
၂၀၂၆ ခုနှစ် ငြိမ်းချမ်းရေး နိုဘယ်လ်ဆုကို တောင်အာဖရိကနိုင်ငံက ဥပဒေပညာရှင်နဲ့ တရားသူကြီး နာဗီပီလေးကို ချီးမြှင့်ဖို့ နော်ဝေနိုဘယ်လ်ကော်မတီက အောက်တိုဘာ ၉ ရက်မှာ ကြေညာလိုက်ပါတယ်။
ငြိမ်းချမ်းရေးနဲ့ နိုင်ငံတကာဥပဒေဖွံ့ဖြိုးတိုးတက်ရေးအတွက် သူ့ရဲ့ ကြိုးပမ်းမှုတွေကို အသိအမှတ်ပြုတာဖြစ်ပြီး စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုနဲ့ လူမျိုးတုံးသတ်ဖြတ်မှုတွေကို တရားစွဲဆိုအရေးယူနိုင်ရေးမှာ အဓိကပါဝင်ခဲ့သူဖြစ်တယ်လို့ နိုဘယ်လ်ကော်မတီက ဆိုပါတယ်။
ပိုမိုပြည့်စုံတဲ့ ကမ္ဘာလုံးဆိုင်ရာ ဥပဒေစနစ်တည်ဆောက်ရေးမှာ ထူးခြားတဲ့သတ္တိ၊ ဖြောင့်မတ်တဲ့ ကိုယ်ကျင့်တရားနဲ့ ဉီးဆောင်ခဲ့သူလို့လည်း ချီးကျူးထားပါတယ်။
နာဗီပီလေးဟာ မြန်မာနိုင်ငံနဲ့လည်း တိုက်ရိုက်ဆက်စပ်နေသူလည်း ဖြစ်ပါတယ်။ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို လူမျိုးတုံးသတ်ဖြတ်မှုနဲ့ စွပ်စွဲတရားစွဲဆိုထားတဲ့ အမှုမှာ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ရဲ့ အထူးတရားသူကြီး (Judge ad hoc) အဖြစ် ပါဝင်နေသူ ဖြစ်ပါတယ်။ ICJ ရဲ့ အမြဲတမ်းတရားသူကြီးတော့ မဟုတ်ပေမဲ့ ၂၀၁၉ ခုနှစ်မှာ ဂမ်ဘီယာဘက်က ရွေးချယ်ခန့်အပ်ခဲ့တာပါ။
အသားအရောင်ခွဲခြားမှုစနစ်အောက်က ရှေ့နေတယောက်
နာဗီပီလေးကို တောင်အာဖရိကနိုင်ငံ၊ ဒါဘန်မြို့မှာ အိန္ဒိယတမီးလ်နွယ်ဖွား မိသားစုက မွေးဖွားခဲ့ပါတယ်။ အဲဒီအချိန်က တောင်အာဖရိကမှာ လူဖြူ၊ လူမည်း အသားအရောင်ခွဲခြားအုပ်ချုပ်မှုစနစ် (Apartheid) ကျင့်သုံးနေပါတယ်။
သူဟာ နောက်ပိုင်းမှာ ရှေ့နေဖြစ်လာပြီး လူ့အဖွဲ့အစည်းရဲ့ စနစ်တွေထဲ အမြစ်တွယ်နေတဲ့ ခွဲခြားဆက်ဆံမှု၊ လူမျိုးအလိုက် သီးခြားခွဲထားမှုနဲ့ ဖယ်ကြဉ်မှုတွေကို ရင်ဆိုင်တိုက်ဖျက်ခဲ့ပါတယ်။
နယ်လ်ဆင်မန်ဒဲလားအပါအဝင် အသားအရောင် ဆန့်ကျင်ရေးလှုပ်ရှားသူတွေကိုလည်း ရှေ့နေအဖြစ် ဥပဒေကြောင်းအရ အကာအကွယ်ပေးခဲ့ပါတယ်။
၁၉၆၇ ခုနှစ်မှာ နာတာလ်ပြည်နယ်ရဲ့ ပထမဆုံး ကိုယ်ပိုင်ရှေ့နေလုပ်ငန်း တည်ထောင်တဲ့ အမျိုးသမီးဖြစ်လာခဲ့ပြီး Harvard Law School ကနေ ၁၉၈၂ ခုနှစ်မှာ ဥပဒေမဟာဘွဲ့၊ ၁၉၈၈ ခုနှစ်မှာ ဥပဒေပါရဂူဘွဲ့ ရရှိခဲ့ပါတယ်။
