DVB Logo
Home
Lead Story
နီပေါဆန္ဒပြပွဲက အာရှတလွှားက Gen Z တွေရဲ့ ကျယ်ပြန့်တဲ့ နိုင်ငံရေးလှုပ်ရှားမှုကို ထင်ဟပ်နေ
DVB
·
September 15, 2025
နီပေါဆန္ဒပြပွဲက အာရှတလွှားက Gen Z တွေရဲ့ ကျယ်ပြန့်တဲ့ နိုင်ငံရေးလှုပ်ရှားမှုကို ထင်ဟပ်နေ
1 / 15
Donate to DVB

နီပေါနိုင်ငံက ဆန္ဒပြပွဲတွေဟာ အင်ဒိုနီးရှား၊ ဘင်္ဂလားဒေ့ရှ်နဲ့ သီရိလင်္ကာတို့မှာ လူငယ်တွေ ဦးဆောင်ခဲ့တဲ့ အလားတူလှုပ်ရှားမှုတွေကို ထင်ဟပ်နေတယ်လို့ ပညာရှင်တဦးက ဆိုပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်အစောပိုင်းမှာ နီပေါနိုင်ငံအစိုးရက ဆိုရှယ်မီဒီယာ လူမှုကွန်ရက် ပလက်ဖောင်း ၂၆ ခုကို ပိတ်ပင်ဖို့ ဆုံးဖြတ်လိုက်ပြီးနောက် လူငယ်အများစု ပါဝင်တဲ့ ထောင်ပေါင်းများစွာသော ပြည်သူတွေဟာ လမ်းပေါ်ထွက်ပြီး အကြီးအကျယ် ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြသူတွေနဲ့ ရဲတွေကြား ထိပ်တိုက်တွေ့ဆုံမှုတွေအတွင်း နာရီအနည်းငယ်အတွင်းမှာပဲ လူ ၂၂ ဦး သေဆုံးပြီး ရာပေါင်းများစွာ ဒဏ်ရာရရှိခဲ့ပါတယ်။

ဒီဆန္ဒပြသူတွေ သေဆုံးမှုအပေါ် ပြည်တွင်းပြည်ပက ပြင်းထန်တဲ့ ဝေဖန်မှုတွေနဲ့ ပြည်သူလူထုရဲ့ အမျက်ဒေါသတွေ ကြီးထွားလာတာကြောင့် ဝန်ကြီးချုပ် ကေပီရှာမာအိုလီနဲ့ သူ့ရဲ့ ဝန်ကြီးအဖွဲ့ဝင်တွေဟာ ရာထူးကနေ နုတ်ထွက်ခဲ့ကြပါတယ်။

ဒေါသထွက်နေတဲ့ လူငယ်ဆန္ဒပြသူတွေဟာ ပါလီမန်နဲ့ တရားရုံးချုပ် အပါအဝင် နိုင်ငံတဝန်းက အစိုးရအဆောက်အအုံ အများအပြားကို မီးရှို့ဖျက်ဆီးခဲ့ကြပါတယ်။ နိုင်ငံရေးသမားတချို့ရဲ့ နေအိမ်တွေလည်း မီးရှို့ခံခဲ့ရပြီး အဓိကနိုင်ငံရေးပါတီကြီးတွေရဲ့ ခေါင်းဆောင်တွေကတော့ ပုန်းအောင်းနေခဲ့ရပါတယ်။

နီပေါစစ်တပ်ဟာ အခြေအနေကို ထိန်းချုပ်နိုင်ဖို့ လမ်းတွေပေါ်မှာ တပ်တွေ ဖြန့်ကြက်ထားပေမဲ့ အစိုးရသစ်ထံကိုတော့ တရားဝင်အာဏာ လွှဲပြောင်းပေးခြင်း မရှိသေးပါဘူး။

ဆန္ဒပြပွဲများဆီသို့ ဦးတည်ခဲ့သော မငြိမ်သက်မှုများ

နီပေါနိုင်ငံအတွက် နိုင်ငံရေးဆန္ဒပြပွဲတွေနဲ့ လူထုအုံကြွမှုတွေဆိုတာ အသစ်အဆန်းတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီတကြိမ် ဆန္ဒပြပွဲကတော့ နိုင်ငံသမိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် Generation Z (၁၉၉၇ နဲ့ ၂၀၁၂ ကြား မွေးဖွားသူများ) လူငယ်တွေက လုံးဝဦးဆောင်ခဲ့တာ ဖြစ်ပါတယ်။

အင်တာနက်နဲ့ ဆိုရှယ်မီဒီယာတွေက ပုံဖော်ပေးလိုက်တဲ့ ဒစ်ဂျစ်တယ်ယဉ်ကျေးမှုထဲမှာ ကြီးပြင်းလာတဲ့ ဒီမျိုးဆက်ဟာ နီပေါနိုင်ငံရဲ့ အဆိုးဆုံး နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့ အစိုးရအပြောင်းအလဲ အကြိမ်ကြိမ် ဖြစ်ခဲ့တာတွေကို ကြုံတွေ့ ဖြတ်သန်းခဲ့ရပါတယ်။ ပြီးခဲ့တဲ့ ၁၅ နှစ်အတွင်းမှာ အစိုးရ ၁၄ ဆက်တောင် အပြောင်းအလဲ ဖြစ်ခဲ့တာပါ။

