀ လောက် ရခိုင်ရေပိုင်နက်ထဲကို ကျူးကျော်ဝင်ရောက်ပြီး ငါးခိုးဖမ်းခဲ့တယ်လို့ AA ဘက်က သတင်းထုတ်ပြန်ထားပါတယ်။

အဲဒီထဲက ငါးခိုးဖမ်းစက်လှေ ၅ စင်းကို AA ရဲ့ ကမ်းခြေစောင့်တပ်က ဖမ်းဆီးနိုင်ခဲ့ပြီး ‌စက်လှေတစင်းမှာပါတဲ့ ငါးဖမ်းသမားယောင်‌ဆောင် အကြမ်းဖက်သမားတွေက AA အရာရှိတယောက်နဲ့ တပ်ဖွဲ့ဝင်တယောက်ကို သတ်ဖြတ်ပြီး သေနတ်တွေကို လုယူကာ ဘင်္ဂလားဒေ့ရှ် ရေပိုင်နက်ထဲကို ထွက်ပြေးသွားခဲ့တယ်လို့ ဆိုပါတယ်။

အခုလိုမျိုး ရခိုင်ရေပိုင်နက်တွေထဲမှာ ခိုးဝင်ငါးဖမ်းသမားတွေက ငါးခိုးဖမ်းတာအပြင် ဓားပြတိုက်တာ၊ လုယက်သတ်ဖြတ်တာတွေပါ လုပ်လာကြလို့ ဒေသခံ ငါးဖမ်းသမားတွေအနေနဲ့ စိုးရိမ်နေကြတယ်လို့ ရသေ့‌တောင်မြို့နယ် ဒေသခံတယောက်က ပြောပါတယ်။

“ရခိုင့်ပင်လယ်ထဲမှာ ငါးဖမ်းတာတွေမကဘူး၊ ရခိုင်က ရေလုပ်သားတွေကို ပင်လယ်ထဲမှာ ဓားပြတိုက်တာတို့၊ လူသတ်မှု ကျူးလွန်တာတွေလည်း အများကြီးရှိပါတယ်။ ရခိုင်လှေလုပ်သားတွေက ကိုယ့်ရခိုင့်ပင်လယ်ထဲမှာ ငါးဖမ်းဖို့ကိုတောင် တော်တော်လေး မဝံ့မရဲဖြစ်နေတယ်၊ တော်တော်လေး စိုးရိမ်နေရတဲ့ အနေအထား ရှိပါတယ်။ ခိုးဝင်လာတဲ့ ငါးဖမ်းသမားတွေ လာရင် ဒေသခံ ငါးဖမ်းသမားတွေက ထွက်ပြေးရတဲ့ အနေအထားကိုတောင်‌ ရောက်နေတယ်။”

အခုလို ဘင်္ဂလားဒေ့ရှ်နိုင်ငံက ခိုးဝင်ငါးဖမ်းလှေတွေကြောင့် ရခိုင်ဒေသခံ ငါးဖမ်းသမားတွေဟာ သူတို့ အသက်မွေးဝမ်းကျောင်းအတွက် ငါးရှာဖို့ ပင်လယ်ပြင် မထွက်ရဲတဲ့ အခြေအနေတွေ ဖြစ်နေပါတယ်။

အလားတူ မောင်တောက ဒေသခံတယောက်ကလည်း ခိုးဝင်ငါးဖမ်းစက်လှေတွေမှာ အကြမ်းဖက်သမားတွေ ပါလာနိုင်မှာကို စိုးရိမ်မှုတွေရှိနေတယ်လို့ ဆိုပါတယ်။

