
ရန်ကုန်မှာ ဇူလိုင် ၁၉ ရက်နေ့ စစ်အာဏာရှင်ကပြုလုပ်မဲ့ ၇၉ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားကို ကျောင်းသား၊ ကျောင်းသူတွေ၊ အမျိုးသားရေးသမားတွေနဲ့ နိုင်ငံရေးပါတီတွေကို တက်ခိုင်းထားတယ်လို့ ပါတီတွေဆီကနေ စုံစမ်းသိရပါတယ်။
အာဇာနည်နေ့ အခမ်းအနားကို စစ်အာဏာရှင်ခန့် ဒုသမ္မတတယောက်နဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ တက်ရောက်ကြမှာဖြစ်ပြီး တက်ရောက်အလေးပြုသူ မရှိမှာ စိုးရိမ်လို့ အမျိုးသားရေးသမားတွေနဲ့ နိုင်ငံရေးပါတီတွေကို မတက်မနေရ ပြောဆိုထားတာလို့ ဆိုပါတယ်။
ရန်ကုန်မြို့မှာရှိတဲ့ နိုင်ငံရေးပါတီဝင်တယောက်က “မြို့ထဲမှာတော့ လုံခြုံရေးကို တော်တော်လေး တင်းတင်းကျပ်ကျပ် လုပ်ထားတယ်။ ဝန်ကြီးများရုံးနဲ့ ဗဟန်းက ဗိုလ်ချုပ်အောင်ဆန်းအိမ်၊ အာဇာနည်ကုန်းတွေမှာ လုံခြုံရေး တင်းကျပ်ထားတယ်။ အာဏာသိမ်းတုန်းက လုပ်ခဲ့တဲ့အတိုင်းပဲ ကားတွေနဲ့ လှည့်နေတယ်။ ဒုသမ္မတတဦး လာဖို့ရှိမယ်၊ မင်းအောင်လှိုင်တော့ လာမှာမဟုတ်ဘူး။ နောက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကို တက်ခွင့်ပေးမယ်လို့ သတင်းလွှင့်နေတာရှိတယ်။ ဒါကတော့ မဖြစ်နိုင်ဘူး။ သူတို့ဘက်က တမင်သတင်းဖြန့်လိုက်တာဖြစ်မယ်” လို့ ပြောပါတယ်။
စစ်တပ်ဘက်ကတော့ ဝန်ကြီးများရုံး၊ ဗဟန်းက ဗိုလ်ချုပ်အောင်ဆန်းအိမ်၊ အာဇာနည်ကုန်းတွေမှာ မိုင်းရှာဖွေနေပြီး ကန်တော်ကြီးက ဗိုလ်ချုပ်ရုပ်တုမှာလည်း အရပ်ဝတ်လုံခြုံရေးတွေ ရှိနေပြီလို့ ပြည်ထဲရေးနဲ့ နီးစပ်သူက ပြောပါတယ်။
၇၉ နှစ်မြောက် အာဇာနည်နေ့မှာ ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်တိုင်းမှာ လူထုလှုပ်ရှားမှု ရှိ၊ မရှိ စောင့်ကြည့် သတင်းပေးဖို့ စစ်အာဏာရှင်တပ်က အုပ်ချုပ်ရေးအဖွဲ့ကို အမိန့်ပေးထားတယ်လို့လည်း ဆိုပါတယ်။
အာဇာနည်နေ့ကို စစ်တပ်ဘက်က ကျင်းပနေပေမဲ့ ရန်ကုန်၊ နေပြည်တော်၊ ပဲခူး၊ ဧရာဝတီနဲ့ မန္တလေးမှာ ဗိုလ်ချုပ်အောင်ဆန်းရုပ်တုတွေကို အကြောင်းပြ ဖြိုချဖျက်ဆီးနေပါတယ်။
စစ်တပ်အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ်မှာ ပြုလုပ်တဲ့ ၇၄ နှစ်မြောက် အာဇာနည်နေ့ကစပြီး ဖမ်းဆီးထောင်ချထားတဲ့ အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်က ဂါရဝပြုခွင့် မပေးတော့ပါဘူး။










