DVB Logo
Home
မြန်မာသတင်း
ဝန်ကြီးဌာနများ၏အချက်အလက်များ ပေါက်ကြားနေဟု စစ်ခေါင်းဆောင် ဝန်ခံ
DVB
·
September 13, 2025
ဝန်ကြီးဌာနများ၏အချက်အလက်များ ပေါက်ကြားနေဟု စစ်ခေါင်းဆောင် ဝန်ခံ
Donate to DVB

ဝန်ကြီးဌာနတွေရဲ့ အချက်အလက်တွေ၊ ဝန်ထမ်းတွေရဲ့အချက်အလက်တွေ ဆိုရှယ်မီဒီယာတွေမှာ ပေါက်ကြားနေတယ်လို့ စစ်ခေါင်းဆောင်က ဝန်ခံပြောဆိုလိုက်ပါတယ်။

စက်တင်ဘာ ၁၂ ရက်က နေပြည်တော်မှာလုပ်တဲ့ စစ်ကော်မရှင်နဲ့ စစ်ကောင်စီအစိုးရ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ စစ်ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုခဲ့တာလို့ ဝါဒဖြန့် သတင်းစာတွေမှာ ဖော်ပြပါတယ်။

စစ်ခေါင်းဆောင်က ‘ဝန်ကြီးဌာနများ၏ အချက်အလက်များ၊ ဝန်ထမ်းများ၏ အချက်အလက်များသည် ဆိုရှယ်မီဒီယာများအသုံးပြုမှုမှတဆင့် လုံခြုံရေး ကျိုးပေါက်လျက်ရှိသည်ကို တွေ့ရှိရကြောင်း၊ လုံခြုံရေးဆိုင်ရာအချက်အလက်များ၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်များသည် တိုက်ရိုက်ကျိုးပေါက်ခြင်း၊ သွယ်ဝိုက်၍ ကျိုးပေါက်ခြင်းများဖြင့် တဦးတယောက်ခြင်းထိခိုက်ခြင်း၊ ဌာနအလိုက်ထိခိုက်ခြင်း၊ ထိုမှတဆင့် နိုင်ငံတော်အဆင့် ထိခိုက်ခြင်းများဖြစ်ပေါ်စေနိုင်ကြောင်း’ လို့ ပြောဆိုခဲ့ပါတယ်။

ဒါကြောင့် လုံခြုံရေးပိုင်းဆိုင်ရာအရ အသိပညာပေးဖို့နဲ့ ထိထိရောက်ရောက် ကြပ်မတ်ဖို့လိုတယ်လို့လည်း ဆိုပါတယ်။

စစ်ကောင်စီလက်ထက်မှာ အလုပ်လုပ်နေသေးတဲ့ ဝန်ထမ်းတွေရဲ့ အချက်အလက်တွေဟာ မကြာသေးခင်က အွန်လိုင်းပေါ်မှာပေါက်ကြားလာခဲ့သလို ရုံးတွင်းစာတွေဟာလည်း မကြာခဏဆိုသလို သတင်းဌာနတွေဆီကိုရောက်လာနေတာဖြစ်ပါတယ်။

စစ်ခေါင်းဆောင်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းကသွားခဲ့တဲ့ သူ့ရဲ့ တရုတ်ခရီးစဉ်အကြောင်းကိုလည်း တော်တော်များများ ဖောက်သည်ချခဲ့ပြီး တရုတ်ကို အမွှမ်းတင်ပြောဆိုခဲ့ပါတယ်။

သူ တက်ခဲ့ရတဲ့ ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေး စစ်ပွဲအောင်နိုင်ခြင်း နှစ် ၈၀ ပြည့် အထိမ်းအမှတ်စစ်ရေးပြပွဲနဲ့ပတ်သက်ပြီး ‘တကမ္ဘာလုံးက အလေးနက်ထား စောင့်ကြည့်ခဲ့ရသော အခမ်းအနားဖြစ်ပြီး အဓိကအချက် ၃ ချက်ကို မှတ်မှတ်ထင်ထင်တွေ့မြင်ခဲ့ရကြောင်း၊ ပထမအချက်မှာ တရုတ်တပ်မတော်၏ လေ့ကျင့်သားပြည့်ဝမှုကိုမြင်တွေ့ခဲ့ရကြောင်း၊ ဒုတိယအချက်မှာ စစ်ရေးပြအခမ်းအနားတွင်ပြသခဲ့သည့် စစ်လက်နက်ပစ္စည်းများသည် ကမ္ဘာကြီးကို ကာကွယ်ပေးနိုင်သော ကမ္ဘာကြီး၏ အင်အားချိန်ခွင်လျှာကိုထိန်းညှိပေးနိုင်သည့် စွမ်းပကားရှိသည်ကို လေ့လာသိရှိရသည့်အတွက် တရုတ်နိုင်ငံ၏ ကာကွယ်ရေးစွမ်းပကားမှာ များစွာတိုးတက်လာသည်ကို တွေ့ရကြောင်း၊ တတိယအချက်အနေဖြင့် တရုတ်နိုင်ငံသားများ၏ စည်းကမ်းရှိမှု၊ စနစ်ကျနမှုတို့ပင်ဖြစ်ကြောင်း၊ သမ္မတကြီး ရှီကျင့်ဖျင်၏ မိန့်ခွန်းတွင် တရုတ်နိုင်ငံအနေဖြင့် ကမ္ဘာ့နိုင်ငံများအပေါ်ကျရောက်နိုင်သည့် ခြိမ်းခြောက်မှုများအားလုံးကို တရုတ်နိုင်ငံအနေဖြင့် ကာကွယ်ရင်ဆိုင်နိုင်သည်ဟု ထည့်သွင်းပြောကြားသွားကြောင်း၊ ကမ္ဘာကြီးကို ကာကွယ်ပေးနိုင်သည့် စွမ်းပကားရှိသည်ကို မြင်တွေ့ခဲ့ရကြောင်း’ လို့ ပြောပါတယ်။

ပြီးတော့ နီပေါနိုင်ငံမှာဖြစ်နေတဲ့ ဆန္ဒပြမှုတွေဟာလည်း ဆိုရှယ်မီဒီယာတွေကို မှတ်ပုံတင်ခိုင်းတာက စဖြစ်လာတယ်လို့သိရပြီး ဒီအပေါ် သင်ခန်းစာဖော်ထုတ်သွားဖို့ လိုတယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013