DVB Logo
Home
မြန်မာသတင်း
ငလျင်ဒဏ်သင့် အင်းလေးဒေသခံများအတွက် ထောက်ပံ့ကြေးပေးရာတွင် မမျှတမှုများရှိနေ
DVB
·
September 12, 2025
ငလျင်ဒဏ်သင့် အင်းလေးဒေသခံများအတွက် ထောက်ပံ့ကြေးပေးရာတွင် မမျှတမှုများရှိနေ
Donate to DVB

အင်အားပြင်း စစ်ကိုင်းငလျင်ဘေးဒဏ်ခံခဲ့ရတဲ့ ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ ဟဲယာရွာမကျေးရွာမှာ ပြန်လည်ထူထောင်ရေး လုပ်မယ်ဆိုပြီး ထောက်ပံ့ကြေး‌‌ငွေ ပေးမယ့်အစီအစဉ်မှာ မျှတမှုမရှိတာကြောင့် ဒေသခံတွေကြား အငြင်းပွားနေကြပါတယ်။

ဟဲယာရွာမကျေးရွာမှာ ငလျင်ကြောင့် ပျက်စီးသွားတဲ့ နေအိမ်တွေကို စက်တင်ဘာ ၇ ရက်မှာ စစ်ကောင်စီလက်အောက်ခံ ရှမ်းပြည်နယ်အစိုးရက ပြန်လည်ထူထောင်ရေးအတွက် ထောက်ပံ့ကြေးငွေ ပေးအပ်မယ်ဆိုပြီး ပြောဆိုခဲ့တာပါ။

ထောက်ပံ့ငွေပေးအပ်နိုင်ဖို့ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးသွားတဲ့ နေအိမ်တွေနဲ့ မပျက်စီးတဲ့ နေအိမ်တွေကို ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေက စာရင်းကောက်ယူထားပြီးဖြစ်သလို ထောက်ပံ့ကြေးငွေပေးအပ်မယ့် စာရင်းတွေထဲမှာတော့ မပျက်စီးတဲ့ နေအိမ်တွေ အများဆုံးပါနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အုပ်ချုပ်ရေးမှူးနဲ့ နီးစပ်သူတွေက ငလျင်ကြောင့် နေအိမ်ပျက်စီးမှုရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ပြည်တွင်းပြည်ပ အလှူငွေတွေ ဆက်တိုက်ရနေသလို လက်ရှိ ရှမ်းပြည်နယ် အစိုးရပေးမယ့် အစီအစဉ်မှာလည်း ထောက်ပံ့ငွေရရှိမှာဖြစ်ပြီး တချို့ဒေသခံတွေအနေနဲ့ ငလျင်ကြောင့် နေအိမ်ပြိုကျပျက်စီးသွားပေမဲ့ ထောက်ပံ့‌‌ငွေမရကြဘူးလို့ ဆိုပါတယ်။

ဒါကြောင့် ထောက်ပံ့ကြေးငွေပေးအပ်မယ့် အစီအစဉ်မှာ မျှတမှုမရှိတဲ့အတွက် ဒေသခံတွေကြား အငြင်းပွားမှုတွေ ရှိနေတာလို့ ဒေသခံတွေနဲ့ လူမှုရေးတက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။

အင်းလေးဒေသခံတယောက်က “အုပ်ချုပ်ရေးမှူးရှိတဲ့ရပ်ကွက်ဆို တရပ်ကွက်လုံး အကုန်ရတာ၊ ပျက်သည်ဖြစ်စေ မပျက်သည်ဖြစ်စေ အကုန်ရတယ်။ စာရင်းက ဘာလို့ မမျှတဘူးလို့ ပြောလဲဆိုတော့ ငလျင်တုန်းက ပြိုတဲ့အိမ် စောင်းတဲ့အိမ်ဆိုပြီး ရပ်ကွက်အလိုက် ကောက်ထားကြတာ ရှိတယ်လေ။ အဲ့စာရင်းက အိမ်တွေက အမြဲတမ်း အစကနေ အဆုံးအထိ ရပြီးသားပါ။ ပြန်လည်ထူထောင်ရေးကာလအထိ အပြည့်အဝရပြီးလို့ ဆောက်လုပ်ပြီးစီးလို့ နေတောင်နေနေကြပြီ။ သူတို့ပဲ အမြဲတမ်းရနေတာလေ၊ ကျန်တဲ့ တခြားရပ်ကွက်ကျတော့ မရဘူးလေ။ နောက်တခုက သူတို့ပေးမယ့်စာရင်းက ငလျင်မလှုပ်ခင် ဝါးအိမ်က ပျက်သွားရင် သိန်း ၂၀ ရမယ်၊ အရင်က သစ်အိမ်ပျက်သွားရင် သိန်း ၁၀၀ ရမယ်၊ ၂ ထပ်ဆို သိန်း ၁၈၀ ရမယ်၊ တချို့အိမ်တွေကျတော့ နဂိုက သစ်အိမ်ဖြစ်ပြီးတော့ စာရင်းထဲရောက်သွားမှ ဝါးအိမ်စာရင်းထဲ ဝင်သွားတာတွေလည်းရှိတယ်” လို့ ပြောပါတယ်။

