
ရန်ကုန်တိုင်း ဒလမြို့နယ်မှာ ရေကန်သန့်ရှင်းရေးလုပ်တဲ့ အမျိုးသား ၂ ယောက် သတိလစ်ပြီး တယောက် သေဆုံးသွားတယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။
ဇူလိုင် ၂၂ ရက် မွန်းလွဲ ၁ နာရီကျော်လောက်က ဒလမြို့နယ်၊ ကျန်စစ်သားရပ်ကွက်၊ မြဝတီမင်းကြီးလမ်း၊ နေအိမ်အောက်မှာရှိတဲ့ ရေကန်ထဲကို ဆင်းပြီး သန့်ရှင်းရေးလုပ်တဲ့ အမျိုးသား ၂ ယောက် သတိမေ့မှုဖြစ်ပွားခဲ့ပြီး တယောက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ကူညီကယ်ဆယ်ရေး ဆောင်ရွက်ပေးသူတယောက်က “သတိလစ် မူးမေ့နေတာ ၂ ယောက်လုံး။ အသက်ကယ်ဖို့ ကြိုးပမ်းကြပေမဲ့ တယောက်က ဆုံးသွားတယ်။ အောက်စီဂျင်ပြတ် သတိမူးမေ့ သေဆုံးတာလို့ သိရတယ်” လို့ ပြောပါတယ်။
ရေကန်သန့်ရှင်းရေးလုပ်ရင်း သတိလစ် မူးမေ့ဖြစ်တဲ့ အမျိုးသား ၂ ယောက်ကို မီးသတ်တပ်ဖွဲ့က ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ခဲ့ပြီး အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့တဲ့ အမျိုးသားကို ဒလမြို့ပြည်သူ့ဆေးရုံကို ပို့ဆောင်ထားပါတယ်။