အစောပိုင်း ရှေ့နေဘဝကနေ နိုင်ငံတကာတရားသူကြီး ဖြစ်လာတဲ့အထိ ကမ္ဘာတဝန်း အကျုံးဝင်တဲ့ ဥပဒေမူတွေအပေါ် ခိုင်မာတဲ့ခံယူချက်နဲ့ အမှားအမှန် ပိုင်းခြားဆုံးဖြတ်နိုင်တဲ့ ကိုယ်ကျင့်တရားဆိုင်ရာ လမ်းညွှန်ချက်ဟာ သူ့ရဲ့ လုပ်ငန်းသက်တမ်းတလျှောက် တသမတ်တည်း ရှိခဲ့တယ်လို့ နိုဘယ်လ်ကော်မတီက ဖော်ပြပါတယ်။
နိုင်ငံတကာတရားရုံးတွေမှာ ဆောင်ရွက်ခဲ့မှု
နာဗီပီလေး ဦးဆောင်ခဲ့တဲ့ ကုလသမဂ္ဂလွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်ဟာ ၂၀၂၅ ခုနှစ် စက်တင်ဘာလမှာ အစ္စရေးက ဂါဇာဒေသက ပါလက်စတိုင်းပြည်သူတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်လို့ အစီရင်ခံစာ ထုတ်ပြန်ကောက်ချက်ချခဲ့ပါတယ်။ အစ္စရေးအစိုးရကတော့ ဒီစွပ်စွဲချက်ကို ပယ်ချထားပါတယ်။
၂၀၂၆ နိုဘယ်ငြိမ်းချမ်းရေးဆုကို နာဗီပီလေးကို ချီးမြှင့်ကြောင်း ကြေညာတဲ့ အောက်တိုဘာ ၉ ရက်နေ့မှာပဲ အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဌာနက ဒီဆုံးဖြတ်ချက်ဟာ နိုဘယ်လ်ဆုကို အစ္စရေးဆန့်ကျင်ရေး မုန်းတီးမှုနဲ့ အစွဲအလမ်းတွေကို တရားဝင်သဖွယ် ဖြစ်စေဖို့ လွဲမှားအသုံးချလိုက်တာလို့ ပြင်းပြင်းထန်ထန် ဝေဖန်ကန့်ကွက်ခဲ့ပါတယ်။
နာဗီပီလေးဟာ တောင်အာဖရိက အထက်တရားရုံး၊ ရဝမ်ဒါဆိုင်ရာ နိုင်ငံတကာရာဇဝတ်ခုံရုံး (ICTR) နဲ့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) တို့မှာ တရားသူကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
၁၉၉၅ ခုနှစ်မှာ High Court နဲ့ ICTR တရားသူကြီး ဖြစ်လာပြီး ၁၉၉၉ ကနေ ၂၀၀၃ အထိ ICTR ဥက္ကဋ္ဌ၊ ၂၀၀၃ ကနေ ၂၀၀၈ အထိ ICC တရားသူကြီး ဖြစ်ခဲ့ပါတယ်။
၂၀၀၈ ကနေ ၂၀၁၄ အထိ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး၊ ၂၀၂၁ ကနေ ၂၀၂၅ အထိ သိမ်းပိုက်ခံ ပါလက်စတိုင်းနယ်မြေဆိုင်ရာ ကုလသမဂ္ဂ လွတ်လပ်သော နိုင်ငံတကာစုံစမ်းစစ်ဆေးရေးကော်မရှင် ဥက္ကဋ္ဌအဖြစ်လည်း ဆောင်ရွက်ခဲ့ပါတယ်။
