DVB Logo
Home
မြန်မာသတင်း
ပလောက်မြို့အနီး၌ ကုန်ကားများ ပိတ်မိနေသဖြင့် မြိတ်မြို့တွင် ကုန်ဈေးနှုန်းတက်
DVB
·
September 11, 2025
ပလောက်မြို့အနီး၌ ကုန်ကားများ ပိတ်မိနေသဖြင့် မြိတ်မြို့တွင် ကုန်ဈေးနှုန်းတက်
Donate to DVB

တနင်္သာရီတိုင်း၊ ရန်ကုန်-မြိတ် ပြည်ထောင်စုလမ်းမကြီးပေါ်က ပလောက်မြို့အနီးမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ စစ်ရေးတင်းမာနေတဲ့အတွက် ကုန်ကားတွေ ပိတ်မိနေပြီး မြိတ်မြို့မှာ ကုန်ဈေးနှုန်းတွေ တက်နေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

စက်တင်ဘာ ၈ ရက်က ပုလောမြို့နယ်၊ ထမင်းမစားရွာက စစ်ကောင်စီတပ်စခန်းတခုကို တော်လှန်ရေး ပူးပေါင်းတပ်တွေ သိမ်းပိုက်ပြီးနောက် လက်ရှိအချိန်ထိ နှစ်ဖက် စစ်ရေးတင်းမာနေကာ ရန်ကုန်ဘက်ကလာတဲ့ ကုန်ကားရာချီဟာ ပလောက်မြို့အနီးမှာ ပိတ်မိနေတာပါ။

ကားလမ်းပိတ်တဲ့အတွက် မြိတ်မြို့မှာ ကြက်ဥ အပါအဝင် ကုန်စိမ်းတချို့ကို ဈေးကြီးပေး ဝယ်ယူနေရပြီး အသုပ်ဆိုင်တွေနဲ့ မုန့်ဆိုင်တွေလည်း အခက်အခဲဖြစ်လာနေတယ်လို့ ဆိုင်ပိုင်ရှင်တွေက ပြောပါတယ်။

“မလွဲတောင်ဂိတ်က တောက်လျှောက်ကြီး ပိတ်ထားတော့ ဘိတ်က ကုန်စိမ်းဆိုင်ပိုင်ရှင်တချို့နဲ့ သစ်သီးဆိုင်ပိုင်ရှင်တချို့ တော်တော်လေး အဆုံးရှုံးများတယ်လို့ သိရတယ်။ တချို့တလေကျတော့ ရေလမ်းခရီးကနေ အနည်းအကျဥ်း သယ်ယူခွင့်ရတယ်။ ဒါပေမဲ့ ရေလမ်းခရီးကနေ သယ်လာတဲ့ ပစ္စည်းတွေက တော်တော်လေး ဈေးက မြင့်သွားတာပေါ့နော်။ ဥပမာဆိုရင် ခရမ်းချဥ်သီး တပိဿာဆို တသောင်းခွဲအထိ ပေးဝယ်ရတာမျိုးရှိတယ်။ ငရုတ်သီးစိမ်းဆိုရင်လည်း ၄၀,၀၀၀ ကနေ ၅၀,၀၀၀ ကြားအထိ ပေးရတာတွေရှိတယ်။ ဂေါ်ဖီထုပ် ဆိုရင်လည်း တလုံးကို ၁၀,၀၀၀ ကနေ ၁၃,၀၀၀ ကြားအထိ ပေးရတယ်။ အဓိကကျတော့ ကုန်စိမ်းနဲ့ သစ်သီးတွေ သယ်ယူဖို့ ခက်ခဲသွားတာကျတော့ စားသောက်ဆိုင်တို့၊ အသုပ်ဆိုင်တို့၊ ထမင်းဆိုင်တို့ နည်းနည်းလေးတော့ အခက်အခဲ ဖြစ်သွားတာပေါ့နော်။ ကုန်ကြမ်းဈေး ကုန်စိမ်းရဲ့ဈေးဟာ မြင့်လာသလောက် ဆိုင်မှာရောင်းတဲ့ဈေးတွေကိုလည်း တင်ရတယ်ဆိုတော့ ရောင်းအား မသက်သာမျိုးတွေ ကြုံရတယ်။ ပြီးရင် တခြား ဘာတွေကြုံရသေးလဲဆိုတော့ ကြက်ဥတွေလည်း လိုသလောက် ဝယ်လို့မရတာလည်း ဖြစ်သွားတယ်။ ကြက်ဥတလုံးကို ၁,၀၀၀ လောက်အထိ ဈေးတက်သွားတာမျိုးတွေ ရှိတယ်။ မီးဖိုမှာသုံးတဲ့ ဂက်စ်တွေလည်း အရင်လိုမျိုး ဖြည့်လို့မရတာတွေ ကြုံရတယ်။”

