DVB Logo
Home
မြန်မာသတင်း
ရွေးကောက်ပွဲကော်မရှင်က ပါတီစုံဒီမိုကရေစီစနစ် ပုံဖော်လိုသည့် ဆန္ဒမရှိဟု နိုင်ငံရေးပါတီများ ဝေဖန်
DVB
·
September 11, 2025
ရွေးကောက်ပွဲကော်မရှင်က ပါတီစုံဒီမိုကရေစီစနစ် ပုံဖော်လိုသည့် ဆန္ဒမရှိဟု နိုင်ငံရေးပါတီများ ဝေဖန်
Donate to DVB

အာဏာသိမ်းစစ်တပ်ရဲ့ ဩဇာခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ဆုံးဖြတ် ဆောင်ရွက်ချက်တွေဟာ ပါတီစုံဒီမိုကရေစီစနစ်ကို ပုံဖော်လိုတဲ့ဆန္ဒ ရှိမနေဘူးလို့ နိုင်ငံရေးပါတီတွေက ဝေဖန်ပြောကြားလိုက်ပါတယ်။

စစ်တပ်က ကျင်းပဖို့ စီစဉ်နေတဲ့ ရွေးကောက်ပွဲမှာ ဝင်ပြိုင်ဖို့ ပါတီမှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီ ၄ ပါတီကို နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေနဲ့ မကိုက်ညီဘူးဆိုပြီး နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရည်တည်ခွင့်ကနေ ပယ်ဖျက်လိုက်တယ်လို့ ရွေးကောက်ပွဲကော်မရှင်က ကြေညာခဲ့တဲ့အပေါ် အခုလို ဝေဖန်အပြစ်တင်ကြတာပါ။

လက်ရှိဖြစ်ပေါ်နေတဲ့ စစ်ရေး နိုင်ငံရေး အခြေအနေတွေကြောင့် ရွေးကောက်ပွဲဝင်ပြိုင်ကြမယ့် နိုင်ငံရေးပါတီတွေဟာ လုံခြုံရေးအရ ပါတီရုံးခန်းဖွင့်တာ၊ ပါတီဝင်တွေကို စည်းရုံးတာနဲ့ ရွေးကောက်ပွဲဝင်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေ ရှာဖွေဖို့ ခက်ခဲတာတွေ ရှိနေတာကို ရွေးကောက်ပွဲကော်မရှင်ဘက်က နားမလည်ဘဲ သူတို့ ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေအတိုင်း ဆောင်ရွက်တာဟာ တိုင်းပြည်ပြန်လည်တည်ဆောက်ရေးအတွက် အဟန့်အတား ဖြစ်စေတယ်လို့  မြန်မာနိုင်ငံ တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဦးကျော်စွာစိုးက ထောက်ပြပါတယ်။

နိုင်ငံရေးပါတီတွေဟာ နိုင်သူအကုန်ယူစနစ်နဲ့ ကျင်းပမယ့် မဲဆန္ဒနယ်အကုန်လုံးကို ဝင်ပြိုင်မှ အဲဒီတိုင်းဒေသကြီးနဲ့ ပြည်နယ်အတွက် သတ်မှတ်ထားတဲ့ အချိုးကျကိုယ်စားပြု PR စနစ်အတွက် မဲအရေအတွက် ရရှိမှာဖြစ်ပြီး အဲဒီ မဲဆန္ဒနယ်အားလုံးကို ဝင်မပြိုင်ရင် နိုင်ငံရေးပါတီအဖြစ်ကနေ ပယ်ဖျက်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ဟာ နိုင်ငံရေးပါတီတွေအတွက် မျှတမှုမရှိဘူးလို့ ဆိုပါတယ်။

ဒီနှစ်အကုန်မှာ မြို့နယ် ၁၀၂ မြို့နယ်မှာ အပိုင်း (၁) အနေနဲ့ ရွေးကောက်ပွဲကို ကျင်းပမယ်လို့ ကြေညာထားပေမဲ့  တနိုင်ငံလုံးဝင်ပြိုင်ကြမယ့် နိုင်ငံရေးပါတီတွေဟာ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်အားလုံးရဲ့ မဲဆန္ဒနယ် ၈၃၃ ထဲက ထက်ဝက်ဖြစ်တဲ့ မဲဆန္ဒနယ် ၄၁၇ နေရာကို ဝင်ပြိုင်ရမယ်လို့ သတင်းဌာနတခုရဲ့ မေးမြန်းမှုကို ဖြေဆိုထားပါတယ်။