နိုင်ငံတကာဥပဒေရဲ့ အကျုံးဝင်မှုနယ်ပယ်နဲ့ လက်တွေ့သက်ရောက်မှုကို ချဲ့ထွင်ခဲ့သလို တရားစီရင်ရေးအဖွဲ့အစည်းတွေ ခိုင်မာလာအောင် ဆောင်ရွက်ခဲ့သူ ဖြစ်ပါတယ်။ သမိုင်းဝင်တရားရုံးအမှုတွေကတဆင့် ဥပဒေနည်းလမ်းတွေနဲ့ စစ်ပွဲ၊ အကြမ်းဖက်မှုတွေကို တားဆီးနိုင်ကြောင်း ပြသခဲ့တယ်လို့ နိုဘယ်ကော်မတီက ဆိုပါတယ်။
ရဝမ်ဒါ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ သမိုင်းဝင်စီရင်ချက်
မစ္စပီလေးရဲ့ အရေးပါတဲ့ ဆောင်ရွက်ချက်တွေထဲမှာ ရဝမ်ဒါ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ တရားစီရင်ရေးတွေ ပါဝင်ပါတယ်။ နောက်ကြောင်းပြန်ပြောရရင် နာဗီပီလေးဟာ ရဝမ်ဒါဝန်ကြီးချုပ်ဟောင်း ဇန်းခမ်ဘန်ဒါကို လူမျိုးတုံးသတ်ဖြတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် ပြစ်ဒဏ်ချမှတ်ခဲ့တဲ့ အမှုမှာလည်း ပါဝင်ခဲ့ပါတယ်။
ရဝမ်ဒါဆိုင်ရာ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံးက မုဒိမ်းမှုနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုမြောက်နိုင်သလို လူမျိုးတုံးသတ်ဖြတ်မှုလည်း မြောက်နိုင်တယ်လို့ ဥပဒေကြောင်းအရ ဆုံးဖြတ်သတ်မှတ်ခဲ့ပါတယ်။ ဒီသမိုင်းဝင်ဆုံးဖြတ်ချက်မှာ မစ္စပီလေးရဲ့ အခန်းကဏ္ဍက အရေးပါခဲ့တယ်လို့ နိုဘယ်လ် ကော်မတီက ပြောပါတယ်။
ဒါ့အပြင် ဝါဒဖြန့်ချိမှု တခုတည်းကို အခြေခံပြီး လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ဖို့ လှုံ့ဆော်မှုနဲ့ ပထမဆုံးအကြိမ် တရားစွဲဆိုနိုင်ခဲ့တဲ့ ဥပဒေရေးရာ တိုးတက်မှုမှာလည်း နာဗီပီလေး ဆောင် ပါဝင်ခဲ့တယ်လို့ ကော်မတီက ဖော်ပြထားပါတယ်။
၁၉၉၄ ခုနှစ် ရဝမ်ဒါ လူမျိုးတုံးသတ်ဖြတ်မှုအတွင်း ဟူတူအစွန်းရောက်ဝါဒီတွေနဲ့ ဆက်နွှယ်တဲ့ RTLM ရေဒီယိုနဲ့ Kangura သတင်းစာတို့ဟာ တူဆီလူမျိုးတွေကို ရန်သူ၊ ပိုးဟပ်တွေအဖြစ် ပုံဖော်ပြီး လူမျိုးရေးမုန်းတီးမှုနဲ့ သတ်ဖြတ်မှုတွေကို လှုံ့ဆော်ခဲ့ကြပါတယ်။
ဒီလုပ်ရပ်တွေနဲ့ပတ်သက်တဲ့ ဖာဒီနန်နာဟီမာနာနဲ့ တခြားမီဒီယာအုပ်ချုပ်သူ ၂ ယောက်ရဲ့ မီဒီယာအမှုကို မစ္စပီလေးက တရားသူကြီးအဖွဲ့ဥက္ကဋ္ဌအဖြစ် ဦးဆောင်စစ်ဆေးခဲ့ပါတယ်။ ၂၀၀၃ ခုနှစ်မှာ ပြစ်ဒဏ်ချမှတ်ခဲ့ပြီး ၂၀၀၇ အယူခံမှာ စွဲချက်နဲ့ ပြစ်ဒဏ်အချို့ ပြင်ဆင်လျှော့ချခဲ့ပါတယ်။ ရဝမ်ဒါဝန်ကြီးချုပ်ဟောင်း ဇန်းခမ်ဘန်ဒါရဲ့ လူမျိုးတုံးသတ်ဖြတ်မှုအမှုမှာလည်း သူ ပါဝင်စီရင်ခဲ့ပါတယ်။
