DVB Logo
Home
မြန်မာသတင်း
Sky Villa ကွန်ဒို ပြန်ဆောက်မည်ကို အခန်းပိုင်ရှင်များ မလိုလား၊ သတ်မှတ်လျော်ကြေး ပေးစေလို
DVB
·
September 10, 2025
Sky Villa ကွန်ဒို ပြန်ဆောက်မည်ကို အခန်းပိုင်ရှင်များ မလိုလား၊ သတ်မှတ်လျော်ကြေး ပေးစေလို
1 / 2
Donate to DVB

အင်းအားပြင်းငလျင်ကြောင့် မန္တလေးမြို့က Sky Villa ကွန်ဒို ပြိုကျမှုမှာ သေဆုံးသူတွေအတွက် ကုမ္ပဏီဘက်က ထောက်ပံ့ကြေးတွေ ပေးတာကို မိသားစုဝင်တွေ အများစုက မယူကြသလို အခန်းပိုင်ရှင်တွေ ကျေနပ်လောက်မယ့် ငွေပမာဏတခု သတ်မှတ်ပြီး လျော်ကြေးပေးတာမျိုးကိုပဲ လိုချင်တယ်လို့ ဆိုကြပါတယ်။

ပြီးခဲ့တဲ့ မတ် ၂၈ ရက်က စစ်ကိုင်းငလျင်ကြောင့် မန္တလေးမြို့ အောင်မြေသာစံမြို့နယ်မှာ ပြိုကျခဲ့တဲ့  Sky Villa ကွန်ဒိုကို NTL ကုမ္ပဏီက တာဝန်ယူတည်ဆောက်ခဲ့ပြီး ငလျင်ဒဏ်ခံ ဖောင်ဒေးရှင်းနဲ့ ဘိုးဘွားပိုင်မြေပေါ် ပိုင်ဆိုင်မှု အခိုင်အမာ ဆောက်လုပ်ထားတဲ့အတွက် နောင်ရေး စိတ်အေးရတယ် ဆိုပြီး ကြော်ငြာ ရောင်းချခဲ့တာပါ။

ဆုံးရှုံးသွားတဲ့ တိုက်ခန်းတွေနဲ့ ပတ်သက်ပြီးတော့လည်း NTL ကုမ္ပဏီဘက်က အခန်းပိုင်ရှင်တွေကို  အချိုးကျ ငွေထည့်ဝင်ကာ ကွန်ဒိုဥပဒေအရ တိုက်ခန်းပြန်လည်တည်ဆောက်ပေးမယ်လို့ မီဒီယာတွေမှာ ဖြေကြားနေတာတွေ ရှိပါတယ်။

တိုက်ခန်းပိုင်ရှင်တွေဘက်ကတော့ ဒီလိုနေရာမှာ ပြန်နေဖို့ စိတ်ပိုင်းဆိုင်ရာ အဆင်မပြေကြတဲ့အတွက် ဒီလို တိုက်ခန်းပြန်ဆောက်ပေးတာကို အလိုမရှိကြဘူးလို့ ဆိုပါတယ်။

ကုမ္ပဏီဘက်က အခန်းပိုင်ရှင်တွေ ကျေနပ်လောက်မယ့် ငွေပမာဏတခု သတ်မှတ်ပြီး လျော်ကြေးပေးတာမျိုးကိုပဲ လိုချင်တယ်လို့ တိုက်ခန်းပိုင်ရှင်တယောက်က ပြောပါတယ်။

“သူတို့ ကြေညာထားတဲ့အထဲမှာ ငလျင်ဒဏ်ခံနိုင်တယ် ဆိုတာမျိုးတော့ ပါတာပေါ့ဗျာ။ စဆောက်စဉ်က ကြော်ငြာတဲ့သဘောမျိုး ထည့်ထားတာပေါ့။ ငလျင်ဒဏ်ခံနိုင်တယ်၊ ပိုင်ဖောင်ဒေးရှင်းနဲ့ ဆောက်တယ်၊ အဲလိုတော့ ပြောတာပေါ့ဗျ။ ဖြစ်သွားတော့မှ ဒီလောက်ကြီး လှုပ်လို့ဆိုတဲ့သဘော ဖြေရှင်းကြတာပေါ့ဗျာ။ ကွန်ဒိုလောရှိတဲ့အတွက်ကြောင့်မလို့ အခန်းပိုင်ရှင်တွေက ပိုက်ဆံထည့်ဝင်ပြီးတော့ အခန်းယူဆိုတာမျိုး၊ ဒီလိုပုံစံမျိုးကိုတော့ သဘောကျတဲ့သူ နည်းပါတယ်ဗျ။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့က ဒီလိုမျိုးဖြစ်သွားပြီးတဲ့ နေရာကြီးပေါ်မှာ ထရော်မာတခု ဖြစ်သွားတယ်။ ဒီလိုနေရာကြီးမှာ ထပ်နေဖို့ရာအတွက် အဆင်မပြေကြဘူးပေါ့ဗျာ။”

