
ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားလမ်းနဲ့ ကန်ဘဲ့လမ်းထောင့်ရှိ The Central ကွန်ဒိုမှာ အခန်းဝယ်ယူ ထားသူတွေအနေနဲ့ တာဝန်ရှိသူတွေကို ထွက်ရှင်းပေးစေလိုပြီး သွင်းထားတဲ့ငွေကြေးတွေကိုသာ ပြန်ရယူလိုတယ်လို့ တိုက်ခန်းဝယ်ထားတဲ့ နစ်နာသူတွေက ပြောပါတယ်။
The Central အိမ်ရာစီမံကိန်းမှာ ၂၀၁၉ ခုနှစ်ကတည်းက အခန်းတန်ဖိုးရဲ့ ၇၀ ရာခိုင်နှုန်းကနေ ၉၀ ရာခိုင်နှုန်းအထိ ငွေပေးချေပြီး ဝယ်ယူထားသူတွေက ၂၀၀ နီးပါးရှိပါတယ်။
ဝယ်ယူသူတွေအနေနဲ့ စာချုပ်ပါ သတ်မှတ်ချက်အရ ၂၀၂၀ ခုနှစ်စက်တင်ဘာမှာ အခန်းအပ်နှံ ရမှာ ဖြစ်ပြီး ယနေ့အချိန်ထိ အခန်းကိုအပ်နှံနိုင်ခြင်းမရှိသေးဘူးလို့ သိရပါတယ်။
အခန်းဝယ်ထားတဲ့ နစ်နာသူတယောက်က "အဲဒီအခန်းကိုမဝယ်မချင်း ဖုန်းတွေကို တောက်လျှောက် ဆက်တာ။ ကိုယ်တွေဖုန်းနံပါတ်ကိုလည်း ဘယ်ကရလဲတော့မသိဘူး။ အဲဒါနဲ့ အရောင်းပြခန်းကို သွားကြည့်ဖြစ်တယ်။ သူတို့ကရှင်းပြတာပေါ့။ ခုချိန်မှာဝယ်ရင် ပရိုမိုးရှင်းက ဘယ်လိုရှိလဲဆိုပြီး ပြောတယ်။ အဲဒီလိုနဲ့ဝယ်ဖြစ်သွားတာ။ စဝယ်တုန်းကလည်း ကျနော်တို့ စာချုပ်လည်း မရဘူး။ စရန်ငွေ ကျပ် သိန်း ၂၈၀ တခါတည်း KBZ Banking ကနေ လွှဲခဲ့တယ်၊ စရန်ပေးခဲ့တယ်။ ပြီးတော့ စီမံကိန်းကလည်း ရန်ကုန်မြို့လယ်ခေါင်ဆိုတော့ ဝယ်ဖြစ်တာ။ ပြောရရင် ယုံကြည်မှုပျက်ပြား သွားတာပေါ့။ သူတို့အပေါ် ယုံကြည်မှုမရှိတော့ဘူးပေါ့။ ကိုယ်သွင်းထားတဲ့ငွေတွေကိုပဲ ပြန်လိုချင်တယ်" လို့ ပြောပါတယ်။
အခန်းဝယ်ယူထားသူ ၁၀၀ ကျော်ဟာ ၂၀၂၆ ခုနှစ် စက်တင်ဘာ ၃၀ ရက်က Showroom ရှေ့မှာ စုဝေး ဆန္ဒပြခဲ့ပေမဲ့ တာဝန်ရှိသူတွေက ထွက်မရှင်းပေးခဲ့သလို စစစ ကလည်း အရောင်းပြခန်းကို ချိပ်ပိတ်ပြီး စစ်ဆေးနေတယ်လို့ သိရပါတယ်။
The Central အိမ်ရာစီမံကိန်းကို Marga Landmark ကတာဝန်ယူတည်ဆောက်နေတာဖြစ်ပြီး လက်ရှိမှာလည်း I Myanmar House က The Central Condo အိမ်ခန်းတွေကို ရောင်းချ နေဆဲဖြစ်ပါတယ်။