ဒီအမှုက လူမျိုးရေးမုန်းတီးမှု ဖြန့်ဝေတာထက်ပိုပြီး လူမျိုးတုံးသတ်ဖြတ်ဖို့ အများပြည်သူကို တိုက်ရိုက်လှုံ့ဆော်တဲ့ မီဒီယာလုပ်ရပ်တွေဟာ နိုင်ငံတကာရာဇဝတ်ဥပဒေအရ အရေးယူနိုင်တဲ့ ပြစ်မှုတွေ ဖြစ်နိုင်တယ်ဆိုတာကို ပြသခဲ့တဲ့ အရေးပါတဲ့ အမှုတခု ဖြစ်ပါတယ်။
နာဗီပီလေးဟာ တဦးချင်းပုဂ္ဂိုလ်တွေနဲ့ နိုင်ငံတွေဥပဒေကို လေးစားလိုက်နာပြီး သူတို့ရဲ့ လုပ်ရပ်တွေအတွက် တာဝန်ခံဖို့ အစဉ်အလေးပေးခဲ့သလို ဥပဒေမူတွေနဲ့ စံနှုန်းတွေ ဖွံ့ဖြိုးလာအောင် ဆောင်ရွက်ခဲ့သူလည်း ဖြစ်လို့ ကော်မတီက ဖော်ပြပါတယ်။ .
နိုင်ငံတကာဥပဒေနဲ့ ငြိမ်းချမ်းရေး
ပထမဆုံး ငြိမ်းချမ်းရေး နိုဘယ်လ်ဆုကို လွန်ခဲ့တဲ့ ၁၂၅ နှစ်က ချီးမြှင့်ခဲ့ပါတယ်။ အဲဒီအချိန်ကတည်းက ပဋိပက္ခတွေကို နိုင်ငံတကာဥပဒေနဲ့ ဖြေရှင်းရေးဟာ ဒီဆုရဲ့ အဓိကရည်ရွယ်ချက်တခု ဖြစ်ခဲ့ပါတယ်။
ဒုတိယကမ္ဘာစစ်အပြီး ကုလသမဂ္ဂအဖွဲ့အစည်းတွေ ပေါ်ပေါက်လာတာနဲ့အမျှ နိုင်ငံတကာဥပဒေရဲ့ အခန်းကဏ္ဍ ကျယ်ပြန့်လာခဲ့ပြီး စစ်အေးတိုက်ပွဲအပြီးမှာ ပိုမိုအရှိန်ရလာခဲ့ပါတယ်။
ရေရှည်ငြိမ်းချမ်းရေးဆိုတာ အင်အားကြီးနိုင်ငံတွေရဲ့ အလိုဆန္ဒ ဒါမှမဟုတ် မတည်ငြိမ်တဲ့ အင်အားချိန်ခွင်လျှာပေါ်မှာ မဟုတ်ဘဲ ဥပဒေမူဘောင်တွေပေါ်မှာ တည်ဆောက်ရမယ်လို့ နိုဘယ်လ်ကော်မတီက ဆိုပါတယ်။
ဒါပေမဲ့ စည်းမျဉ်းအခြေပြု နိုင်ငံတကာစနစ်ဟာ ဘယ်တုန်းကမှ ပြီးပြည့်စုံခဲ့တာ မဟုတ်ပါဘူး။ အင်အားကြီးနိုင်ငံတွေ တာဝန်ခံမှုကနေ ရှောင်လွှဲခဲ့ကြပြီး နိုင်ငံတကာဥပဒေအရ တရားစွဲဆိုတဲ့ အမှုတွေလည်း ကျူးလွန်သူနဲ့ ခံရသူ ဘယ်သူဖြစ်သလဲဆိုတာပေါ် မူတည်ပြီး ရလဒ်တွေလည်း ကွဲပြားခဲ့ပါတယ်။
ဒါပေမဲ့ နောက်ပိုင်းမှာတော့ ပဋိပက္ခတွေကို ခြိမ်းခြောက်မှုနဲ့ စစ်ရေးနည်းလမ်းနဲ့ ဖြေရှင်းမဲ့အစား သံတမန်ရေး၊ သဘောတူစာချုပ်တွေနဲ့ ဥပဒေနည်းလမ်းတွေ အသုံးပြုပြီး ဖြေရှင်းမှုတွေ ပိုများလာခဲ့တယ်လို့ ကော်မတီက ဖော်ပြပါတယ်။
နိုင်ငံတကာတရားစီရင်ရေး ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေ
