DVB Logo
Home
မြန်မာသတင်း
နယ်စပ်ဒုက္ခသည်စခန်းမှ လုပ်သားများ အောက်တိုဘာ ၁ ရက် စတင်အလုပ်လုပ်နိုင် 
DVB
·
September 11, 2025
နယ်စပ်ဒုက္ခသည်စခန်းမှ လုပ်သားများ အောက်တိုဘာ ၁ ရက် စတင်အလုပ်လုပ်နိုင် 
Donate to DVB

ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းနေ လုပ်သားတွေအနေနဲ့ လာမယ့် ၂၀၂၅ အောက်တိုဘာ ၁ ရက်ကစပြီး  ထိုင်းနိုင်ငံအတွင်းပိုင်းမှာ ဝင်ရောက်လုပ်ကိုင်နိုင်ပြီလို့ ထိုင်းပြည်ထဲရေးဝန်ကြီး ထီရ ရတ် ဆမ်ရစ်ဝါနစ်က ပြောပါတယ်။ 

ဒါဟာ ၄၁ နှစ်တာကာလအတွင်း မြန်မာနိုင်ငံကနေ နယ်စပ်ဒုက္ခသည်စခန်းတွေဆီ ထွက်‌‌ပြေးခိုလှုံလာတဲ့ စစ်ဘေးဒုက္ခသည်တွေကို ပထမဆုံးအကြိမ် တရားဝင်အလုပ်လုပ်ခွင့်ပြုလိုက် တာလို့  ပြည်ထဲရေးဝန်ကြီးက စက်တင်ဘာ ၉ ရက်နေ့မှာ ထုတ်ပြန်ပြောဆိုပါတယ။ 

နယ်စပ်ဒုက္ခသည်စခန်းနေပြည်သူတွေကို အလုပ်လုပ်ခွင့်ပြုဖို့ ထိုင်းအစိုးရဝန်ကြီးများ အစည်းအဝေးက ပြီးခဲ့တဲ့ ဩဂုတ် ၂၆ ရက်နေ့မှာ သဘောတူဆုံးဖြတ်ခဲ့တယ်။ ဒီလုပ်ငန်းစဉ်တွေကို ပြည်ထဲရေးနဲ့ အလုပ်သမားဝန်ကြီးဌာနက စီမံဆောင်ရွက်သွားမှာဖြစ်ပြီး အောက်တိုဘာ ၁ ရက်နေ့ကစ စခန်းကနေထွက်ခွာကာ လုပ်ငန်းခွင်ဝင်နိုင်မယ်လို့ ဆိုပါတယ်။ 

လုပ်ငန်းစဉ်အဆင့်ဆင့်မှာ ပထမဆုံး သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးရုံးကနေ နယ်မြေပြင်ပ ထွက်ခွာခွင့် တောင်းခံရမယ်၊ ကျန်းမာရေးဆေးစစ်ပြီး ရွှေ့ပြောင်းလုပ်သားကျန်းမာရေးအာမခံ လုပ်ဆောင်ရမယ်၊  အဲဒီနောက် လိုအပ်တဲ့အထောက်အထားတွေနဲ့အတူ အင်တာနက်မှတဆင့် အလုပ်လုပ်ကိုင်ခွင့် လျှောက်ထားရမယ်။ အထူးအနေနဲ့ အလုပ်သမားကတ်လျှောက်ထားခ ဘတ် ၁၀၀ သာကုန်ကျမယ်။ ရွှေ့ပြောင်းလုပ်သားတွေအတွက် ကန့်သတ်ထားတဲ့ အလုပ်အကိုင်တွေကလွဲလို့  လုပ်ငန်းတိုင်းမှာ ဝင်‌ရောက်လုပ်ကိုင်နိုင်တယ်၊ တနှစ်ထက်မပိုတဲ့ အလုပ်လုပ်ခွင့်ပါမစ် ရရှိမယ်လို့ ဆိုပါတယ်။ 

ဒီမူဝါဒဟာ ရွှေ့ပြောင်းလုပ်သားတွေကို စနစ်တကျစီမံခန့်ခွဲခြင်း၊ တရားမဝင်အလုပ်သမားပြဿနာ ဖြေရှင်းခြင်း၊ နိုင်ငံတော်လုံခြုံရေးကို ဖြည့်ဆည်းခြင်း၊ ဒုက္ခသည်တွေအနေနဲ့လည်း မိမိကိုယ်ကို အားကိုးနိုင်ပြီး အစိုးရရဲ့ ရန်ပုံငွေဆိုင်ရာ ဝန်ထုပ်ဝန်ပိုးကို လျှော့ချပေးနိုင်ခြင်း စတဲ့အကျိုးသက်ရောက်မှုတွေ ဖြစ်စေတယ်လို့  ပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။ 

ဒါ့အပြင် စီးပွားရေးကဏ္ဍမှာ အလုပ်သမားရှားပါးတဲ့ပြဿနာကို ဖြေရှင်းပေးနိုင်မယ်၊ အလုပ်သမား စွမ်းရည်နဲ့  ကျန်းမာ‌ရေးစောင့်ရှောက်မှု မြှင့်တင်ပြီး ထိုင်းလူမှုအသိုက်အဝန်းနဲ့ စီးပွား‌‌ရေးအတွက်ပါ အပြန်အလှန်အကျိုးပြုမယ်လို့ ပြောပါတယ်။ 

ထိုင်းနိုင်ငံရဲ့ ဒီမူဝါဒဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာပဋိညာဉ်အတိုင်း ဆောင်ရွက်တဲ့အတွက်  ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ကလည်း ချီးကျူးဂုဏ်ပြုကြောင်း ထုတ်ပြန်ခဲ့တယ်၊ ရေရှည်မှာလည်း နိုင်ငံတော်ကို ဝန်ထုပ်ဝန်ပိုး မဖြစ်စေဘဲ လူ့အခွင့်အရေးကို အခြေခံတဲ့ တည်တံ့ခိုင်မြဲတဲ့ ဒုက္ခသည် စီမံခန့်ခွဲမှုစနစ်ကို  ဖော်ဆောင်ပေးသွားမယ်လို့  ပြည်ထဲရေးဝန်ကြီးက ပြောသွားပါတယ်။ 

ဒုက္ခသည်စခန်းနေ ပြည်သူတွေအနေနဲ့လည်း သက်ဆိုင်ရာ အုပ်ချုပ်ရေးရုံးက  ခွင့်ပြုချက် ထောက်ခံစာနဲ့ စခန်းပြင်ပထွက်ခွာခွင့်ပြုလိုက်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ၂၀၂၅ စက်တင်ဘာ ၁၀ ရက်နေ့စွဲနဲ့ ထုတ်ပြန်ထားပါတယ်။  

Source : Matichon News

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013