အဲဒီသတ်မှတ်ချက်တွေ မပြည့်မီခဲ့တဲ့ နိုင်ငံရေးပါတီ ၄ ပါတီကို ရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီအဖြစ်ကနေ ဖျက်သိမ်းကြောင်း စက်တင်ဘာလ ၉ ရက် ရက်စွဲနဲ့ ထုတ်ပြန် ကြေညာခဲ့တာပါ။

ဖျက်သိမ်းခံလိုက်ရတဲ့ အမျိုးသားဒီမိုကရေစီအင်အားစု (NDF) ပါတီကတော့ နိုင်ငံရေးပါတီ မှတ်ပုံတင်ခြင်းဥပဒေနဲ့အညီ တင်ပြထားပြီးဖြစ်ပေမဲ့ ရွေးကောက်ပွဲကော်မရှင်ဘက်က တစုံတရာ မေးမြန်း အကြောင်းကြားခြင်း မရှိဘဲ ပါတီမှတ်ပုံတင် ဖျက်သိမ်းလိုက်တာကြောင့် အယူခံဝင်သွားမယ်လို့ NDF ဗဟိုအတွင်းရေးမှူးအဖွဲ့ဝင် ဦးအောင်ကိုကိုက ပြောပါတယ်။

တိုင်းဒေသကြီးနဲ့ ပြည်နယ်ကိုယ်စားပြုအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်မယ့် အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဦးသိမ်းကြည်ကတော့ နိုင်ငံရေးပါတီတွေအနေနဲ့ ပါတီမှတ်ပုံတင်ခြင်းဥပဒေ စတင်အသက်ဝင်တဲ့အချိန်ကနေ ရွေးကောက်ပွဲကျင်းပမယ့် အချိန်ထိ ၄ နှစ်နီးပါး အချိန်ရခဲ့ပြီးဖြစ်တာကြောင့် အခုလို သတ်မှတ်ချက်တွေနဲ့ မကိုက်ညီလို့ ပါတီဖျက်သိမ်းခံလိုက်ရပေမဲ့ ရွေးကောက်ပွဲဝင်ပြိုင်မယ့်သူတွေ အနေနဲ့ တသီးပုဂ္ဂလအနေနဲ့ ဝင်ပြိုင်လို့ရနိုင်တဲ့ အခွင့်အရေး ရှိနေသေးတယ်လို့ ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ အာဏာကို သိမ်းယူပြီးတဲ့နောက်ပိုင်း ၂၀၂၀ ရွေးကောက်ပွဲမှာ မဲအနိုင်ရခဲ့တဲ့ နိုင်ငံရေးပါတီတွေအပြင် ပါတီ ၅၀ နီးပါးကို နိုင်ငံရေးပါတီအဖြစ်ကနေ ဖျက်သိမ်းခဲ့ပြီး နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်းဥပဒေကို အသစ်ပြန်လည်ရေးဆွဲခဲ့ပါတယ်။

အဲဒီဥပဒေအရ အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ ပါတီမှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီ ၆၁ ပါတီ ရှိခဲ့ပေမဲ့ စက်တင်ဘာ ၉ ရက်မှာ ပါတီ ၄ ပါတီကို နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပါ သတ်မှတ်ချက်တွေကို မလိုက်နာတာကြောင့် နိုင်ငံရေးပါတီအဖြစ်ကနေ ဖျက်သိမ်းခဲ့ပါတယ်။

ကော်မရှင်အနေနဲ့ ပြည်ထောင်စုတဝန်းလုံး မဲဆွယ်စည်းရုံးမယ့်ပါတီဝင် ဦးရေနဲ့ ရုံးခန်းအရေအတွက်ကို  ဥပဒေနဲ့အညီ အရင်ကထက် ၃ ပုံ ၁ ပုံ လျှော့ပေးခဲ့ကြောင်း၊ သတ်မှတ်ရက် စက်တင်ဘာ ၇ ရက် နောက်ဆုံးထားပေးသွင်းရမှာဖြစ်ပေမဲ့ စက်တင်ဘာ ၈ ရက်အထိ စောင့်ဆိုင်းပြီးမှ စက်တင်ဘာ ၉ ရက်မှသာ နိုင်ငံရေးပါတီ ၄ ပါတီကို မှတ်ပုံတင် ပယ်ဖျက်ကာ ဖျက်သိမ်းခဲ့တာလို့ ကော်မရှင်က ပြောပါတယ်။

အောင်သူ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013