လက်ရှိကမ္ဘာမှာ စစ်ပွဲနဲ့ ပဋိပက္ခတွေဟာ အချိန်အတော်ကြာအတွင်း မကြုံဖူးလောက်အောင် များပြားလာပြီး လူသားတွေရဲ့ ရပ်တည်ရှင်သန်မှုကိုပါ ခြိမ်းခြောက်နေတယ်လို့ နိုဘယ်လ် ကော်မတီက သတိပေးထားပါတယ်။
ဒီလိုအခြေအနေမှာ နိုင်ငံတကာဥပဒေဟာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအတွက် ဖြည့်စွက်အထောက်အကူတခုသာ မဟုတ်တော့ဘဲ မရှိမဖြစ် လိုအပ်ချက် ဖြစ်လာပြီလို့ ကော်မတီက ပြောပါတယ်။
ဒါပေမဲ့ နိုင်ငံတကာဥပဒေစနစ်နဲ့ တရားစီရင်ရေးအဖွဲ့အစည်းတွေဟာ ပြင်းထန်တဲ့ ဖိအားတွေနဲ့ တိုက်ခိုက်မှုတွေကို ရင်ဆိုင်နေရပါတယ်။ ဥပဒေနဲ့ တရားမျှတမှုထက် အင်အားနဲ့ အကျိုးစီးပွားကို ဦးစားပေးတဲ့ နိုင်ငံရေးက ပိုပြီး အသာစီးရလာနေတယ်လို့ ကော်မတီက ထောက်ပြပါတယ်။
တရားဥပဒေနဲ့အညီ မှန်ကန်မျှတမှုထက် အင်အာက လွှမ်းမိုးလာတဲ့အခါ တည်ငြိမ်မှု၊ ယုံကြည်မှုနဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်မှုတွေ ထိခိုက်ရတယ်လို့လည်း သတိပေးထားပါတယ်။
ထူးခြားတာက နာဗီပီလေး ငြိမ်းချမ်းရေးနိုဘယ်လ်ဆု ရရှိကြောင်း ကြေညာပြီး နာရီပိုင်းအကြာမှာပဲ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီအိုက အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) အဖွဲ့အစည်းတခုလုံးအပေါ် ပိတ်ဆို့အရေးယူမှုအသစ် ကြေညာခဲ့တာပါ။
အမေရိကန်အစိုးရက ICC အဖွဲ့ဝင် မဟုတ်တဲ့ အမေရိကန်ရဲ့ အချုပ်အခြာအာဏာနဲ့ နိုင်ငံသားတွေအပေါ် တရားစီရင်ပိုင်ခွင့်ကို ကန့်ကွက်ထားပါတယ်။ ICC ကတော့ ဒီပိတ်ဆို့အရေးယူမှုဟာ တရားစီရင်ရေးလွတ်လပ်မှုနဲ့ နိုင်ငံတကာတရားဥပဒေစိုးမိုးရေးကို တိုက်ခိုက်တာဖြစ်တယ်လို့ ပြန်လည်ကန့်ကွက်ခဲ့ပါတယ်။
တနေ့တည်းမှာပဲ အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဌာနကလည်း နာဗီပီလေးကို နိုဘယ်လ်ဆုချီးမြှင့်တဲ့ ဆုံးဖြတ်ချက်ကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။
