
ရန်ကုန်တဖက်ကမ်းက ဒလမြို့မှာ တနေကုန် မိုးခပ်စွေစွေ ရွာနေတယ်။ အုပ်လှငယ် လမ်းမတလျှောက် လမ်းသွယ် ထိပ်တိုင်းလိုလိုမှာ လူတွေ ဟိုတစု၊ သည်တစု စုရုံးကာ တီးတိုးစကား ဆိုနေကြတယ်။
သူတို့ပြောနေတာက ဇွန် ၂၆ ရက် ည ၁၀ နာရီကျော်လောက်မှာ ဒလမြို့မှာ ဖြစ်ပွားခဲ့တဲ့ ထိတ်လန့်ဖွယ် လူသတ်မှု အကြောင်းပါ။ သူတို့ပြောနေတဲ့ အကြောင်းအရာဟာ တခုတည်းပေမဲ့ အမှု ဖြစ်စဉ်ကိုတော့ အမျိုးမျိုး ပုံဖော်နေကြပါတယ်။
ဒလမြို့၊ ရာဇသင်္ကြန်ရပ်ကွက်၊ အုပ်လှငယ် လမ်းပေါ်မှာရှိတဲ့ ' ပြည်ဝ' ကုန်စုံဆိုင်ပိုင်ရှင် လင်မယားကို ဆိုင်အလုပ်သမားဟောင်း အမျိုးသား ၂ ယောက်က ရက်ရက်စက်စက် သတ်သွားတဲ့ အကြောင်းကို မြို့ခံတွေ ပြောနေကြတာပါ။
အခင်းဖြစ်နေအိမ်အနီးနေထိုင်တဲ့ အမျိုးသမီးတယောက်က "လုပ်တဲ့ကောင်တွေကို မိသွားပြီ။ အခုနကပဲ သူတို့ ဘယ်လိုဝင်၊ ဘယ်လိုသတ်ခဲ့တယ်ဆိုတာကို ရဲတွေကလာပြီး သရုပ်ပြခိုင်းနေတာတွေ့တယ်"လို့ ပြောပြတယ်။
ည ၁၀ နာရီကျော်လောက်ကတည်းက အသတ်ခံရတဲ့ အိမ်ရှင်လင်မယားကို သူတို့ရဲ့ မဟော်ဂနီရောင် ကြွေပြားခင်းထားတဲ့ အိမ်အပေါ်ထပ်က သွေအိုင်ထဲမှာ ဇွန် ၂၆ ရက် မနက် ၇ နာရီလောက်မှ ဆိုင်အလုပ်သမား တယောက်က တွေ့ခဲ့တာပါ။
"သိပ်မပြောချင်ဘူး။ မနက်က လိုင်းပေါ်တင်တဲ့ ဒီနားက ဒလီသမားနဲ့ နောက်တဦးကို ရဲက လာဖမ်းသွားပြီ။ လိုင်းပေါ်တင်လို့" လို့ အခြေအနေကို မေးမြန်းဖို့ ကြိုးစားတဲ့အခါ မိသားစုနဲ့ နီးစပ်သူက ပြောတယ်။
လူမှုကွန်ရက်မှာ ပျံ့နှံ့လာတဲ့၊ ကြည့်ရက်စရာ မရှိတဲ့၊ အသက်နဲ့ ခန္ဓာ အိုးစားကွဲနေတဲ့ ရုပ်အလောင်း ၂ ခုကို ညနေပိုင်းမှာတော့ သပ်ရပ်စွာ ပြင်ဆင်ကာ နေအိမ်ဘေးက ကားဂိုဒေါင်လို အဖီမှာ ရေခဲ ခေါင်းတလားနဲ့ ယှဉ်တွဲထားတာကို တွေ့ရတယ်။ ရုပ်အလောင်းတွေရဲ့ မျက်နှာကို ပဝါတွေနဲ့လည်း အုပ်ထားပါတယ်။
သူတို့ဘေးက တွဲယှဉ်ထားတဲ့ အလောင်းတွေရဲ့ ခြေရင်းမှာတော့ ရေဖန်ခွက် ၂ လုံးနဲ့ ဖီးကြမ်း ငှက်ပျောနဲ့ ထိုးထားတဲ့ ကန်တော့ပွဲတခု ရှိနေတယ်။
