DVB Logo
Home
မြန်မာသတင်း
ဗိုက်ခွဲ ကလေးမွေးသည့် အမျိုးသမီး ၁ ဦး သေဆုံးပြီးနောက် ဒလမြို့ကပုဂ္ဂလိက ဆေးခန်း အပိတ်ခံရ
DVB
·
September 15, 2025
ဗိုက်ခွဲ ကလေးမွေးသည့် အမျိုးသမီး ၁ ဦး သေဆုံးပြီးနောက် ဒလမြို့ကပုဂ္ဂလိက ဆေးခန်း အပိတ်ခံရ
Donate to DVB

ပြီးခဲ့တဲ့ရက်ပိုင်းက ဗိုက်ခွဲပြီး ကလေးမွေးတဲ့ ကိုယ်ဝန်ဆောင်သည် အမျိုးသမီးတယောက် သေဆုံးခဲ့ပြီးနောက် ရန်ကုန် တဖက်ကမ်းမှာရှိတဲ့  ဒလမြို့က ပုဂ္ဂလိကဆေးခန်းတခု အပိတ်ခံထားရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

သေဆုံးခဲ့တဲ့ အမျိုးသမီးဟာ ဒလမှာ နေထိုင်တဲ့ အသက် ၃၃ နှစ်အရွယ် တရားလွှတ်တော်ရှေ့နေ ဒေါ်အိအိအေး ဖြစ်ပြီး အပိတ်ခံရတဲ့ ဆေးခန်းကတော့ ဆေးရုံအုပ်ကြီးတယောက်ပိုင်တဲ့ စွမ်းထက် ဆေးခန်း ဖြစ်တယ်လို့ သိရပါတယ်။

ဒေါ်အိအိအေးဟာ စက်တင်ဘာ ၄ ရက် မနက်က သားယောက်ျားလေးကို အဲဒီဆေးခန်းမှာပဲ မွေးခဲ့ပြီးနောက် သားအိမ်ကနေ သွေးတွေ ဒလဟော ဆင်းနေတာကြောင့် ညနေစောင်းမှာ ရန်ကုန်ဘက်ကမ်းက ဗဟိုအမျိုးသမီးဆေးရုံကို ဒေသခံ လူမှုကူညီရေးကားနဲ့ သွားခဲ့ပေမဲ့ နောက်နေ့ သောကြာနေ့ မနက်မှာပဲ သေဆုံးခဲ့တာလို့ ဒလမြို့ခံတယောက်က ပြောပါတယ်။

“ဆေးခန်းကို ဒလမြို့နယ်က သက်ဆိုင်ရာက ပိတ်ခိုင်းထားတယ်တဲ့။ ဆေးခန်းထဲက ပစ္စည်းတွေကိုလည်း နေရာပြောင်းလိုက်ပြီတဲ့။ ပြီးတော့ ကျန်းမာရေးဘက်က တရားစွဲတယ်လို့လည်း ပြောတယ်။ ဒါပေမဲ့ ဒီကိစ္စက အထက်က လူတွေနဲ့ ပိုင်တယ်ဆိုပြီးတော့ ရဲကလည်း ရေငုံနှုတ်ပိတ်နေတယ်။ အဲဒီဆေးရုံက နယ်ဘက်က ဆေးရုံအုပ်ကြီးတယောက်က ပိုင်တာတဲ့။ ကလေးမွေးတဲ့အခါ ခွဲစိတ်တဲ့အခါ အမှားအယွင်းဖြစ်တယ်လို့ ပြောနေကြတယ်။။ ပြီးတော့ ကလေးမှာလည်း လက်မှာ ဓားထိတာ တွေ့တယ်လို့ ပြောတယ်” လို့ ပြောပါတယ်။

သေဆုံးသွားတဲ့ အမျိုးသမီးရဲ့ အသုဘကိုတော့  စက်တင်ဘာ ၇ ရက်က ဒလမြို့၊ ဓနိတော သုသာန်မှာ ပြုလုပ်ပြီး အလောင်းကို မီးသင်္ဂြိုဟ်ခဲ့ပါတယ်။

ဗိုက်ခွဲပြီး ကလေးမွေးတဲ့ အမျိုးသမီး သေဆုံးသွားတဲ့ကိစ္စနဲ့ ပတ်သက်ပြီး စွမ်းထက် ဆေးခန်းဘက်ကိုတော့ မေးမြန်းနိုင်ခြင်း မရှိသေးပါဘူး။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013