ဒီလို တုံ့ပြန်မှုတွေကြောင့် ဒီနှစ်နိုဘယ်ငြိမ်းချမ်းရေးဆုဟာ နိုင်ငံတကာတရားစီရင်ရေး အဖွဲ့အစည်းတွေနဲ့ အင်အားကြီးနိုင်ငံတွေ၊ သူတို့ရဲ့ မဟာမိတ်တွေကြားက နိုင်ငံရေးတင်းမာမှု ကိုပါ ထင်ဟပ်စေပါတယ်။ ဒီနှစ် ငြိမ်းချမ်းရေးနိုဘယ်လ်ဆုဟာ နိုင်ငံတကာတရားဥပဒေစိုးမိုးရေးကို ကာကွယ်ဖို့ ပေးလိုက်တဲ့ နိုင်ငံရေးသတင်းစကားတခုအဖြစ်လည်း သုံးသပ်နိုင်ပါတယ်။
တရားသူကြီးတွေရဲ့ အခန်းကဏ္ဍနဲ့ အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူမှု
တရားဥပဒေစိုးမိုးမှုရှိတဲ့ အခြေအနေနဲ့ ထိန်းမနိုင်သိမ်းမရဖြစ်မှုကြားက အရေးကြီးတဲ့ နယ်နိမိတ်စည်းကို ကာကွယ်ပေးနေတဲ့ တရားသူကြီးတွေဟာ ချီးကျူးထိုက်သူတွေဖြစ်ပေမဲ့ အခုအချိန်မှာ သူတို့ကိုယ်တိုင် ပိတ်ဆို့အရေးယူခံနေရပြီး တရားရုံးအဖွဲ့အစည်းတွေလည်း တိုက်ခိုက်ခံနေရတယ်လို့ ကော်မတီက ဆိုပါတယ်။
အမေရိကန်သမ္မတ ထရမ့်ပ်အစိုးရဟာ ၂၀၂၅ ခုနှစ်ကစပြီး ICC တရားသူကြီးတွေနဲ့ အမှုလိုက်ရှေ့နေတွေကို ပိတ်ဆို့အရေးယူခဲ့ပါတယ်။ ၂၀၂၆ ဩဂုတ်လအထိ ICC တရားသူကြီး ၁၈ ဦးထဲက ၉ ဦး အရေးယူခံခဲ့ရပြီး အောက်တိုဘာ ၉ ရက်နေ့မှာ ICC အဖွဲ့အစည်းတခုလုံးကိုပါ ပိတ်ဆို့အရေးယူကြောင်း ကြေညာခဲ့တာပါ။အမေရိကန်က အချုပ်အခြာအာဏာနဲ့ နိုင်ငံသားတွေကို ကာကွယ်ဖို့လို့ဆိုပြီး ICC ကတော့ တရားစီရင်ရေးလွတ်လပ်မှုကို ထိခိုက်စေတယ်လို့ ကန့်ကွက်ထားပါတယ်။ ICC နဲ့ မြန်မာနိုင်ငံအမှုကို စစ်ဆေးနေတဲ့ ICJ ဟာ မတူတဲ့ တရားရုံးတွေ ဖြစ်ပါတယ်။
ဒီလိုအခြေအနေမှာ မစ္စပီလေးရဲ့ တရားစီရင်ရေးဆိုင်ရာ စေ့စပ်တိကျမှု၊ လွတ်လပ်စွာ ရပ်တည်မှု၊ ဖြောင့်မတ်မှုနဲ့ သတ္တိတို့ဟာ ပိုမိုအရေးပါလာတယ်လို့ နိုဘယ်လ်ကော်မတီက ပြောပါတယ်။
ငြိမ်းချမ်းရေးအတွက် တရားမျှတမှု
ငြိမ်းချမ်းရေးအတွက် တရားမျှတမှု လိုအပ်တယ်လို့ နိုဘယ်လ်ကော်မတီက အလေးပေးဖော် ပြပါတယ်။ တရားဥပဒေစိုးမိုးရေးမရှိတဲ့ ကမ္ဘာကြီးဟာ မတရားတဲ့၊ အမြော်အမြင်မရှိတဲ့၊ လူသားမဆန်တဲ့ ကမ္ဘာကြီးဖြစ်တယ်လို့ သမိုင်းက သက်သေပြခဲ့ကြောင်း ကော်မတီက ဆိုပါတယ်။
နာဗီပီလေးဟာ နိုင်ငံတွေကြား ညီရင်းအစ်ကိုစိတ်ဓာတ် ခိုင်မာလာအောင်၊ ငြိမ်းချမ်းရေးနဲ့ တရားမျှတမှုအတွက် နိုင်ငံတကာတရားခုံရုံးတွေ အသုံးပြုလာအောင် ဆောင်ရွက်ခဲ့သူဖြစ်ပြီး ခေတ်သစ်ငြိမ်းချမ်းရေးညီလာခံတွေအတွက် အနှစ်သာရ၊ ဦးတည်ချက်နဲ့ တွန်းအားတွေ ပေးခဲ့တယ်လို့ ကော်မတီက ဖော်ပြပါတယ်။ ဒါဟာ အဲလ်ဖရက်ဒ်နိုဘယ်လ်ရဲ့ သေတမ်းစာပါ ရည်ရွယ်ချက်နဲ့လည်း ကိုက်ညီတယ်လို့ ဆိုပါတယ်။