“ဒီလို ငါးခိုးဖမ်းတဲ့လှေတွေ ဝင်လာသမျှ ပြဿနာကတော့ ရှိနေမှာပေါ့။ သူတို့ထဲမှာ အကြမ်းဖက်တွေလည်း ပါလာနိုင်တယ်၊ စိတ်ချလို့မရဘူးလေ။ ငါးဖမ်းဘုတ်တွေနဲ့တွေ့ရင်လည်း ပါလာတဲ့ လက်နက်တွေ၊ သေနတ်တွေ ပါလာရင်လည်း သေနတ်တွေနဲ့ပစ်တယ်။ ပြီးရင် တုတ်၊ ဓားတွေနဲ့ မောင်းထုတ်တာတွေရှိတယ်။ ဒါကြောင့် ငါးဖမ်းဖို့အတွက် အသက်အန္တရာယ် စိုးရိမ်နေရလို့ မသွားတော့ဘူးပေါ့နော်။ ပင်လယ်ပြင်ကြီးထဲကို တကယ့် ငါးတွေ အများကြီးရနိုင်တဲ့ နေရာတွေထိ မသွားရဲတော့တာပါ။ လုပ်စားတွေက ပျက်တာပေါ့နော်။”

ဒေသခံ ငါးဖမ်းသမားတွေအနေနဲ့ ရခိုင်ပိုင်နက် ပင်လယ်ပြင်ထဲမှာ အသက်မွေးဝမ်းကျောင်း ခြိမ်းခြောက်နေမှုတွေကို AA အနေနဲ့ ထိရောက်စွာ အရေးယူပေးဖို့ လိုအပ်ပြီး ဘေးကင်းလုံခြုံစွာ ငါးဖမ်းခွင့် ရချင်တယ်လို့ ဒေသခံတွေက တောင်းဆိုနေကြပါတယ်။

ရသေ့တောင်မြို့နယ် ဒေသခံတယောက်က “ရခိုင်ပိုင်နက်ထဲကို ခိုးဝင်တဲ့ ဘင်္ဂါလီငါးဖမ်းလှေတွေကို AA ဘက်က ဖမ်းပြီးတော့ ပြန်လွှတ်တယ်။ ဒီအတိုင်းပဲ လိုက်လျောနေမယ်ဆိုရင် ပိုပြီးတော့ အတင့်ရဲလာမယ်၊ ပိုပြီး ရာဇဝတ်မှုတွေကို ပေါ်ပေါ်ထင်ထင် ကျူးလွန်လာမယ်။ ဒေသခံ ရခိုင်လူမျိုးတွေအတွက် ပိုပြီးတော့ စိုးရိမ်စရာ အနေအထားတွေ ဖြစ်လာပါမယ်။ ကျနော်တို့ ပိုင်နက်ထဲကို ဝင်လာပြီး ဒေသကိုခြိမ်းခြောက်တဲ့ပုံစံမျိုး ဖြစ်လာတဲ့အတွက် သူတို့ကို ထိထိရောက်ရောက် အရေးယူစေချင်ပါတယ်။ ထိုက်သင့်တဲ့ပြစ်ဒဏ် ပေးစေချင်ပါတယ်” လို့ ပြောပါတယ်။

တဖက်မှာလည်း AA က တရားမဝင် ငါးခိုးဖမ်းနေသူတွေကို အကြိမ်ကြိမ် ဖမ်းဆီးရမိခဲ့ပြီး  နှစ်ဖက် အပြန်အလှန်လေးစားမှုနဲ့ အကြိမ်ကြိမ် ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ကာ သတိပေးခဲ့တယ်လို့ ဆိုထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလကကနေ ၂၀၂၅ ခုနှစ် သြဂုတ်လအထိ ၈ လတာကာလအတွင်း ရခိုင်ရေပိုင်နက်မှာ တရားမဝင် ငါးခိုးဖမ်းနေတဲ့ ဘင်္ဂလားဒေ့ရှ်ငါးဖမ်းသမား ၂၆၇ ယောက်ကို AA ရဲ့ ကမ်းခြေစောင့်တပ်က ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး အဲဒီထဲက ၁၈၉ ယောက်နဲ့ ငါးဖမ်းစက်လှေ ၂၇ စင်းကို ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ကို လွှဲပြောင်းပေးအပ်တာတွေ ရှိခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် သတင်းတွေမှာ ဖော်ပြထားပါတယ်။

ကေခိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013