DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီထံ အလုပ်သမားအချက်အလက်ပေးပို့သည့် အလုပ်ရှင်များ စစ်ရာဇဝတ်မှုကို ပူးပေါင်းကူညီရာရောက် 
DVB
·
September 6, 2024
စစ်ကောင်စီထံ အလုပ်သမားအချက်အလက်ပေးပို့သည့် အလုပ်ရှင်များ စစ်ရာဇဝတ်မှုကို ပူးပေါင်းကူညီရာရောက် 
Donate to DVB

အလုပ်ရှင်တွေအနေနဲ့ အလုပ်သမားရဲ့ သဘောဆန္ဒနဲ့ ခွင့်ပြုချက်မယူဘဲ စစ်ကောင်စီထံကို ကိုယ်ရေးအချက်အလက် ပေးပို့တာဟာ စစ်ရာဇဝတ်မှုကို ပူးပေါင်းလုပ်ဆောင်ရာ ရောက်နေတယ် လို့ အလုပ်သမားအရေး လှုပ်ရှားသူတွေက ပြောပါတယ်။

စစ်ကောင်စီက စက်ရုံ အလုပ်ရုံတွေက အလုပ်သမားတွေရဲ့ ကိုယ်ရေးအချက်အလက်ကို တောင်းနေသလို စက်ရုံတွေကနေ ကာယကံရှင် အလုပ်သမားကို အသိပေး အကြောင်းကြားခြင်း မရှိဘဲ အချက်အလက်တွေ စုစည်းပေးပို့နေတာကြောင့် အလုပ်သမားတွေကြားထဲ စိုးရိမ် နေကြတယ်လို့  ဆိုပါတယ်။

မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (MICS-TUsF) မှ တာဝန်ရှိသူတယောက်က “အလုပ်သမားတွေက သူတို့အချက်အလက်ကို ပေးထားတာက အလုပ်ကိစ္စအတွက်ပဲ၊ တခြားကိစ္စတွေအတွက် အသုံးပြုခွင့်ပေးထားတာ မဟုတ်ဘူး။ ဒါကို စက်ရုံပိုင်ရှင်တွေက စစ်ကောင်စီဆီ အဲဒီအချက်အလက်တွေ ပို့ပေးနေတာဟာ လူ့အခွင့်အရေးချိုးဖောက်ရာ ရောက်သလို စစ်ရာဇဝတ်မှု ကျူးလွန်ဖို့ အားပေးအားမြှောက်ရာ ရောက်နေတယ်” လို့ ပြောပါတယ်။

လက်ရှိမှာ စက်ရုံတွေက အလုပ်သမားရဲ့ CV ဖောင်ကနေ အချက်အလက်တွေယူပြီး စစ်ကောင်စီဆီ ပေးပို့နေတာလို့ စက်ရုံလုပ်သားတချို့က ဆိုပါတယ်။

အဓိကရယူတဲ့ အချက်အလက်တွေက ဖုန်းနံပါတ်၊ ဘဏ်အကောင့်၊ လက်ရှိနေရပ်လိပ်စာ၊ မူလလာရောက်တဲ့ နေရပ်လိပ်စာနဲ့ အသက်အရွယ်တွေ ဖြစ်တယ်လို့ သိရပါတယ်။

ရွှေပြည်သာမြို့နယ်မှ အလုပ်သမားတယောက်က “အလုပ်သမားတွေက မဖြည့်ပေးရဘူး။ စက်ရုံကနေ သူ့ဘာသာလုပ်နေတာ။ အဲဒီလို စာရင်းတွေလုပ်နေတော့ အတင်းအဓမ္မ စစ်မှုထမ်းခိုင်းမှာကို စိုးရိမ်နေကြတယ်။ စက်ရုံထဲပဲ လာဖမ်းခေါ်မလား၊ အိမ်လိပ်စာနဲ့ လာခေါ်မလားဆိုပြီး စိုးရိမ်နေတာ။ တချို့ဆို အလုပ်ထွက်ဖို့တောင် စဥ်းစားနေကြတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီက အလုပ်သမားတွေရဲ့ ကိုယ်ရေးအချက်အလက်ကို သြဂုတ် ၂၃ ရက်ကတည်းက ပေးပို့ဖို့ ညွှန်ကြားထားပြီး သြဂုတ် ၃၀ မှာ နောက်ဆုံးပေးပို့ရမယ်လို့ ဆိုပါတယ်။

အဲဒီလို အလုပ်သမားရဲ့ ကိုယ်ရေးအချက်အလက် တောင်းရတာနဲ့ ပတ်သက်လို့ စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနက ရှင်းရှင်းလင်းလင်း အသိပေးထားတာ မရှိပေမဲ့ စစ်မှုထမ်းဆင့်ခေါ်ဖို့ အတွက် ဖြစ်တယ်လို့ အလုပ်သမားတွေက နားလည်ထားကြပါတယ်။

ပြည်တွင်းအလုပ်သမားအရေး လှုပ်ရှားသူတယောက်က “ဒီအချိန်မှာ စစ်မှုထမ်းဖို့အတွက် စာရင်းယူတာကလွဲလို့ တခြားမဖြစ်နိုင်ဘူးလို့ နားလည်ထားကြတယ်။ အဲဒါကြောင့် အလုပ်သမား အများစုကတော့ ရရာနည်းလမ်းနဲ့ ပြည်ပထွက်ဖို့ကို လုပ်လာကြတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီအနေနဲ့ ပြည်တွင်းက အလုပ်သမားတွေကို ဖိအားပေးတာတွေ လုပ်နေသလို ပြည်ပထွက်ခွာခွင့်ကိုလည်း နည်းမျိုးစုံနဲ့ ထိန်းချုပ်မှုတွေ လုပ်နေပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013