၂၀၀၈ ခုနှစ်မှာ နီပေါနိုင်ငံဟာ ဘုရင်စနစ်ကနေ ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို ပြောင်းလဲခဲ့ပေမဲ့ သာမန်ပြည်သူတွေအတွက်တော့ တိုးတက်ပြောင်းလဲမှုဆိုတာ မဆိုစလောက်ဘဲ ရှိခဲ့ပါတယ်။ မညီမျှမှု၊ နိုင်ငံရေးအဂတိလိုက်စားမှု၊ အထက်လွှာအသိုက်အဝန်းကပဲ နေရာရမှုနဲ့ ဆွေမျိုးကောင်းစားရေး ဝါဒတွေကတော့ ဆက်လက်ကြီးစိုးနေဆဲပါ။

အခြေအနေကို ပိုဆိုးစေတာကတော့ အလုပ်လက်မဲ့နှုန်းဟာ လူငယ်တွေကြား ၂၀ ရာခိုင်နှုန်းကျော်အထိ ရှိလာနေတဲ့ အချက်ပါပဲ။

မီးပွားဖြစ်စေခဲ့တဲ့ ဆိုရှယ်မီဒီယာ ပိတ်ပင်မှု

လူဦးရေရဲ့ ၅၅ ရာခိုင်နှုန်းလောက်က အင်တာနက် သုံးစွဲနေတဲ့နိုင်ငံမှာ ဆိုရှယ်မီဒီယာ ဆိုတာ ဖျော်ဖြေရေးသက်သက် မဟုတ်ဘဲ နိုင်ငံရေးအသံတွေကို ထုတ်ဖော်တဲ့ နေရာတခုလည်း ဖြစ်ပါတယ်။

နီပေါရဲ့ Gen Z တွေဟာ ဆိုရှယ်မီဒီယာကို လူမှုရေးနယ်ပယ်တခုအဖြစ်သာမက နိုင်ငံရေးနယ်ပယ်တခုအဖြစ်ပါ အသုံးပြုနေကြပါတယ်။ #Nepobaby ဆိုတဲ့ hashtag ဟာ TikTok မှာ ခေတ်စားနေပြီး နိုင်ငံရေးသမားတွေနဲ့ သူတို့ရဲ့သားသမီးတွေရဲ့ ခမ်းနားတဲ့ ဘဝနေထိုင်မှု ပုံစံတွေကို Instagram မှာ ဖော်ပြနေကြပါတယ်။

စက်တင်ဘာ ၃ ရက်မှာတော့ အစိုးရဟာ ကုမ္ပဏီတွေကို နီပေါမှာ မှတ်ပုံတင်ရမယ်ဆိုတဲ့ ညွှန်ကြားချက်ကို အကြောင်းပြပြီး ဒီဆိုရှယ်မီဒီယာပလက်ဖောင်းတွေကို ပိတ်ပင်ခဲ့ပါတယ်။ အစိုးရကတော့ သတင်းတု၊ သတင်းမှားတွေကို ထိန်းချုပ်ဖို့ လိုအပ်တယ်လို့ အကြောင်းပြခဲ့ပါတယ်။ ဒါပေမဲ့ Gen Z တွေကတော့ ဒီပိတ်ပင်မှုကို ဆင်ဆာဖြတ်တောက်မှု တခုအဖြစ် ရှုမြင်ခဲ့ကြပါတယ်။ ဆိုရှယ်မီဒီယာပေါ်က မကျေနပ်မှုတွေဟာ တနိုင်ငံလုံး အုံကြွမှုအဖြစ် လျင်မြန်စွာ ပြောင်းလဲသွားခဲ့ပါတယ်။

အခြားနိုင်ငံများနှင့် တူညီမှုများ

နီပေါက ဆန္ဒပြပွဲတွေဟာ အာရှတလွှားက တခြားနိုင်ငံတွေဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာနဲ့ အင်ဒိုနီးရှားတို့မှာ မကြာသေးခင်က လူငယ်တွေ ဦးဆောင်ခဲ့တဲ့ လှုပ်ရှားမှုတွေနဲ့ ဆင်တူနေပါတယ်။

၂၀၂၄ ခုနှစ် ဘင်္ဂလားဒေ့ရှ် အရေးအခင်းလိုပဲ နီပေါက လူငယ်တွေဟာ အဂတိလိုက်စားမှုနဲ့ အလုပ်လက်မဲ့ ပြဿနာတွေအပေါ်စိတ်ပျက်ခဲ့ကြပါတယ်။

