
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသမှာ ဖောင်တော်ဦးဘုရားပွဲတော် ကျင်းပနေပြီး အောက်တိုဘာ ၁၃ ရက်မှာ အလှလှေယာဥ်တစင်း နစ်မြုပ်သွားခဲ့တယ်လို့ အင်းလေးဒေသခံတွေက ပြောပါတယ်။
မနေ့ညနေမှာ ဟဲယာရွာမအလှယာဥ်ထဲကို ရေဝင်ပြီး လှေတိမ်းမှောက်ပြီးနောက် လူအထိခိုက်မရှိဘဲ စက်ပစ္စည်းတချို့တော့ ရေဝင်ပျက်စီးတာရှိတယ်လို့ သိရပါတယ်။
အင်းလေးဒေသခံတယောက်က “ညနေမှောက်တာ၊ ဘုရားမကြိုရသေးခင် အရင်မှောက်တာ၊ လူက မထိခိုက်ဘူး။ လှေတော့မှောက်သွားတာ”လို့ ပြောပါတယ်။
အောက်တိုဘာ ၁၂ ရက်မှာလည်း ဘုရားဆွဲလှေတစင်းက ဘုရားကြိုပြီး အင်းတိန်ဘက်က အပြန်မှာ ရေလှိုင်းကြောင့် လှေတိမ်းမှောက်ခဲ့ပြီး လူထိခိုက်မှုတော့ မရှိခဲ့ပါဘူး။
ဖောင်တော်ဦးဘုရားပွဲကို အောက်တိုဘာ ၁၂ ရက်ကစပြီး ၂၉ ရက်အထိ ကျင်းပမှာဖြစ်ပြီး ဒေသ ၂၁ ခုမှာ ၁၉ ရက်ကြာ လှည့်လှည်ပူဇော်ခံမှာ ဖြစ်ပါတယ်။











