
မက္ကဆီကိုနိုင်ငံက ဇွန် ၃၀ ရက်က ကျင်းပတဲ့ ကမ္ဘာ့ဖလားရှုံးထွက်အဆင့်မှာ အီကွေဒေါအသင်းကို အနိုင်ရပြီးနောက် ညပိုင်းမှာ မြို့တော် မက္ကဆီကိုစီးတီးရဲ့ ပါဆီယို ဒီလာရီဖော်မာ မိန်းလမ်းမကြီးတလျှောက် လူတသန်းနီးပါး အောင်ပွဲခံခဲ့ရာက လူအုပ်ပိမိပြီး ၄ ယောက် သေဆုံးခဲ့ပါတယ်။
အခုလို မက္ကဆီကိုအသင်းရဲ့ အောင်မြင်မှုအတွက် အောင်ပွဲခံရင်း သေဆုံးခဲ့ရသူတွေအတွက် အလွန်ဝမ်းနည်းရကြောင်းနဲ့ အာဏာပိုင်တွေအနေနဲ့ သေဆုံးသူတွေရဲ့ မိသားစုဝင်တွေကို ဆက်သွယ် ကူညီဆောင်ရွက်ပေးနေကြောင်း မက္ကဆီကိုသမ္မတ ကလောက်ဒီယာ ရှိန်းဘောင်းမ်က ဇူလိုင် ၁ ရက် မနက် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
အခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲကို အမေရိကန်၊ ကနေဒါတို့နဲ့ ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ မက္ကဆီကိုနိုင်ငံမှာ ဇွန် ၃၀ ရက်က နှစ်ပေါင်း ၄၀ အတွင်း ပထမဆုံးအကြိမ် ရှုံးထွက်အဆင့်ပွဲစဉ်မှာ နိုင်ပွဲရခဲ့တဲ့အပေါ် သမ္မတ ကလောက်ဒီယာ ရှိန်းဘောင်းမ်က မက္ကဆီကို အသင်းသားတွေကို ချီးကျူးဂုဏ်ပြုခဲ့ရင်း သေဆုံးခဲ့သူတွေအတွက်လည်း ဝမ်းနည်းကြောင်း ပြောဆိုခဲ့တာပါ။
မြို့တော်အာဏာပိုင်တွေကလည်း ဒီဖြစ်ရပ်ဆိုးနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ ချက်ချင်းစတင်နေပြီလို့ ထုတ်ပြန်လိုက်ပြီး မက္ကဆီကိုစီးတီး မြို့တော်ဝန် ကလာရာ ဗရူဂါဒါ ကလည်း ဒီလူသေဆုံးမှု ဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ အသေးစိတ် စုံစမ်းစစ်ဆေးမှုတွေ စတင်နေပြီဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ပြောခဲ့ပါတယ်။
ကျန်းမာရေးဌာနရဲ့ အဆိုအရ ပွဲကြည့်စခရင်အကြီးကြီးတွေ တပ်ဆင်ထားတဲ့ လွတ်လပ်ရေးနတ်သမီး အထိမ်းအမှတ်အနီးမှာ အသက် ၁၉ နှစ်အရွယ် အမျိုးသမီးတယောက်နဲ့ အသက် ၄၄ နှစ်အရွယ် အမျိုးသားတယောက်တို့ အသက်ရှူကျပ်ပြီး နေရာတင် သေဆုံးခဲ့သလို အသက် ၄၈ နှစ်အရွယ် အမျိုးသမီးတယောက်လည်း ဆေးရုံရောက်မှ အသက်ရှူကျပ်ကာ ထပ်မံသေဆုံးခဲ့ရပါတယ်။
ဒါ့အပြင် အသက် ၃၀ ကျော်အရွယ် အမျိုးသားတယောက်လည်း အတက်ရောဂါပြင်းထန်ပြီး အစာအိမ်သွေးယိုစီးကာ နှလုံးရပ်ပြီး စတုတ္ထမြောက် သေဆုံးသူအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
မြို့တော်ဝန် ဗရူဂါဒါက သေဆုံးသူမိသားစုတွေကို ဝမ်းနည်းကြောင်း ပြောကြားခဲ့ပြီး ပရိသတ်တွေအနေနဲ့ “စည်းကမ်းရှိရှိ အောင်ပွဲခံကြဖို့” နဲ့ “အရက်သေစာ သောက်စားမှုကို ဆင်ခြင်ကြဖို့” တိုက်တွန်းထားပါတယ်။
မက္ကဆီကိုစီးတီးဟာ ဘေးကင်းလုံခြုံရေးအတွက် မက္ကဆီကိုအသင်း ပွဲရှိတဲ့ရက်တွေမှာ အရက်သေစာ ရောင်းချမှုကို မကြာသေးခင် သီတင်းပတ်တွေကတည်းက ပိတ်ပင်ထားသလို စခရင်တွေကြား လူစုခွဲနိုင်အောင် အကွာအဝေး တိုးမြှင့်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။
အင်္ဂါနေ့က ပါဆီယို ဒီ လာ ရီဖော်မာ လမ်းမကြီးရဲ့ ၂ ကီလိုမီတာကျော်ကို ယာဉ်ကြောပိတ်ဆို့ပြီး စခရင်အကြီးကြီးတွေ တပ်ဆင်ပေးခဲ့ရာမှာ လူဦးရေ ၁ သန်းနီးပါး လာရောက်စုဝေးခဲ့ကြတယ်လို့ မြို့တော်အစိုးရက ပြောပါတယ်။
လူဦးရေ သန်း ၂၀ ကျော်ရှိတဲ့ ဒီမြို့ပြကြီးဟာ လူအုပ်ကြီးနဲ့ အောင်ပွဲခံတာမျိုး အမြဲကြုံဖူးပေမဲ့ အခုလို ဖြစ်ရပ်ဆိုးမျိုး ထပ်မဖြစ်အောင် ရှေ့လျှောက် လုံခြုံရေးစည်းကမ်းတွေကို ပိုမိုတင်းကျပ်သွားမယ်လို့ အာဏာပိုင်တွေက ဆိုပါတယ်။
Source: Reuters