၂၀၂၂ ခုနှစ် သီရိလင်္ကာရဲ့ “Aragalaya” လှုပ်ရှားမှုလိုပဲ နီပေါ ဆန္ဒပြသူတွေဟာ မညီမျှမှုနဲ့ ဆွေမျိုးကောင်းစားရေးဝါဒကို တိုက်ဖျက်ခဲ့ကြပြီး အစိုးရပြုတ်ကျတဲ့အထိ ဖြစ်ခဲ့ပါတယ်။

အင်ဒိုနီးရှားက ကျောင်းသားဆန္ဒပြပွဲတွေလိုပဲ နီပေါ ဆန္ဒပြသူတွေဟာ ပါတီယန္တရားတွေကို အားမကိုးဘဲ memes တွေ၊ hashtag တွေနဲ့ ဒစ်ဂျစ်တယ်ကွန်ရက်တွေကို အသုံးပြုပြီး စည်းရုံးခဲ့ကြပါတယ်။

ရှေ့ဆက် ဘာဖြစ်မလဲ

နီပေါအတွက် ရှေ့ဆက်ဘာဖြစ်မလဲ ဆိုတာကတော့ မရှင်းလင်းသေးပါဘူး။ စစ်ဦးစီးချုပ်ဟာ ရွေးကောက်ပွဲအသစ်အတွက် ပြင်ဆင်မယ့် ကြားဖြတ်အရပ်သားအစိုးရတရပ် ဖွဲ့စည်းဖို့ Gen Z တက်ကြွလှုပ်ရှားသူတွေနဲ့ ညှိနှိုင်းနေပါတယ်။ ဒါပေမဲ့ စိန်ခေါ်မှုတွေလည်း ရှိနေပါတယ်။

ဆန္ဒပြလူငယ်တွေဟာ အတွေ့အကြုံမရှိတဲ့ ခေါင်းဆောင်မဲ့ ကွန်ရက်တခု ဖြစ်နေတုန်းပါပဲ။ စက်တင်ဘာ ၁၀ ရက်နေ့တုန်းက အွန်လိုင်းဆွေးနွေးပွဲတခု ကျင်းပပြီးနောက် သူတို့ဟာ အသက် ၇၀ ကျော်အရွယ် တရားသူကြီးချုပ်ဟောင်းတဦးကို ကြားဖြတ်အစိုးရ ခေါင်းဆောင်အဖြစ် အဆိုပြုဖို့ သဘောတူခဲ့ကြတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

ဒါ့အပြင် နီပေါရဲ့ အဓိကအဖွဲ့အစည်းတွေဖြစ်တဲ့ တရားရုံး၊ ဗျူရိုကရေစီယန္တရားနဲ့ လုံခြုံရေး တပ်ဖွဲ့တွေမှာတော့ အဟောင်းမျိုးဆက်က အထက်လွှာတွေကပဲ ကြီးစိုးထားဆဲ ဖြစ်ပါတယ်။ အာဏာအပြောင်းအလဲလုပ်ဖို့ ဘယ်လိုကြိုးပမ်းမှုမျိုးမဆို ခုခံမှုတွေနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။

နီပေါကတော့ ဘင်္ဂလားဒေ့ရှ်ရဲ့ မကြာသေးခင်က အတွေ့အကြုံကို သင်ခန်းစာယူကောင်းပါရဲ့။ ဆန္ဒပြတဲ့ ဘင်္ဂလားဒေ့ရှ် လူငယ်တွေက နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် မိုဟာမက်ယူနွတ်စ်ရဲ့ ဦးဆောင်မှုအောက်မှာ ကြားဖြတ်အစိုးရတရပ် ဖွဲ့စည်းဖို့ ဝင်ရောက်ကူညီခဲ့ကြတဲ့ကိစ္စပါ။

စိန်ခေါ်မှုတွေ ရှိနေပေမဲ့ ဒီအုံကြွမှုဟာ နီပေါရဲ့ ပျက်စီးနေတဲ့ အစိုးရစနစ်ကို ပြင်ဆင်ဖို့ သမိုင်းဝင် အခွင့်အရေးတခုကို ပေးအပ်လိုက်ပါတယ်။ တကယ့်အပြောင်းအလဲကတော့ အာဏာဟာ လူဟောင်းတွေ လက်ထဲကနေ ခေါင်းဆောင်သစ်တွေဆီ ဘယ်လို ပြောင်းမလဲ၊ ပြီးတော့ လူငယ်တွေကို လမ်းပေါ်ထွက်အောင် တွန်းပို့ခဲ့တဲ့ အရင်းခံပြဿနာတွေကို သူတို့ ဖြေရှင်းနိုင်မလား ဆိုတဲ့အပေါ်မှာ မူတည်နေပါတယ်။

ဒီဘီ ဆူဘေဒီ

Ref: CNA 

(စင်ကာပူအခြေစိုက် Channel News Asia သတင်းဌာနတွင် ဆောင်းပါးရှင် DB Subedi  ရေးသားထားသည့် “Deadly Nepal protests reflect wider pattern of Gen Z political activism across Asia” သတင်းဆောင်းပါးကို ဘာသာပြန်ဆို ဖော်ပြသည်။)

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013