ဒလမြို့နယ် မှုခင်းရဲတပ်ဖွဲ့ကတော့ ရာဇသင်္ကြန်ရပ်ကွက်၊ အုတ်လှငယ်လမ်း၊ အမှတ် ၂၉၀ နေအိမ်မှာ အိမ်ရှင်ဦးအောင်ကျော်ကျော်နဲ့ ဒေါ်နွယ်နွယ်ထွန်း (ပြည့်ဝကုန်ခြောက်ဆီဆိုင်ပိုင်ရှင်) တို့ ၂ ယောက်၊ နေအိမ်ဒုတိယထပ်ဘုရားခန်းအတွင်း ထိုးသွင်းဒဏ်ရာတွေနဲ့ သေဆုံးနေတာကို အိမ်မှာနေတဲ့ ဆိုင်ဝန်ထမ်းတွေက အခင်းဖြစ်တဲ့နေ့ မနက် ၇ နာရီမှာ တွေ့တယ်လို့ ဆိုတယ်။
ဒါကို သွားစစ်ဆေးကြတဲ့အခါ လင်မယား ၂ ယောက်မှာ ထိုးသွင်းဒဏ်ရာတွေနဲ့ သေဆုံးနေပြီး ရေချိုးခန်းအတွင်းက သွေးပေနေတဲ့ အသွား ၆ လက်မရှိ ဓားတချောင်းနဲ့ စကေဘာတချောင်းကိုတွေ့ရှိခဲ့ပါတယ်။
အိမ်က CCTV ကိုစစ်ဆေးတော့ ဇွန် ၂၅ ရက်ည ၁၀ နာရီ ၁၀ မိနစ်မှာ လူ ၂ ယောက်ဟာ အိမ်အတွင်းဝင်ရောက်လာကြောင်းတွေ့ရှိခဲ့ပြီး ဆိုင်ဝန်ထမ်းတွေကို ပြသမေးမြန်းရာ လွန်ခဲ့တဲ့ ၈ လက အလုပ်ကနေ ထွက်သွားတဲ့ ဆိုင်ဝန်ထမ်းဟောင်း ဗိုလ်ထီး (ခ) မျိုးဇော်နဲ့ ငမျိုး (ခ) မျိုးဇော်အောင်တို့ဖြစ်တယ်လို့ ထွက်ဆိုကြပါတယ်။
ဒါကြောင့် ရဲတပ်ဖွဲ့က ဖြန့်ခွဲရှာဖွေရာ လူသတ်တရားခံ ဗိုလ်ထီး (ခ) မျိုးဇော်နဲ့ ငမျိုး (ခ) မျိုးဇော်အောင်တို့ ၂ ယောက် ကို လှိုင်သာယာနဲ့ သာကေတမြို့ မှာ ဖမ်းမိခဲ့ပါတယ်။
သေဆုံးသူတွေအကြောင်း သိတဲ့ ရပ်ကွက်သားတယောက်က "သူတို့မှာ အမြွှာကလေး ၂ ဦးရှိတယ်။ ဘန်ကောက်မှာ ကျောင်းတက်နေတာ။ အဲဒါ ဒီနှစ် လိုက်သွားကြဖို့ ပြင်ဆင်နေကြတာလေ။ အခုတော့ မလိုက်နိုင်တော့ဘူး" လို့ ပြောတယ်။
မိုးကလည်း ညနေပိုင်းအထိ ဆက်ရွာနေဆဲ၊ အလင်းရောင်က မှိန်ပြီး အမှောင်ထုဘက်ကို ချည်းကပ်လာသလို 'ပြည့်ဝ' ဆိုင်ရှင်လင်းမယား အသတ်ခံရတဲ့ သတင်းဟာလည်း မနက်ပိုင်းက ဈေးတွေ၊ လက်ဖက်ရည်ဆိုင်တွေထဲမှာ ပြောကြတဲ့ တီးတိုး သတင်းကနေ အခုတော့ အရက်၊ ဘီယာဆိုင်တွေမှာ ကျယ်ကျယ်လောင်လောင် ပြောလာတဲ့ အကြောင်း ဖြစ်နေပါပြီ။
Photo: DVB










