
စစ်အာဏာသိမ်းပြီး ၆ နှစ်နီးပါးအကြာမှာ ရန်ကုန်မြို့က အမေရိကန်ဒေါ်လာ သန်းနဲ့ချီ တန်ကြေးရှိတဲ့ The Central၊ Emerald Bay Tower 3 နဲ့ The Park လို တန်ဖိုးကြီး ကွန်ဒိုဈေးကွက်တွေ ဆုတ်ယုတ်သွားခဲ့ပြီး ယိုင်နဲ့နေတဲ့ မြန်မာ့အိမ်ခြံမြေ ကဏ္ဍတခုလုံးအပေါ် ဆက်တိုက် ရိုက်ခတ်လာတဲ့အပြင် ဘဏ်လုပ်ငန်းကဏ္ဍဆီကိုပါ တိုက်ရိုက်ကူးစက်လာနိုင်တယ်လို့ ဘဏ္ဍာရေးဆိုင်ရာ ကျွမ်းကျင်သူတွေက သတိပေးပါတယ်။
အခြေအနေအရပ်ရပ်ရဲ့ သက်ရောက်မှုတွေကြောင့် ကွန်ဒိုစီမံကိန်းတွေနဲ့ အိမ်ခြံမြေတွေအတွက် ဘဏ်တွေကနေတဆင့် ထုတ်ချေးထားတဲ့ ချေးငွေတွေ၊ မြေယာ Developer တွေနဲ့ ဝယ်ယူသူတွေအကြား ချိတ်ဆက်ထားတဲ့ ဘဏ်ကြွေးမြီတွေဟာ ပြန်မဆပ်နိုင်တော့တဲ့ ဆိုးရွားတဲ့ ကြွေးမြီပြဿနာအဖြစ် ပြောင်းလဲပြီး ဘဏ်တွေအပေါ် တိုက်ရိုက် ရိုက်ခတ်လာတော့မယ်လို့ ဘဏ္ဍာရေးဆိုင်ရာ ကျွမ်းကျင်သူတယောက်က ထောက်ပြပါတယ်။
လက်ရှိမှာ စစ်အာဏာရှင်ရဲ့ သွင်းကုန်ပိတ်ဆို့ထိန်းချုပ်ရေး မူဝါဒတွေကြောင့် ပြည်တွင်း ကုန်ဈေးနှုန်းတွေ ဆက်တိုက်မြင့်တက်လာပြီး စီးပွားရေးဝန်းကျင်တခုလုံး ပိုဆိုးရွားလာနေသလို တခြားတဘက်မှာလည်း စစ်အာဏာရှင်လက်အောက်ခံ ဗဟိုဘဏ်က နိုင်ငံတော်ဘတ်ဂျက် လိုငွေတွေကို ကျပ်ငွေစက္ကူအသစ်တွေ ရိုက်ထုတ်ဖြည့်ဆည်းနေတာကြောင့် ငွေကြေးဖောင်းပွမှုနဲ့ ကုန်ဈေးနှုန်းတက်တာ ဆက်ဖြစ်နေတယ်လို့ ဆိုပါတယ်။
အဲဒါတွေနဲ့ ကုန်စည်စီးဆင်းမှု အနှောင့်အယှက်တွေ၊ ဒေါ်လာဈေးမတည်ငြိမ်တာ၊ ဈေးနှုန်း ထိန်းချုပ်တာ၊ ကြားခံကုန်သည်တွေရဲ့ အမြတ်ကြီးစားတာနဲ့ လမ်းကြေး ဂိတ်ကြေးတွေ ပေါင်းစပ်သွားတဲ့အတွက် ဆောက်လုပ်ရေးကဏ္ဍ ပြိုလဲမှုဂယက်ဟာ ဘဏ်လုပ်ငန်းကဏ္ဍဆီ တိုက်ရိုက်ကူးစက်လာတာလို့ ဘဏ္ဍာရေးဆိုင်ရာ ကျွမ်းကျင်သူတချို့က ရှင်းပြပါတယ်။
တန်ဖိုးကြီး ကွန်ဒိုတွေရဲ့ အခြေအနေကို သိရှိထားသူတယောက်က “အမှန်က မြန်မာနိုင်ငံရဲ့ အိမ်ခြံမြေကဏ္ဍတခုလုံးက အေးစက်သွားတာ ကြာပါပြီ။ ခုမှဖြစ်တာ မဟုတ်ပါဘူး။ နောက်ပြီး အဆင့်မြင့် အထပ်မြင့်စီမံကိန်းကြီးတွေ ရှေ့မဆက်နိုင်တာလည်း ကြာပါပြီ။ အခု ပြဿနာဖြစ်နေတဲ့ စီမံကိန်းကြီးတွေဆိုရင်လည်း မနှစ်ကတည်းက ကြိတ်ပြီး ဖြေရှင်းနေကြတာပါ။ အခု မရတော့လို့ လူသိကုန်ကြတာပါ” လို့ ပြောပါတယ်။