Sky Villa ကွန်ဒို ပြိုကျမှုမှာ သေဆုံးသူတွေကို စက်တင်ဘာ ၈ ရက်က စတင်ပြီး NTL ကုမ္ပဏီဘက်က ကရုဏာထောက်ပံ့ကြေး တယောက်ကို သိန်း ၁၀၀ ပေးအပ်နေတယ်လို့ မိသားစုဝင်တွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။

သေဆုံးကြောင်း အထောက်အထား၊ အိမ်ထောင်စုဇယား မိတ္တူနဲ့အတူ မိသားစုအလိုက် ဆုံးရှုံးခဲ့ရသူတွေက သူတို့ရဲ့ အမွေအစားအမွေခံ အထောက်အထား ပြနိုင်သူတွေ စာရင်းပေးသွင်းပြီး ငွေထုတ်ယူနိုင်တယ်လို့ ကုမ္ပဏီတာဝန်ရှိသူတွေက ပြောပါတယ်။

ကွန်ဒိုကပေးတဲ့ နစ်နာကြေးကို အခန်းငှားနေကြသူတွေနဲ့ သေဆုံးသွားတဲ့ အလုပ်သမားတွေရဲ့ မိသားစုဝင်တွေကတော့ ထောက်ပံ့ကြေးယူတာတွေရှိတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

တဖက်မှာလည်း သေဆုံးသူတွေရဲ့ မိသားစုဝင် အများစုကတော့ လူတယောက်ရဲ့တန်ဖိုးကို သိန်း ၁၀၀ နဲ့ တန်ဖိုးဖြတ်တာ မဖြစ်သင့်သလို သူတို့ပေးတဲ့ နစ်နာကြေးကို ယူမှာမဟုတ်ဘူးလို့ ပြောဆိုနေကြပါတယ်။

SKY Villa ကွန်ဒို တိုက်ခန်းပိုင်ရှင်တယောက်က “သိန်း ၁၀၀ ပေးတဲ့အပေါ်မှာ  ကျနော့်အသိ အိမ်ပိုင်ရှင်တွေကတော့ မယူကြဘူးဗျာ။ ယူတဲ့သူတွေကလည်း ၂ ယောက်လားပဲ ရှိတယ်။ ဒါကလည်း သူတို့က တော်တော်လေးကို ဒုက္ခရောက်သွားတယ်။ သားသမီးတွေ အိမ်တွေ ကားတွေ ဆုံးရှုံးသွားတယ်၊ နေစရာ ငှားစရာ ပစ္စည်းတွေ ဘာတွေ ဘာမှပြန်မရဘူး။ ဒါကျတော့လည်း ယူတာပေါ့နော်။ တချို့အိမ်ပိုင်ရှင် တယောက် ၂ ယောက်လောက်ပဲ ယူတယ်။ ကျန်တဲ့သူတွေ အကုန်လုံးက တယောက်မှ မယူကြဘူးလေ။ စိတ်လည်း မဝင်စားကြဘူးလေ။ ဒီ သိန်း ၁၀၀ ပေးတာကို။ ကျနော်တို့ လှမ်းကြည့်လိုက်ရင် သိတယ်လေ။ ပိုင်ရှင်တွေက တယောက်မှလည်း မတွေ့ရဘူးဗျာ။ စစ်ရှောင်ရင်းနဲ့ ဧည့်စာရင်းနဲ့ လာနေကြသူတွေ သူတို့က အခန်းတွေ အများကြီး ငှားစားထားတာလေ။ ပိုင်ရှင်တွေကခိုင်းတဲ့ အလုပ်သမားလေးတွေရဲ့ မိသားစုတွေပဲ လာကြတာ တွေ့တယ်ဗျ၊ အများအားဖြင့်လေ” လို့ ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်လို့ တုံ့ပြန်မှုရရှိဖို့ SKY Villa ကွန်ဒိုဘက်က တာဝန်ရှိသူကို DVB က ဆက်သွယ်ခဲ့ပေမဲ့ ပြန်လည်ဖြေဆိုတာ မရှိပါဘူး။

ငလျင်ကြောင့် SKY Villa ကွန်ဒို ပြိုကျခဲ့တဲ့အတွက် ကွန်ဒိုမှာနေထိုင်သူ အယောက် ၂၀၀ ဝန်းကျင် သေဆုံးခဲ့ပြီး ငလျင်လှုပ်ခတ်ပြီး ၅ လကျော် ကြာမြင့်ခဲ့ပေမဲ့ ရှာဖွေရေးလုပ်ငန်းတွေ လုပ်ဆောင်နေရဆဲ ဖြစ်ပါတယ်။

သီရိ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013