အလားတူ အင်းလေးဒေသ ရပ်ကျေးအုပ်ချုပ်ရေးတွေက ရွာအများစုမှာ အကျင့်ပျက်ခြစားတာ၊ အလှုငွေတွေ ဖြတ်ယူတာ၊ မြေပြင်အခြေအနေနဲ့ ကွာဟတဲ့ စာရင်းတွေ တင်ပြတာ၊ စက်လှေဆီဖိုး အကြောင်းပြပြီး ပိုက်ဆံကောက်ခံတာတွေလည်း ရှိနေတယ်လို့ ဒေသခံတွေနဲ့ လူမှုရေးတက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။

တဖက်မှာလည်း အဲဒီလို မမျှတတာတွေ၊ အကျင့်ပျက်ခြစားတဲ့ ကိစ္စတွေ၊ ထောက်ပံ့ကြေးငွေကိစ္စနဲ့ ပတ်သက်ပြီး ဒေသခံတွေကြား အငြင်းပွားမှုတွေ ရှိနေတာကို ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေက မပြောဆိုရဘူးဆိုပြီး ခံဝန်လက်မှတ်ထိုးရတာတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။

အင်းလေးလူထုလှုပ်ရှားမှု  တာဝန်ရှိသူတယောက်က “ညောင်ရွှေ အင်းလေးမှာရှိတဲ့ ရွာတိုင်းတော့ မဟုတ်ဘူး၊ ဒီ ဟဲယာရွာမ တရွာမှာပဲ ဒီကိစ္စက ဖြစ်သွားတာပါ။ ရပ်ရွာအုပ်ချုပ်ရေးမှူးတွေကနေပြီးတော့မှ ငလျင်ကြောင့် ပျက်စီးသွားတဲ့ အိမ်တွေကို ပိုက်ဆံပေးမယ် ဆိုပြီးတော့ပြောတယ်၊ တအိမ်ကို ကျပ် သိန်း ၁၀၀ ပေးမယ်လို့ ပြောတဲ့ဟာတော့ရှိတယ်။ ဒါပေမဲ့ တကယ့်မြေပြင်မှာတော့ ဝါးအိမ်ဆို ၂၀ ပေးမယ်ပေါ့၊ အရမ်းအိမ်ကြီးတွေဆိုရင် သိန်း ၁၈၀၊ ပုံမှန်ခြေတံရှည်အိမ်တွေဆိုရင် သိန်း ၁၀၀ ပေးမယ်ဆိုပြီး ပြောကြတာတွေရှိတယ်။ ဒါနဲ့ပတ်သက်ပြီး ဒေသတွင်းမှာ လူမှုသဟဇာတမဖြစ်တာတွေ၊ သောင်းကျန်းတာတွေ ရှိပါတယ်။ သောင်းကျန်းတယ်ဆိုတာက လူထုဘက်က ဒီဟာကို လက်မခံနိုင်ဘူးလို့ ပြောကြတယ်ပေါ့နော်။ လိုင်းပေါ်ဒီသတင်းနဲ့ပတ်သက်ပြီး တင်လို့မရဘူးဆိုပြီး ရွာမှာရှိတဲ့ ရွာသူ၊ ရွာသားတွေက ခံဝန်ထိုးထားရတယ်၊ လက်မှတ်ထိုးထားရတယ်၊ လိုင်းပေါ်မတင်ပါဘူး ဆိုပြီးတော့ ပြောထားတာတွေ ဖြစ်နေပါတယ်” လို့ ပြောပါတယ်။

ဟဲယာရွာမမှာ အိမ်ခြေစုစုပေါင်း ၉၉၀ ကျော်ရှိပြီး ငလျင်ကြောင့် ပြိုကျပျက်စီးသွားတဲ့ နေအိမ်စုစုပေါင်း ၁၃၀ နီးပါးရှိကာ ယိုင်စောင်းတဲ့အိမ် အပါအဝင်ဆိုရင် ၅၀၀ ကျော်ရှိခဲ့တယ်လို့ သိရပါတယ်။

ကေခိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013