ရာဇဝတ်မှုကျူးလွန်သူတွေကို တာဝန်ခံစေပြီး ထိခိုက်နစ်နာသူတွေ တရားမျှတမှု ရရှိနိုင်တဲ့ နိုင်ငံတကာဥပဒေစနစ်ဟာ ငြိမ်းချမ်းတဲ့ ကမ္ဘာကြီးအတွက် အခြေခံလိုအပ်ချက်ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတွေရော နိုင်ငံတကာအဆင့်မှာပါ တရားဥပဒေစိုးမိုးရေးကို ထောက်ပံ့၊ ခိုင်မာစေပြီး ကျယ်ပြန့်လာအောင် ဆောင်ရွက်ဖို့ လိုအပ်ကြောင်း ဒီနှစ်နိုဘယ်လ်ဆုနဲ့ ကမ္ဘာကြီးကို သတိပေးလိုတာဖြစ်တယ်လို့ ကော်မတီက ပြောပါတယ်။
တရားမျှတမှုနဲ့ လူ့ဂုဏ်သိက္ခာအတွက် နာဗီပီလေးရဲ့ တစိုက်မတ်မတ် ကြိုးပမ်းမှုတွေဟာ ပိုမိုငြိမ်းချမ်းတဲ့ ကမ္ဘာကြီးကို လိုလားသူအားလုံးအတွက် မျှော်လင့်ချက်နဲ့ စိတ်ဓာတ်ခွန်အား ဖြစ်တယ်လို့လည်း ကြေညာချက်မှာ နိဂုံးချုပ်ထားပါတယ်။
၂၀၂၆ ခုနှစ် ငြိမ်းချမ်းရေးနိုဘယ်လ်ဆုအတွက် လူပုဂ္ဂိုလ် ၂၀၈ ဦးနဲ့ အဖွဲ့အစည်း ၇၉ ခု၊ စုစုပေါင်း ၂၈၇ ခု အဆိုပြုခံခဲ့ရတယ်လို့ နိုဘယ်လ်ကော်မတီက ဧပြီ ၃၀ ရက်မှာ ထုတ်ပြန်ထားပါတယ်။ အဆိုပြုခံရသူတွေရဲ့ အမည်စာရင်းနဲ့ စိစစ်သုံးသပ်မှုတွေကို နှစ် ၅၀ ကြာ လျှို့ဝှက်ထားရတဲ့ စည်းမျဉ်းရှိပါတယ်။
မြန်မာနိုင်ငံက ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာလည်း နေအိမ်အကျယ်ချုပ် ကျခံနေရစဉ် ၁၉၉၁ ခုနှစ်မှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် အကြမ်းမဖက်ဘဲ ကြိုးပမ်းခဲ့မှုကြောင့် ငြိမ်းချမ်းရေးနိုဘယ်လ်ဆု ချီးမြှင့်ခံခဲ့ရပါတယ်။ အဲဒီနှစ် အော်စလိုမြို့က ဆုချီးမြှင့်ပွဲမှာ သူ့ကိုယ်စား ခင်ပွန်းမိုက်ကယ်အဲရစ်နဲ့ သားနှစ်ယောက်သာ တက်ရောက်ခဲ့ကြပြီး သားကြီး အလက်ဇန္ဒြားက ဆုလက်ခံမိန့်ခွန်းပြောကြားခဲ့ပါတယ်။
နောင် နှစ်ပေါင်း ၂၁ နှစ်အကြာ ၂၀၁၂ ခုနှစ် ဇွန်လ ၁၆ ရက်နေ့ကျမှ ဒေါ်အောင်ဆန်းစုကြည်ဟာ အော်စလိုမြို့မှာ ငြိမ်းချမ်းရေး နိုဘယ်လ်ဆု မိန့်ခွန်းကို ကိုယ်တိုင် လာရောက်ပြောကြားနိုင်ခဲ့တာ ဖြစ်ပါတယ်။











