DVB Logo
Home
မြန်မာသတင်း
သံဖြူဇရပ်တွင် ရွှေဆိုင်ပိုင်ရှင် ဓားပြတိုက်ခံရ
DVB
·
September 12, 2025
သံဖြူဇရပ်တွင် ရွှေဆိုင်ပိုင်ရှင် ဓားပြတိုက်ခံရ
Donate to DVB

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့ရှိ ဝီရမာန်ရွှေဆိုင်ပိုင်ရှင် စက်တင်ဘာ ၁၁ ရက်ညက  ဓားပြတိုက်ခံရပြီး ကျပ်သိန်း ၃,၀၀၀ တန်ဖိုးရှိ ရွှေတွေနဲ့ ငွေသားကျပ် သိန်း ၁,၀၀၀ နီးပါးလောက် ပါသွားတယ်လို့ ဒေသခံဆီက သိရပါတယ်။

မနေ့ညနေ ၆ နာရီလောက်မှာ ဝီရမာန် ရွှေဆိုင်ပိုင်ရှင်ဖြစ်သူ ဦးဇေယျာလင်းနဲ့ ဒေါ်မို့မို့သူဇာ တို့ဟာ ဆိုင်ကနေ နေအိမ်ကို ကားနဲ့ပြန်လာချိန် အိမ်ရှေ့အရောက်မှာ Wave အမျိုးအစားဆိုင်ကယ် မီးခိုရောင်နဲ့လာတဲ့ အမျိုးသား ၂ ယောက်က ဓားပြတိုက်သွားတာလို့ သိရပါတယ်။

ဖြစ်စဥ်ကို သိရှိသူတယောက်က “ဓားပြတိုက်သွားသူတွေက ဆိုင်ကယ်နဲ့ လာတာပါ။ လူလတ်ပိုင်းအရွယ် အမျိုးသားတွေပါ။ နေအိမ်ရှေ့မှာ ကြိုတင်စောင့်နေတဲ့ အခြေအနေပါ။ ရွှေဆိုင်ပိုင်ရှင်တွေကား ရောက်လာတာနဲ့ သေနတ်နဲ့ခြိမ်းခြောက်ပြီး ရွှေထည်ပစ္စည်းတွေ ထည့်ထားတဲ့ အိတ်ကို ယူသွားတာ” လို့ ပြောပါတယ်။

ဓားပြတိုက် လုယက်ခံရတာကြောင့် ကျပ်သိန်း ၃,၀၀၀ ကျော် တန်ဖိုးရှိ ရွှေထည်ပစ္စည်းတွေနဲ့ ရွှေရောင်းရငွေ ကျပ်သိန်း ၁,၀၀၀ နီးပါး အားလုံး ကျပ်သိန်း ၄,၀၀၀ ဖိုးလောက်အထိ ပါသွားတယ်လို့ သိရပါတယ်။

ရဲတပ်ဖွဲ့နဲ့ နီးစပ်သူက “အသက်ကို အန္တရာယ်မပေးသွားတာဘဲ ကံကောင်းတာလို့ ဆိုရမယ်။ ဓားပြတွေက Mask တွေ တပ်ထားတယ်လို့ သိရတယ်။ ရွှေဆိုင်ပိုင်ရှင်တွေက အိမ်ရှေ့အရောက်မှာ အသင့်စောင့်နေတဲ့ ဓားပြတွေက တိုက်သွားတာ။ အတွင်းလူပါတယ်လို့ ယူဆရအောင်လည်း Mask တပ်ထားတော့ ခက်တယ်။ ရဲစခန်းမှာ အမှုဖွင့် တိုင်ကြားထားပါပြီ” လို့ ပြောပါတယ်။

ဓားပြတိုက် လုယက်မှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး ပိုင်ရှင်တွေက သံဖြူဇရပ် မြို့မရဲစခန်းကို တိုင်ကြားထားပြီး သံဖြူဇရပ်မြို့မရဲစခန်းက (ပ)၂၀၀/၂၅၊ ရာဇသတ်ကြီး ပုဒ်မ-၃၉၂/၁၁၄၊ အမှုကြီးအမှတ်စဉ် ၄/၂၀၂၅ နဲ့ အမှုဖွင့်ထားပေမဲ့ ပြစ်မှုကျူးလွန်သူတွေကို ဖမ်းဆီးနိုင်ခြင်း မရှိသေးဘဲ လွတ်မြောက်နေဆဲ ဖြစ်ပါတယ်။

စက်တင်ဘာ ၁၁ ရက် မနက်အစောပိုင်း ၂ နာရီလောက်က မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ဈေးကြိုရပ်ကွက်၊ ဒေါင်းဇရပ်၊ တက္ကသိုလ်ဖြတ်လမ်း၊ လမ်းသွယ် ၃ ရှိ အိမ်အမှတ် ၅ ဓားပြတိုက်ခံခဲ့ရပြီး ကျပ်သိန်း ၄၀၀ ကျော် တန်ဖိုးရှိ ရွှေထည်နဲ့ အခြားပစ္စည်းတွ ပါသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013