ဆောက်လုပ်ရေးကဏ္ဍ ပြိုလဲမှုဂယက်ဟာ ၂၀၁၆ ခုနှစ်က စတင်ခဲ့တဲ့ စီမံခန့်ခွဲမှု အလွဲအမှားတွေကြောင့် တုံ့ဆိုင်းသွားခဲ့ရတဲ့ အခြေအနေကနေ ကိုဗစ်-၁၉ ကပ်ရောဂါနဲ့ စစ်အာဏာသိမ်းမှု ပေါင်းစပ်သွားခဲ့တာကြောင့်ဖြစ်ပြီး ထင်ရှားတဲ့ပြယုဂ်အနေနဲ့ Yoma Central နဲ့ 68 Residence လို တန်ဖိုးကြီးကွန်ဒိုနဲ့ အိမ်ခြံမြေစီမံကိန်းကြီးတွေဟာ လွန်ခဲ့တဲ့ ၄၊ ၅ နှစ်ကတည်းက ဆက်လက်မလည်ပတ်နိုင်ဘဲ လုံးဝရပ်တန့်သွားခဲ့ရတယ်လို့ သူက ဆက်ပြောပါတယ်။
“အခုက စီးပွားရေးလုပ်ငန်းရှင်ကြီးတွေ ဒုက္ခဖြစ်နေကြတာပါ။ ပြဿနာက တော်တော်လေး ကြီးသွားပါပြီ” လို့လည်း ပြောပါတယ်။
ထင်ရှားတဲ့ ဆောက်လုပ်ရေးလုပ်ငန်းရှင်လည်းဖြစ်၊ ဆောက်လုပ်ရေးအသင်းချုပ်မှာ ကာလရှည် အဆင့်မြင့်တာဝန်တွေ ထမ်းဆောင်ခဲ့သူလည်းဖြစ်တဲ့ သူက မြန်မာ့ဆောက်လုပ်ရေးကဏ္ဍဟာ အခု ပြိုလဲနေပြီလို့ ဆိုပါတယ်။
ဒီအကျပ်အတည်းကြောင့် လုပ်သားသန်းနဲ့ချီ ထိခိုက်နစ်နာလာနိုင်တယ်လို့လည်း သတိပေးထားပါတယ်။
ဆောက်လုပ်ရေးကဏ္ဍ ပြိုလဲလာရတာဟာ နိုင်ငံရေး မတည်ငြိမ်မှု၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ရပ်သွားတာ၊ ဆောက်လုပ်ရေးပစ္စည်းဈေးနှုန်းတွေနဲ့ ငွေလဲနှုန်းတွေ အဆမတန် မြင့်တက်လာတာကြောင့် ဖြစ်တယ်လို့ သူက ဆိုပါတယ်။
ဘဏ္ဍာရေးဆိုင်ရာ ကျွမ်းကျင်သူတယောက်က “၂၀၀၃ ခုနှစ် မြန်မာ့ဘဏ် အကျပ်အတည်းအတိုင်း တကျော့ပြန်ဖြစ်လာမှာကို စိုးရိမ်မိပါတယ်” လို့ ပြောပါတယ်။
NLD အစိုးရလက်ထက်မှာ ငွေကြေးဖောင်းပွတာနဲ့ ငွေလဲနှုန်းတို့ကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်ခဲ့လို့ ဘဏ်ချေးငွေနဲ့ ရွှေ၊ မြေ၊ မော်တော်ယာဉ်ဝယ်ယူတာမှာ ဝင်ရောက် မကစားကြတာကြောင့် ဈေးနှုန်းမတက်ဘဲ ကုန်ထုတ်လုပ်မှုနဲ့ နိုင်ငံအသားတင်ထုတ်လုပ်မှုတန်ဖိုး (GDP) အချိုးဟာ ပျမ်းမျှ ၇ ရာခိုင်နှုန်းဝန်းကျင်နဲ့ ဖွံ့ဖြိုးတိုးတက်ခဲ့ဖူးပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက်မှာတော့ အဲဒါတွေနဲ့ ဆန့်ကျင်ဘက်ဖြစ်သွားပြီး နိုင်ငံရဲ့ GDP လည်း ထိုးကျသွားခဲ့ပါတယ်။











