
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုး-မူဆယ် လမ်းမပေါ်က ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဂိတ်တွေကို လမ်းမကြီးနဲ့ ၅ မိုင် အကွာအထိ ဆုတ်ပေးဖို့ MNDAA ကိုးကန့်တပ်က မတ် ၁၆ ရက် မွန်းလွဲပိုင်မှာ ပြောလိုက်တဲ့အကြောင်း KIA သတင်းရင်းမြစ်က ပြောပါတယ်။
“ဒီရှမ်းပြည်နယ်မြောက်ပိုင်း ပြည်ထောင်စုလမ်းမကြီးတလျှောက် လားရှိုး-မူဆယ် လမ်းမကြီး အနီးအနားတွေမှာရှိတဲ့ KIA ဂိတ်တွေ အားလုံးကို တရားဝင် ဂိတ်အရမ်းများတယ် ဖြုတ်လိုက်ပါ။ MNDAA ဗဟိုအမိန့်ပါလို့ လိုက်ပြောတယ်လို့ သိရတယ်။ မနေ့ မတ်လ ၁၆ ရက်နေ့ မွန်းလွဲ ၁ နာရီ ၂၀ မိနစ်ခန့်ကစ လိုက်ပြောတယ်။”
ကိုးကန့်တပ် MNDAA တွေရဲ့ ပေါ်လစီကို ချုပ်ကိုင်ထားတာက တရုတ်အစိုးရ ဖြစ်နေပြီး တရုတ်အစိုးရက ဘယ်လိုဆိုရင် ဘယ်လို၊ MNDAA တွေကို (တရုတ်က) ကြေးစားငှားထားတဲ့ပုံစံ ဖြစ်နေလို့ အခုလက်ရှိ တရုတ်အစိုးရရဲ့ ပေါ်လစီက ရှမ်းမြောက်လမ်းမတလျှောက် ဘယ်လက်နက်ကိုင်မှ ကပ်လို့ မရအောင်၊ ကုန်သွယ်ရေးလမ်းမ လွတ်လွတ်ကျွတ်ကျွတ် ဖွင့်နိုင်ဖို့ ဖြစ်တယ်လို့ သိရတယ်လို့ ဆိုပါတယ်။
ဒေသခံ အမျိုးသားတယောက်က “ကျနော်တို့ KIO/KIA ဂိတ်တွေကို လမ်းမကြီးကနေ ၅ မိုင်အကွာ အထိ ဆုတ်ခိုင်းတယ်” လို့ ပြောပါတယ်။
မတ် ၁၆ ရက်က MNDAA နဲ့ စစ်ကောင်စီက လားရှိုး ဆင် ၂ ကောင်ဟိုတယ်မှာ အစည်းအဝေး လုပ်ကြတာတွေ့ရပြီး တပတ် တခါ အပတ်တိုင်း အစည်းအဝေးလုပ်ကြတာ တွေ့ရတယ်လို့ လားရှိုးဒေသခံ ယာဉ်မောင်းတယောက်က ပြောပါတယ်။
စစ်ကောင်စီက တရုတ်နဲ့ ညှိပြီး လွှတ်တော်ခေါ် အစိုးရအသစ်ဖွဲ့ပြီးရင် စစ်ကောင်စီနဲ့ MNDAA ပေါင်းပြီး လားရှိုး-မူဆယ် လမ်းပိုင်း လမ်းမကြီး ဖွင့်ဖို့ စီစဉ်နေတယ်လို့ ပြောနေကြတယ်လို့ ဒေသခံက ပြောပါတယ်။
CDM ဗိုကြီး ဇင်ယော်က “တွေ့နေကျအတိုင်းဆိုပေမဲ့ အခု လားရှိုး-မူဆယ် လမ်းပိုင်းတော့ စစ်တပ်က ဖွင့်လိုက်ပြီ။ စစ်တပ်က ဖွင့်လိုက်နိုင်ပြီပေါ့နော်။ စစ်တပ်က ဖွင့်လိုက်နိုင်တဲ့ အနေအထားမျိုးကို တွေ့ရတယ်” လို့ DVB ကို ပြောပါတယ်။
ဒီနေ့မှာတော့ TNLA နဲ့ MNDAA ပစ်ခတ်မှုတွေ ရပ်သွားပြီး နှစ်ဖက်ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးနေကြပါတယ်။
ညီနောင်မဟာမိတ် နှစ်ဖက်တပ်တွေပဋိပက္ခဖြစ်ရင်းနဲ့ စစ်ကောင်စီဘက်က အမြတ်ထွက်သွားတာကတော့ လောလောဆယ် မူဆယ်-လားရှိုးလမ်းပိုင်း ပွင့်သွားတယ်လို့လည်း ပြောပြပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းရဲ့ စစ်ရေးအခြေအနေကို လေ့လာစောင့်ကြည့်နေသူ တယောက်ကတော့ MNDAA နဲ့ စစ်ကောင်စီပေါင်းပြီး လားရှိုး-မူဆယ် ဗျူဟာလမ်းပိုင်း တာဝန်ယူဖွင့်ဖို့ မတ် ၁၆ ရက်က လားရိုး ဆင်နှစ်ကောင် ဟိုတယ်မှာ တွေ့ဆုံဆွေးနွေးအပြီး မူဆယ်-လားရှိုးလမ်းပိုင်း ဖွင့်လိုက်တာလို့ ပြောပါတယ်။
နမ္မတူ၊ နမ့်ခမ်း၊ ကွတ်ခိုင်မြို့တွေကို တိုက်ယူပေးပြီး လားရှိုးကို ပြန်အပ်သလို အပ်မယ် ခန့်မှန်းရတယ်လို့ သူက ပြောပါတယ်။











