
မကွေးတိုင်း၊ ပေါက်မြို့နယ်ထဲမှာ အခြေပြုတဲ့ Rocket Fighter ပြည်သူ့ကာကွယ်ရေးတပ်ရဲ့ ခဲယမ်းသိုလှောင်စခန်းတခုဟာ စက်တင်ဘာ ၉ ရက် နေ့လယ် ၁၂ နာရီဝန်းကျင်က ပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က စက်တင်ဘာ ၁၀ ရက်မှာ ထုတ်ပြန်ပါတယ်။
Rocket Fighter ပြည်သူ့ကာကွယ်ရေးတပ်ရဲ့ ပြန်ကြားရေးတာဝန်ရှိသူက “ကျနော်တို့တပ်က ခဲယမ်းသိုလှောင်စခန်းမှာ အပူချိန်မြင့်တက်ပြီး ဗုံးသီးတွေ အတွဲလိုက်ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာပါ။ ရဲဘော်တွေ ထမင်းစားနေချိန်ဖြစ်တာဆိုတော့ ထိခိုက်သူမရှိပါဘူး” လို့ ပြောပါတယ်။
အဆိုပါပေါက်ကွဲမှုကြောင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးဟာ ကျပ်သိန်း ၅၀၀ ဝန်းကျင် ရှိတယ်လို့လည်း ဆိုပါတယ်။
Rocket Fighter ပြည်သူ့ကာကွယ်ရေးတပ်ရဲ့ တာဝန်ခံက “ခဲယမ်းသိုလှောင်ရုံက ၂ ထပ်အဆောက်အဦကို အပေါ်ထပ်မှာထားတဲ့ ဗုံးသီးတွေ အပူချိန်လွန်ကဲပြီး ပေါက်ကွဲခဲ့တာပါ။ မီးလောာင်ချိန်က နာရီဝက်လောက် ကြာခဲ့ပါတယ်။ အဲဒီပေါက်ကွဲမှုကြောင့် ကလလ သေနတ် ၁ လက်၊ MA 3 သေနတ် ၁ လက်၊ ဗုံးသီး ၁၀ လုံး၊ ကျည်ဘောက် ၃ ခု၊ စစ်သုံးပစ္စည်း ၄ ခု၊ အိုင်ကွန်စက် ၂ လုံး၊ ကျည်ကာဦးထုပ် ၄ လုံး၊ ကျောပိုးအိတ် ၄ လုံးနဲ့ ဆက်စပ်ပစ္စည်းတွေ စုစုပေါင်းလိုက်ရင်တော့ သိန်း ၅၀၀ ဖိုး ဝန်းကျင်လောက် ဆုံးရှုံးသွားခဲ့ပါတယ်။ အဆောက်အအုံရဲ့ မျက်နှာကြက်တွေနဲ့ အမိုးတွေလည်း ပျက်စီးကုန်တယ်ဗျ” လို့ DVB ကို ပြောပါတယ်။
အခုဖြစ်စဥ်ကြောင့် ပျက်စီးသွားတာတွေကို ပြန်လည်ထူထောင်ဖို့ ကြိုးစားသွားမှာဖြစ်သလို စစ်အာဏာရှင်စနစ် ကျရှုံးတဲ့အထိ ဆက်လက်ကြိုးစားသွားမှာဖြစ်တယ်လို့လည်း သူက ဆက်ပြောပါတယ်။
Rocket Fighter ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဟာ မကွေးတိုင်းအတွင်းက ပေါက်မြို့နယ်မှာ အခြေစိုက်ထားပေမဲ့ စစ်ကိုင်းတိုင်းအတွင်းက တော်လှန်ရေးတပ်ဖွဲ့တွေနဲ့လည်း မဟာမိတ်အဖြစ် ပူးပေါင်းကာ အာဏာသိမ်းစစ်တပ်နဲ့ တိုက်ပွဲပေါင်း ၆၀ နီးပါး ဆင်နွှဲထားပြီးဖြစ်တယ်လို့ သိရပါတယ်။