ကားလမ်းမပိတ်ခင်က မြိတ်မြို့မှာ ငရုတ်သီးစိမ်း တပိဿာကို ကျပ် ၃,၀၀၀ ဝန်းကျင်နဲ့ ဂေါ်ဖီထုပ် တလုံးကို ကျပ် ၄,၀၀၀ ဝန်းကျင်သာ ပေးရပြီး လက်ရှိမှာတော့ ငရုတ်သီးစိမ်း တပိဿာကို ၄၀,၀၀၀ ကျော်နဲ့ ဂေါ်ဖီထုပ် တပိဿာကို ၄၀,၀၀၀ ကျပ်အထိ ၁၀ ဆကျော် ဈေးမြင့်တက်သွားတာလို့ ဆိုပါတယ်။

ပလောက်မြို့အနီးမှာ ပိတ်မိနေတဲ့ ကုန်ကားတွေဟာ ပြီးခဲ့တဲ့ သြဂုတ် ၂၆ ရက်က မလွှဲတောင်ဂိတ်မှာ ပိတ်မိနေတဲ့ ကုန်ကားတွေ ဖြစ်တယ်လို့ သိရပါတယ်။

မြိတ်မြို့ကနေ ကုန်ပစ္စည်းဝယ်ယူနေတဲ့ ကျေးရွာတွေမှာတော့ ကြက်ဥပြတ်လပ်နေပြီး လှေပိုင်ရှင်တွေက ကုန်ပစ္စည်းပုပ်သိုးတာနဲ့ သယ်ယူခွင့်ထောက်ခံစာဖြစ်တဲ့ မျှောစာထုတ်မပေးတဲ့ အခက်အခဲကြောင့် ကုန်စိမ်းတွေ မသယ်တော့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

“ကြက်ဥက ရွာမှာမရှိဘူး။ ရွာမှာ ရောင်းလို့တောင် မရှိဘူး။ ကြက်ဥက အရမ်းဈေးကြီးလို့ ဝယ်ရောင်းမနိုင်ဘူး ဖြစ်နေတယ်။ ကုန်စိမ်းရော ဈေးကြီးလို ဝယ်ရောင်းမနိုင်ဘူး။ မကိုက်ဘူးပေါ့နော်။ အရင်ကဆို ဂေါ်ဖီထုပ်တလုံးရောင်းလို့ အမြတ်ကျန်တဲ့အချိန်မှာ အခုချိန်မှာတော့ အမြတ်မကျန်ဘူး။ ကားလမ်းပိတ်နေတဲ့ အချိန်ကတည်းက ကုန်စိမ်းတွေ မချတော့ဘူး။ လှေတွေကလည်း ကားလမ်းနေတဆင့် ဝယ်ထားရတာလည်း ကြာတယ်။ မျှောစာလုပ်ရတာလည်း ကြာတယ်။ လမ်းမှာ ပုပ်တာတွေလည်း ရှိတာကြောင့်မို့လို့ ပစ္စည်းမချတော့ဘူး။”

ဇူလိုင် ၂၅ ရက်ကနေ သြဂုတ် ၁၁ ရက်အထိ ပလမြို့အနီးနားဝန်းကျင် တိုက်ပွဲတွေကြောင့် မြိတ် ပြည်ထောင်စုလမ်းမကြီးတလျှောက်မှာ ကုန်တင်ကားတွေ ၁၀ ရက်ကျော်ကြာ ပိတ်မိပြီး ကုန်ပစ္စည်းခိုးခံရတာတွေ ရှိခဲ့တယ်လို့ ကားသမားတွေဆီက သိရပါတယ်။ 

လင်းအိမ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013